အာဏာသိမ်းပြီးနောက် စစ်တလင်းဖြစ်သွားတဲ့ ဒီးမော့ဆို
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး တစ်နှစ်ကြာလာတဲ့အချိန်မှာ ကယားပြည် နယ်က လူဦးရေ ထက်ဝက်ကျော်ဟာ စစ်ဘေးဒုက္ခသည်အဖြစ်ကို ရောက်ရှိနေကြရ တယ်လို့ ဒေသခံ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။
ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်ရဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ လူဦးရေ သုံးသိန်းကျော်ရှိတဲ့ ကယားပြည်နယ်မှာ လူပေါင်း တစ်သိန်းရှစ်သောင်းနီးပါး လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။
"စစ်စဖြစ်တဲ့အချိန်မှာ အခုဒီနောက်ပိုင်းဆို ငွေတောင်ဆည်ဆို ဘာမှရစရာမရှိဘူး လူအသွားအလာလည်း မရှိဘူး"
စစ်တပ်ကအာဏာသိမ်းပြီးနောက် ဒီးမော့ဆိုမြို့ကနေ စတင်လာခဲ့တဲ့ အာဏာရှင်တော်လှန် ရေး စစ်ပွဲတွေဟာ ဖရူဆိုနဲ့ အခု လွိုင်ကော်မြို့အထိ ကူးစက်နေပါတယ်။
စစ်အာဏာသိမ်းပြီး နိုင်ငံတစ်ဝန်း လူထုအုံကြွမှုတွေ ပေါ်ပေါက်လာချိန်မှာပဲ ဒီးမော့ဆိုမြို့ မှာလည်း ပြည်သူတွေက လူထုသပိတ်တွေ ဆင်နွှဲခဲ့ကြတာပါ။ အဲဒီနောက် မေလ ၂၁ ရက်နေ့မှာ ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ ဆန္ဒပြပြည်သူတွေကို အကာအကွယ်ပေးနေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား ထိပ်တိုက်တွေ့ ခဲ့ရာကနေ တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပါတယ်။
အခုတော့ စစ်တလင်းပြင်ဖြစ်လာခဲ့တဲ့ ဒီးမော့ဆိုမြို့မှာ လူသူကင်းမဲ့ပြီး ခြောက်ကပ်နေ တယ်လို့ ဒီးမော့ဆိုမြို့ပေါ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဦးမော့ရိုက ပြောပါတယ်။
“အာဏာသိမ်းပြီးတော့ မေလပိုင်းမှာ အဲမှာစစ်စဖြစ်တဲ့အချိန်မှာ အခုဒီနောက်ပိုင်းဆို ငွေတောင်ဆည်ဆို ဘာမှရစရာမရှိဘူး လူအသွားအလာလည်း မရှိဘူး။ ဖြတ်သွားဖြတ် လာလည်း သိပ်မရှိဘူး။ စည်ကားခြောက်ကပ် သွားတာပေါ့။ ငါမျှားဆို အရင်ကဆို ငွေတောင်ဆည်ဆို ငါးမျှားကန်သိတဲ့အတိုင်းပဲ စည်စည်ကားကားနဲ့ လူစည်အုံလိုက် ငါးမျှားနေကြတာ နောက်ပိုင်း ငါးမျှားဖို့ အခွင့်ကို မရှိတော့ဘူး”
ငွေတောင်ဆည်ဟာ ကယားပြည်နယ်မှာ အထင်ကရနေရာတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ အများအပြား လာရောက်လည်ပတ်တဲ့ နေရာတစ်ခုပါ။
