သေဒဏ်ချမှတ်တဲ့ နိုင်ငံအနည်းအကျဉ်းမှာ မြန်မာနိုင်ငံပါဝင်
သေဒဏ်ပယ်ဖျက်ထားတဲ့ ကမ္ဘာ့ ၁၀၈ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံမပါဘဲ ၁၉၉၀ ပြည့်နှစ် ကတည်းက မကျင့်သုံးခဲ့ပေမယ့် အာဏာသိမ်း စစ်ကောင်စီလက်ထက်ရောက်မှ သေဒဏ် ဆိုတဲ့အမိန့်နဲ့ လူထုကို ခြိမ်းခြောက်လိုက်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် စစ်တပ်ကို ဆန့်ကျင်တဲ့ လူ လေးယောက် သေဒဏ်ချမှတ်ခံရပြီး ပြင်ဆင်ချက်လျှောက်ထားလွှာနဲ့ အသနားခံစာတွေ ပလပ်လိုက်တဲ့အတွက် အခြေခံ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ကုလသမဂ္ဂ အပါအဝင် အကဲခတ်တွေက စစ်ကောင်စီကို ဝေဖန်ကြပါတယ်။
ကိုယ်တိုင်လည်း သေဒဏ်ချမှတ်ခံရတာကလွတ်မြောက်ခဲ့တဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဦးလင်းသန့်ကတော့ စစ်ကောင်စီဟာ လူထုက ရွေးချယ်တင်မြှောက်ထားတာမဟုတ်လို့ သေဒဏ်ပေးပိုင်ခွင့်မရှိဘူးလို့ ထောက်ပြပါတယ်။
"အချိန်ကိုက် ဖန်တီးမှုတစ်ခုလို့ပဲ မြင်ပါတယ်။ ဥပဒေအကြောင်းအရသာ သွားမယ် ဆိုရင် အခုအချိန်မှာ သေဒဏ်ကျ ကြိုးသမားတိုင်းဟာ လက်တွေ့ ကွပ်မျက်ခံရဖို့ဆိုတာ မရှိနိုင်ပါဘူး။ ဒီစစ်ကောင်စီက ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ တစ်ရပ်လည်း မဟုတ်တဲ့ အတွက်ကြောင့် သေဒဏ်စီရင် အပြစ်ပေးပိုင်ခွင့် ကွပ်မျက်ပိုင်ခွင့် မရှိပါဘူးဆိုတာကို ကျနော် ပြောချင်ပါတယ်"
မြန်မာနိုင်ငံက စစ်ခုံရုံးတွေကနေ ခုလို သေဒဏ်ချမှတ်တာပါ။ ဒါကြောင့်လည်း တရား မျှတမှုမရှိတဲ့ စစ်ဆေးစီရင်မှုလို့ AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပြီး စိုးရိမ်ဖွယ်ရာ များပြားလာတယ်လို့ ဆိုပါတယ်။
ကမ္ဘာမှာ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ အီရန်၊ အီဂျစ်နဲ့ ဆော်ဒီအာရေဗျ အပါအဝင် သေဒဏ်မိန့်ချမှတ်တဲ့ နိုင်ငံအနည်းစုထဲ မြန်မာ ပါဝင်ပါတယ်။ ခေါင်းဖြတ်၊ လျှပ်စစ် ကုလားထိုင်နဲ့ အဆုံးစီရင်၊ ကြိုးပေး၊ ဆေးထိုးတာနဲ့ သေနတ်နဲ့ပစ်ခတ် အဆုံးစီရင်တဲ့ နည်းတွေသုံးပြီး အကျဉ်းသားတွေကို ကွပ်မျက်ပါတယ်။
၂၀၂၁ မှာ ၁၈ နိုင်ငံက လူ အနည်းဆုံး ၅၇၉ ယောက် သေဒဏ်ချမှတ်ခံရပါတယ်။ ဒါဟာ ၂၀၂၀ ကထက် ၉၆ ယောက်ပိုများတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ၁၉၇၇ မှာ ၁၆ နိုင်ငံပဲ သေဒဏ်ချမှတ်ခဲ့ပြီး ၂၀၂၁ ကုန်ပိုင်းမှာ ၁၀၈ နိုင်ငံမှာ သေဒဏ် အမိန့်ချမှတ်တယ်လို့ AI ကပြောပါတယ်။
