ဖာပွန်က ရေဘေးသင့် ဒုက္ခသည်စခန်း ထောက်ပံ့မှုတချို့ ရရှိ
2020.09.03
မကြာသေးခင်က သံလွင်မြစ်ရေကြီးခဲ့လို့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်က ဒုက္ခသည်စခန်းတစ်ခုနဲ့ ကျေးရွာ တချို့က နေအိမ်တွေ ရေနစ်မြှုပ်ပျက်စီးသွားခဲ့လို့ ကရင်အရပ်ဖက် အဖွဲ့ အစည်းတွေက ကူညီနေပါတယ်။
သံလွင်မြစ်ရေဟာ ပြီးခဲ့တဲ့သြဂုတ်လ ၂၅ ရက်က စိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်ခဲ့အပြီး ပျက်စီးသွားတဲ့ နေအိမ်တွေကို ကရင်လူမှုအဖွဲ့အစည်းတချို့ရဲ့ အကူအညီတွေနဲ့ ပြုပြင်နိုင်ခဲ့ပြီလို့ ကရင်အမျိုးသမီးအဖွဲ့အစည်း KWO က အတွင်းရေးမှူး နော်ကညောဖောက ပြောပါ တယ်။
ဖာပွန်မြို့အနီး လူပေါင်း၂၀၀၀ ကျော် ခိုလှုံနေတဲ့ အီတူးထ ဒုက္ခသည်စခန်း အိမ်ခြေ ၂၀ နစ်မြုပ်ပြီး အိမ်ခြေ ၄၀ ပျက်စီးခဲ့သလို ရေဘေးသင့်ခဲ့တဲ့နောက်ပိုင်း Relief and Development (KORD) လို့ ခေါ်တဲ့ အဖွဲ့က အထောက်အပံ့တချို့ ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“အီတူးထကတော့ ရပြီ။ ဘာဖြစ်လို့လဲဆိုတော့ KORD ကနေ အိမ်ပြန်ဆောက်ဖို့ ပိုက်ဆံ၊ အိမ်သာပျက်တယ် ဆိုတော့ အိမ်သာခွက်တွေ ရသွားတယ်။ ပြီးတော့ ဆန်လည်းရတယ်။ ဒါကြောင့် သူတို့အတွက်က အခုက တော့ရပြီ၊ လောက်တော့ မလောက်ဘူးပေါ့။ ဒါပေမဲ့ အကူအညီ ရတာပေါ့၊ လာကူတဲ့ လူတွေကလည်း နည်းနည်းပဲ ထောက်ပံ့တယ်ပေါ့နော်၊ သူတို့က ဒီလောက်ပဲ ပေးနိုင်တာပေါ့”
သံလွင်မြစ်ကြောင်းတလျှောက်မှာရှိတဲ့ မယ့်နိုထ၊ ဝဲကြီး၊ ရတ်ထ၊ ဒထ စတဲ့ ကျေးရွာ ဆယ်ခုလောက်က အိမ်တွေလည်း ပျက်စီးတာကြောင့် အကူအညီ လိုအပ်နေသေးတဲ့အတွက် ထောက်ပံ့လိုတဲ့ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ကြောင်း နော်ကညောဖောက ပြောပါတယ်။
“တခြားနေရာတွေလည်း ဖြစ်တယ်။ အဲဒီရွာတွေကတော့ သံလွင်မြစ်တလျှောက်လုံးပေါ့၊ သူတို့ကတော့ အကူအညီ လိုတာပေါ့။ ကျမတို့ကတော့ တတ်နိုင်တလောက်တော့ ကူညီတယ်။ ဒါပေမဲ့ အိမ်တစ်အိမ် ပြန်ဆောက်ရတာ အများကြီး အကုန်အကျရှိတယ်လေ။ ကျမတို့ ပြန်ကူတာက မလောက်ပါဘူး။ အလှူငွေရမှပဲ ကျမတို့ ကူညီလို့ ရတာပေါ့”
အီတူးထဒုက္ခသည်စခန်းရဲ့ ကူညီထောက်ပံ့ရေးကော်မတီ တာဝန်ခံ ပဒိုမန်းမန်းက အမှန်တကယ် လိုအပ် နေတဲ့သူတွေကို ကူညီခဲ့ကြတဲ့အတွက် ပြန်လည်ထူထောင်ရေး အတွက် အဆင်ပြေတယ်၊ အမေ့လျော့ခံတွေ အကြောင်း သတင်းဖော်ပြပေးမှုကလည်း အထောက်အကူ ဖြစ်စေတယ်လို့ ပြောပါတယ်။
KWO နဲ့ KORD အပြင် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လုပ်ရှားမှုကွန်ရက် KASAN က ကူညီခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“အခုကတော့ အဆင်ပြေတယ်လို့ပဲ ပြောရမှာပေါ့နော်။ NGO အဖွဲ့အစည်းတွေနဲ့ တသီးပုဂ္ဂလသော်လည်း ကောင်း ဒီအခြေအနေတွေအပေါ်မှာ အီတူးထ၊ ကမ်းနားတလျှောက် ထိခိုက်တဲ့ လူတွေအပေါ်မှာ ဝိုင်းဝန်း ပြီးတော့ မီဒီယာအရရော၊ ကူညီ ပံ့ပိုးပေးသူတွေကို ကျေးဇူးတင်တယ်လို့ ပြောရမှာပေါ့နော်။ ဒီလိုမျိုး ဝိုင်းဝန်း ကူညီတဲ့အပေါ်မှာ ကျနော်တို့ အားရမှုရှိတယ်လို့ ပြောရမှာပေါ့။ ထိရောက်မှုလည်း အများကြီးရှိတယ်၊ ကျေးဇူးလည်း တင်တယ်လို့ ပြောရမှာပေါ့နော်”
အီတူးထစခန်းဟာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်မဟာ ၅ နယ်မြေထဲမှာ ခိုလုံသူ ၁၃၀၀ ကျော်ရှိပြီး စခန်းကို အထောက်အပံ့ပေးတဲ့ ကူညီမှုတွေ ရပ်ဆိုင်းသွားလို့ ကရင်လူမှုအဖွဲ့ အစည်းတွေရဲ့ အကူအညီတွေနဲ့ ရပ်တည်နေကြတာ ဖြစ်ပါတယ်။
ဒီဒုက္ခသည်တွေဟာ ၂၀၀၆ ခုနှစ်က နေပြည်တော် တည်ဆောက်ရေး စီမံကိန်းကာလအတွင်း နေရပ်ရင်းမှာ နေထိုင်လို့မရတော့တာကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့သူတွေပါ။ ဒါပေမဲ့ ထိုင်းအစိုးရက လက်မခံတဲ့အတွက် အီတူးထ ဒုက္ခသည်စခန်းမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။