ပထမဆုံး တိုက်ပွဲအတွင်းမှာပဲ အဲဒီငွေတောင်ဆည်နဲ့ ဒီးမော့ဆိုမြို့ဟာ ပြည်သူတွေရဲ့ ရုပ်အလောင်းတွေနဲ့အတူ အနိဌာရုံမြင်ကွင်းတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ငွေတောင်ရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ (၄၂၇)၊ ခလရ (၁၀၂) တပ်ရင်းတွေကနေ ပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ နေအိမ်တွေသာမက ပြည်သူတွေခိုလှုံနေတဲ့ ဘုရား ကျောင်းပေါ်တွေကိုပါ ထိမှန်တဲ့အတွက် ပြည်သူတွေ အသက်လုပြေးခဲ့ကြရတာပါ။
ဒေသခံအရပ်ဘက်အဖွဲ့တွေရဲ့ပြောဆိုချက်အရ အဲဒီအချိန်က တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့နယ်ထဲက ဒေသခံ ခုနစ်သောင်းလောက် ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီ ဒုက္ခသည်တွေကတော့ ဒီနေ့အထိ နေရပ်မပြန်နိုင်သေးပါဘူး။
အခုတော့ လူသူမနေတော့တာ လပေါင်းများစွာကြာခဲ့ပြီဖြစ်လို့ အိမ်တွေလည်း ချုံနွယ်တွေနဲ့ ဖုံးလွှမ်းနေပြီလို့ ဒီးမော့ဆိုမြို့ပေါ်က ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေါ်ကာဗြေးလ က ပြောပါတယ်။
“နည်းနည်းပြန်လို့ရတယ် သူများပြောတာနဲ့ ချက်ချင်းပြန်ချင်တဲ့ အမျိုးပေါ့နော်။ အဲဒါနဲ့ပြန်ခါကျတော့၊ ပြန်ရောက်ခါကျတော့ အား ချုံကတော့ စပါယ်ရှယ်ထူတာ ပေါ့နော်။ ချုံအရင်ဆုံး ရှင်းတယ်။ မရှင်းသေးဘူး ချုံတွေ ကြည့်ပြီးတော့ ဝမ်းနည်း တာပေါ့နော်။ ချုံတွေ ထူလိုက်ပါလားနော်ပေါ့။ နောက်ပြီး သူများအိမ် အနီးအနား လိုက်လေ့လာကြည့်တယ်။ ဘယ်လိုထိပါးသွားလဲပေါ့နော် အဲမှာနည်းနည်းပါးပါး လိုက်ကြည့်တာပေါ့။ သူများအိမ်တော့ တော်တော်လေး ပေါက်တာတို့ ရှတာတို့ တအားဖြစ်တာပေါ့ တော်တော်လေးဖြစ်တယ်”
ဒေါ်ကာဗြေးလ ဟာ အရင်က ဒီးမောဆိုမြို့ရဲ့ အစည်ကားဆုံးဖြစ်တဲ့ မြို့မဈေးက ဈေးသည်တစ်ဦးပါ။ အခုတော့ သူရောင်းခဲ့တဲ့ ဈေးဆိုင်ခန်းတွေဟာ လက်နက်ကြီး တွေကြောင့် ပျက်စီးသွားခဲ့ပြီလို့ ဆိုပါတယ်။
ဒီဈေးဟာ ယခင်က တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေ တစ်ပတ်မှာ သုံးရက် ဈေးရောင်း၊ ဈေးဝယ် တွေနဲ့ စည်ကားခဲ့တာပါ။ အခုတော့ အပျက်အစီးတွေကြားမှာ သုသာန်တစ်စပြင်လို တိတ်ဆိတ်နေခဲ့ပါပြီ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ကတော့ ဒီးမော့ဆိုမြို့နယ် မိုဆိုရွာအနီးမှာ ကလေးတွေ အပါအဝင် အရပ်သား ၃၅ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပါတယ်။
ဒေသခံတွေက စစ်ကောင်စီရဲ့ လက်ချက်လို့ပြောပေမယ့် စစ်ကောင်စီကတော့ ငြင်းပါ တယ်။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက သူတို့အနေနဲ့ စည်းမျဉ်းစည်း ကမ်းအတိုင်း ဆောင်ရွက်နေတာလို့ တုံ့ပြန်ပါတယ်။