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းဖော်ပြရမယ်ဆိုရင် စစ်တပ်အာဏာ သိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ မေ ၁၉ ရက်နေ့အထိ တစ်နှစ်ကျော်အတွင်း စစ်ခုံရုံးကနေ လူ ၁၁၄ ယောက်ကို သေဒဏ်ချမှတ်ပြီး ၇၈ ယောက်ကို ထောင်ဒဏ် ခုနစ်နှစ်ကနေ ထောင်တစ်သက် ပြစ်ဒဏ်ချမှတ်ထားပါတယ်။
AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ ဇွန် ၃ ရက်နေ့ စာရင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က လူ ၁၈၈၇ သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ လူ ၁၃,၉၅၉ ယောက် ဖမ်းဆီးခံရတဲ့ထဲ ၁၀,၉၀၃ ယောက်ကို ဖမ်းဆီးထားတုန်းပဲဖြစ်ပြီး ၃၀၃၅ ယောက် ပြန်လွတ်မြောက်ပါတယ်။
စစ်ကောင်စီဟာ ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်တာ၊ ရွာတွေ မီးရှို့နေတာတွေ မလျှော့တဲ့အပြင် ကမ္ဘာ့နိုင်ငံအများစုက စွန့်ပယ်တဲ့ သေဒဏ်မိန့်ပါချမှတ်ပါတယ်။
ခုလို သေဒဏ်ချမှတ်တာကို ကမ္ဘာက ပယ်ဖျက်တဲ့ လမ်းကြောင်းသွားနေပေမယ့် ၂၀၂၁ မှာ သေဒဏ်ချမှတ်တဲ့ အမှုတွေတိုးလာတာမို့ သေဒဏ်မိန့် ပယ်ဖျက်ဖို့ တိုက်တွန်းတာတွေ နောက်ဆုတ်သွားချိန် မတိုင်သေးဘူးဆိုတာ သတိပေးလိုက်တာပဲလို့လည်း မေလက ထုတ်ပြန်တဲ့ AI အစီရင်ခံစာမှာ ပါရှိပါတယ်။
အမေရိကားမှာ ၂၀၂၁ တုန်းက သေဒဏ်စီရင်မှု ၃၅ % ကျဆင်းခဲ့ပါတယ်။ သမ္မတဟောင်း Donald Trump လက်ထက်က အငြင်းပွားဖွယ် သေဒဏ်မိန့်တွေကို လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်က ဆိုင်းငံ့မိန့်ထုတ်ပြန်ထားတာလည်း ရှိပါတယ်။
မြန်မာ့အိမ်နီးချင်းတရုတ်နိုင်ငံမှာ ၂၀၀၇ ခုကစလို့ နှစ်စဉ် အနည်းဆုံး လူ ၈၀၀၀ ကွပ်မျက် ခံရတယ်လို့ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ သေဒဏ်ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံက ကွပ်မျက်ခံရသူဦးရေဟာ တစ်ကမ္ဘာလုံး ကွပ်မျက်ခံရသူစုစုပေါင်းရဲ့ ၉၀ % လောက်ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။ မြောက်ကိုရီးယားနဲ့ ဗီယက်နမ်နိုင်ငံမှာလည်း သေဒဏ်ချမှတ်စီရင်ပါတယ်။
ဒီနှစ် မတ်မှာ တစ်ရက်တည်းမှာတင် ဆော်ဒီအာရေဗျနိုင်ငံမှာ လူ ၈၁ ယောက် သေဒဏ်စီရင်ခံရပါတယ်။
အီရန်မှာ ၂၀၁၇ က စလို့ လူ ၃၁၄ ယောက် ကွပ်မျက်ခံရပါတယ်။ အများစုက မူးယစ်ဆေးဝါးမှုနဲ့ ဆက်နွှယ်တယ်လို့ AI က ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ လူထုက ရွေးကောက်တင်မြှောက်တဲ့ အစိုးရကို ဖြုတ်ချရုံမက ခေါင်းဆောင်တွေ ဖမ်းဆီးလိုက်တဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို သေဒဏ်မိန့်ချမှတ်တာပဲ ဖြစ်ပါတယ်။