စစ်ကောင်စီဆန့်ကျင်သူတွေကို သေဒဏ်ပေးနိုင်တဲ့ပုဒ်မတွေနဲ့ အရေးယူတာတွေ ပိုများလာ
2023.10.23

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အောက်တိုဘာ ၂၃ ရက်နေ့အထိ စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့သူ ၁၆၃ ဦးရှိပြီး အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံနေရသူ ၁၂၀ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။ သေဒဏ်ချမှတ်ခံရသူတွေထဲမှာ စစ်ကောင်စီက ဖမ်းမမိသေးဘဲ လွတ်မြောက်နေသူလည်း ၄၃ ဦးရှိပါတယ်။ ဖမ်းမမိသူတွေကို မျက်ကွယ်သေဒဏ်ချမှတ်ထားတာလို့ AAPP က ဆိုပါတယ်။
အခုနောက်ပိုင်း စစ်ကောင်စီက ထောင်ဒဏ်နှစ်ရှည်ချလာတာ ပိုများလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ AAPP တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ စာရင်းအရ သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂၀ ရှိပြီ။ ပုဒ်မတွေကတော့ အများစုက အကြမ်းဖက်တွေ၊ လူသတ်မှုတွေနဲ့ စွဲတဲ့ပုဒ်မတွေနဲ့ ချတာများတယ်။ နောက် ဒီဘက်နောက်ပိုင်းမှာ ထောင်ဒဏ် နှစ်ရှည်ချတာတွေ၊ ပြစ်ဒဏ်အကြီးတွေချတာတွေ တဖြည်းဖြည်းနဲ့ ပိုပြီးများလာတယ်"
သေဒဏ်ချမှတ်ခံရသူတွေထဲမှာ ရန်ကုန်တိုင်းက အများဆုံးလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲဖမ်းဆီးခံထားရသူ ခုနစ်ဦးကို ဖျာပုံခရိုင်တရားရုံးက သေဒဏ်ချလိုက်တဲ့အပြင် နောက်ထပ် ခုနစ်ဦးကိုလည်း နှစ်ရှည်ထောင်ဒဏ် ချလိုက်ပါတယ်။
"သေဒဏ်ချခံလိုက်ရတဲ့ ခုနစ်ယောက်က ၂၀ ရက်နေ့က ချခံလိုက်ရတာ၊ ပုဒ်မက ၃၀၂ (၁)ခ နဲ့ သေဒဏ်ချတာ၊ ကျန်တဲ့ ခုနစ်ယောက်ကတော့ ပုဒ်မတွေက နည်းနည်းများတယ်၊ သူတို့တွေက ဘယ်လို ကျသွားလည်းဆိုတော့ နှစ်တွေက ၅၅ နှစ်ရှိမယ်၊ ၃၅ နှစ်ရှိမယ်၊ ငါးနှစ်တွေရှိမယ်၊ ကျန်တဲ့ ခုနစ်ယောက်က" လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖျာပုံဒေသခံတစ်ဦး ပြောသွားတာပါ။
လူသတ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁) ခ နဲ့ သေဒဏ်ချမှတ်ခံထားရသူတွေဟာ ကိုဝဏ္ဏထွန်း၊ ကိုစံလင်းစံ၊ ကိုကိုအောင်၊ ကိုကျော်ဆန်းဦး၊ ကိုသူရဖြိုး၊ ကိုထွန်းထွန်းဦးနဲ့ ကိုအောင်မိုးမြင့်တို့ ဖြစ်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)၊ ၅၀ (ဈ)၊ ၅၂ (က) တို့နဲ့ ဖမ်းဆီးခံထားရတဲ့ ကိုဟိန်းသူလွင်၊ ကိုဝင်းမြတ်သိန်းဇော်၊ ကိုကောင်းစည်သူ၊ ကိုကျော်ကိုကို၊ ကိုဇော်မြင့်သူ၊ ကိုကျော်သူရ၊ ကိုရဲဇော်ထက်တို့ကိုလည်း ထောင်ဒဏ် ငါးနှစ်ကနေ ၅၅ နှစ်အထိ ပြစ်ဒဏ်အသီးသီးချထားတယ်လို့ ဆိုပါတယ်။
သူတိုဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ် ၂၈ ရက်ကနေ စက်တင်ဘာ ၃ ရက်နေ့အတွင်း ဖမ်းဆီးခံရတာလည်း ဖြစ်ပါတယ်။
သူတို့အားလုံးကို Black Dragon Force Pyapon အမည်ရ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ စစ်ကောင်စီက ၂၀၂၂ စက်တင်ဘာ ၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာ ၂၈ ရက်ကလည်း ဘိုကလေးမြို့နယ်က ကိုကျော်မိုးလွင်၊ ဦးဝင်းဌေးနဲ့ မအူပင်မြို့နယ်က ကိုဝေယံကျော်တို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဖြစ်ကြောင်းနဲ့ လူသတ်မှုကျူးလွန်တယ်လို့ စွပ်စွဲပြီး ဖျာပုံခရိုင်တရားရုံးကနေ သေဒဏ်ချခဲ့ပါတယ်။