“ရပ်ကွက်နေရာတွေကို အကာအကွယ်ပြီးတော့ အရပ်ဝတ်တွေနဲ့ တိုက်ခိုက်တယ်။ အောင်မြင်ရင်တော့ နယ်မြေခံ PDF အဖွဲ့က လုပ်တယ်ဆိုပြီးတော့ ပြောတယ်။ မအောင်မြင်ဘူးဆိုရင်တော့ အရပ်သားတွေ သေတယ်လို့ ပြောတယ်။ ဒီကိစ္စတွေက စွပ်စွဲနေကျကိစ္စတွေလို့ပဲ ပြောချင်ပါတယ်။ ကျနော်တို့အနေနဲ့ စည်းမျဉ်းစည်းကမ်း အတိုင်း ဆောင်ရွက်လျှက်ရှိပါတယ်။ လက်တွေ့ကျူးလွန်တာက သူတို့တွေသာဖြစ် ပြီးရင် သေဆုံးမှုရှိတိုင်းမှာ အရပ်သားသေဆုံးတာလို့ ပြောနေတာလို့ ပြောချင်ပါတယ်”
ဒေသခံတွေကတော့ စစ်ကောင်စီရဲ့ပြောဆိုချက်တွေကို လက်မခံဘဲ စစ်ကောင်စီက ကယားပြည်နယ်က ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေခဲ့တာလို့ ပြောကြ ပါတယ်။
လက်ရှိပြည်သူတွေ ကြုံတွေ့နေကြရတာဟာ စစ်အာဏာသိမ်းမှုကြောင့်ဖြစ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်က ပြောပါတယ်။
“အဓိက ကျနော်တို့ ပေးဆပ်နေကြတာပဲ၊ အိုးအိမ်တွေ၊ ကျေးရွာတွေ ပျက်စီးသွားတဲ့ နေရာတွေ ကျနော်တို့ ကရင်နီပြည်နယ်မှ မဟုတ်ပါဘူး။ ကျနော်တို့ တစ်တိုင်းတစ်ပြည် နယ်လုံးမှာ ဖြစ်နေတယ်။ အဲတော့ အဲဒီလိုမျိုး ကိစ္စတွေမှာ ကျနော်တို့က ကိုယ်ချင်းစာ ပြီးတော့မှ ဒီကိစ္စကြီးရဲ့ လုံးဝ ဇစ်မြစ်အဖြေဟာ စစ်ကောင်စီပဲဖြစ်တယ်။ စစ်ကောင်စီ ကျဆုံးသွားမှ အမြစ်ပြတ်သွားမှ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး ကျနော်တို့ လိုချင်တဲ့ လွတ်လပ်ခွင့် ဖြစ်ချင်တဲ့ ဒီဖယ်ဒရယ်ပြည်ထောင်စုတွေ ဖြစ်လာမယ်”

အခုဆိုရင် ဒီးမော့ဆို အပါအဝင် ဖရူဆို၊ လွိုင်ကော်မြို့ပေါ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ် ဖွဲ့တို့က တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေပါတယ်။
ဇန်နဝါရီလ ၆ ရက်နေ့ကနေ့ကတည်းက နေ့စဉ်ရက်ဆက်ဆိုသလို စစ်ကောင်စီတပ်တွေ လေကြောင်းကနေ ပစ်ခတ်နေတာကြောင့် မြို့ပေါ်က နေအိမ်တွေ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေသလို ဒေသခံ ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် အာဏာသိမ်း ၁၁ လနီးပါးကာလ ကယားပြည်နယ်တစ်ခုလုံးမှာ အရပ်သားသေဆုံးမှု ၁၉၈ ဦးအထိရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် (KCSN) ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းကပါ ထိုးစစ်ဆင်နေတာကြောင့် ပြည်သူတွေအတွက် လုံခြုံတဲ့စစ်မဲ့ဇုန်တွေ သတ်မှတ်ပေးဖို့၊ နိုင်ငံတကာ အကူအညီပေးဖို့နိုင်ဖို့အတွက် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းကို ပူးတွဲတောင်းဆိုထားကြပါတယ်။