စက်တင်ဘာ ၁၂ ရက်ကလည်း ဘိုကလေးမြို့နယ် ဒေသခံတွေဖြစ်တဲ့ ဇော်ဝင်းထွန်း၊ ကိုနိုင်ဝေလင်း၊ ကိုမင်းသူအောင်နဲ့ ကိုပြည့်စုံဖြိုးတို့ကို အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖျာပုံခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၁)(ခ) နဲ့ သေဒဏ်ချမှတ်ခဲ့ပါတယ်။

ဖျာပုံခရိုင်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) ဖြစ်ကြောင်းစွပ်စွဲပြီး လူသတ်မှုကျူးလွန်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄ ဦးရှိပြီလို့ ဖျာပုံဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုသပိတ်တွေအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ အောက်တိုဘာ ၁၀ ရက်နေ့အထိ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံနေရသူ စုစုပေါင်း (၈၈၂) ဦး အမျိုးသမီး ၁၃၄ ဦးနဲ့ အမျိုးသား (၇၄၈) ဦး ရှိတယ်လို့ AAPP စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီအထဲမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ ၅၀ ဦးနဲ့ သေဒဏ်ချမှတ်ခံထားရသူ လေးဦး ရှိတယ်လို့လည်း ဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက သေဒဏ်တစ်သက်တစ်ကျွန်း ကျနိုင်တဲ့ပုဒ်မတွေသုံးပြီး အခုနောက်ပိုင်း တရားစွဲဆိုလာတယ်လို့ စစ်ကိုင်းဖိုရမ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေက ပြောပါတယ်။
"ကျွန်တော်တို့ စစ်ကိုင်းတိုင်းမှာပေါ့။ အခုနောက်ပိုင်းဆိုရင်တော့ အကြမ်းဖက်ပုဒ်မပေါ့ဗျာ။ ပုဒ်မ ၅၂ တို့နဲ့ စွဲတာ ရှိတယ်။ နောက်တစ်ခါ နိုင်ငံတော်ပုန်ကန်မှုပေါ့၊ ပုဒ်မကြီးတွေနဲ့ တရားစွဲဆိုလာတာရှိတယ်။ရှေ့ပိုင်းတုန်းကတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ တို့နဲ့ စွဲတာရှိတယ်။ နောက်ပိုင်းမှာ အဲဒါတွေနဲ့ မစွဲတော့ဘူး၊ အကြမ်းဖက်မှုပုဒ်မတို့ နိုင်ငံတော်ပုန်ကန်မှုတို့လို သေဒဏ် တစ်သက်တစ်ကျွန်းထိုက်တဲ့ ပုဒ်မတွေတပ် တရားစွဲဆိုနေတာမျိုး ရှိပါတယ်ဗျ"
အခုနောက်ပိုင်း သေဒဏ်၊ တစ်သက်တစ်ကျွန်းကျနိုင်တဲ့ ပုဒ်မတွေသုံးပြီး စစ်ကောင်စီက တရားစွဲဆိုလာတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလမှာ သတင်းမီဒီယာတွေက မေးမြန်းရာမှာတော့ သေဒဏ်နဲ့ထိုက်တဲ့ ပြစ်ဒဏ်တွေကျူးလွန်ထားတဲ့သူတွေကို သေဒဏ်စီရင်တာတွေ ဆက်လုပ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။
ကိုဂျင်မီ၊ ကိုဇေယျာသော်တို့အပါအဝင်လေးဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၄ ရက်နေ့မှာမှ ပြစ်ဒဏ်စီရင်ပြီးကြောင်း သတင်းစာတွေကနေ ကြေညာခဲ့ပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက် (ဝါဆိုလပြည့်နေ့) က အကျဉ်းသားတချို့ကို လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ရာမှာတော့ သေဒဏ်ချခံထားရသူတချို့ကိုလည်း ထောင်ဒဏ်တစ်သက်ကို ပြောင်းလဲလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ထောင်ဒဏ်တစ်သက်ပြောင်းလဲလိုက်တဲ့ အရေအတွက်ကိုတော့ ထည့်သွင်းပြောဆိုခဲ့တာမရှိပါဘူး။