ကရင်နဲ့ မွန်မှာ လူ တစ်သောင်းနှစ်ထောင်ခန့် ရေဘေးသင့်
2023.08.07

မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်း ကစလို့ မိုး အဆက် မပြတ် ရွာသွန်းမှုကြောင့် သောင်ရင်း၊ သံလွင်၊ ဘီးလင်း မြစ်ရေတွေဟာ ဩဂုတ်လ ၂ ရက်နေ့ကနေ ဒီနေ့အထိ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေဆဲဖြစ်ပါတယ်။
လက်ရှိမှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ အတွက် လူပေါင်း တစ်သောင်းနှစ်ထောင် နီးပါး ရေဘေးနဲ့ ကြုံတွေ့နေကြရတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူတွေက ပြောပါတယ်။
ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်နဲ့ မြဝတီ မြို့နယ်တွေမှာ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ခြောက်ထောင်နီးပါး (၅၈၆၀ ဦး) ကို ဘေးလွတ်ရာရွှေ့ပြောင်းထားရပြီး အသက်သေဆုံးတာတွေတော့မရှိသေးဘူးလို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်က RFA ကို ပြောပါတယ်။
"အခုလောလောဆယ်ကတော့ အိမ်တွေဘာတွေ ကြမ်းပြင်တွေ ရေမြုပ်တာကလွဲလို့ ရေနစ်သေဆုံးတာတွေဘာတွေ ဘာမှမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီချောင်းရေက တဖြည်းဖြည်း တရိပ်ရိပ်ပဲ တက်လာတာကို။ စိုးရိမ်ရတာက တောင်ကျရေ ဝေါခနဲဆင်းလာတာတို့ အဲလိုမျိုးတွေကတော့ မရှိပါဘူး။ ကရင်ပြည်နယ်မှာ လက်ရှိအခြေအနေထိ သေဆုံးတာတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ၊ တိရစ္ဆာန်တွေကအစ ဘာတစ်ခုမှ ထိခိုက်မှုတော့ မရှိသေးပါဘူး"
သူတို့အနေနဲ့ ရေသေးသင့်ပြည်သူတွေကို ဆန်၊ ဆီ၊ ဆားနဲ့ တစ်အိမ်ထောင်ကို တစ်နေ့ ၂၈၀၀ ကျပ် ထောက်ပံ့ပေးနေတယ်လို့လည်း ဦးစောခင်မောင်မြင့်က ပြောပါတယ်။
"အခုလောလောဆယ်ကတော့ အိမ်တွေဘာတွေ ကြမ်းပြင်တွေ ရေမြုပ်တာကလွဲလို့ ရေနစ်သေဆုံးတာတွေဘာတွေ ဘာမှမရှိပါဘူး"
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်မှာတော့ ဩဂုတ်လ ၃ ရက်နေ့ကစလို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေမြင့်တက်ခဲ့ပြီး မြစ်ကမ်းနားဘေးက ရပ်ကွက်တချို့ကို ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပြောင်းထားရတယ်လို့ ဘားအံခရိုင် မီးသတ်ဦးစီးမှူးရုံးက တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"လက်ရှိကတော့ မြစ်ရေတွေတက်လာတဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေဖွင့်ပြီးတော့ ရေဘေးသင့်တဲ့ ပြည်သူတွေကို ထားတာပေါ့နော်။ လက်ရှိပေါ့နော် ရပ်ကွက် (၁)၊ ရပ်ကွက် (၅) နောက်ပြီး ရပ်ကွက် (၂) ပေါ့။ အဲဒီနေရာတွေက သံလွင်မြစ်နဲ့ ကပ်နေတာဖြစ်တဲ့အတွက် အနိမ့်ပိုင်းမှာနေတဲ့ သူတို့နေအိမ်တွေက နေလို့မရဘူးပေါ့။ လက်ရှိအချိန်အထိတော့ ရေဘေးကြောင့် ထိခိုက်သေဆုံးတော့ မရှိပါဘူးခင်ဗျ။ ဘာစာရင်းမှ မတက်လာသေးဘူး"
အလားတူ မြဝတီမြို့မှာလည်း မြို့ပေါ်ရပ်ကွက်တွေအထိ ရေနစ်မြုပ်နေပြီး ဒီနေ့အထိ ရေပြန်မကျသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။
"မိုးရေနဲ့ ချောင်းရေနဲ့ အပြိုင်ကြီးနေတာ။ မိုးရေကျတော့လည်း လမ်းတွေမြုပ်တယ်။ ချောင်းရေတက်လာပြီဆိုရင်တော့ ကမ်းနားတွေမြုပ်မယ်၊ အဲဒီလိုမျိုးပေါ့။ သွားလာရ ခက်ခဲတာပေါ့နော်။ အဲဒီတစ်ခုပါပဲ။ ရေကတော့ ပြန်တက်ဖို့ပဲရှိတယ်။ မကျသေးဘူး လောလောဆယ်ကတော့၊ တက်ဖို့ပဲရှိတယ်။ မိုးကအဆက်မပြတ်ဘူး ဆယ်ရက် ကျော်နေပြီ"
လက်ရှိ မြဝတီမြို့ပေါ်တစ်ခုတည်းမှာ ကယ်ဆယ်ရေးစခန်း ငါးခုဖွင့်ထားပြီး ရေဘေး ဒုက္ခသည် ၁၅၀၀ ကျော် ရှိနေတယ်လို့ သူကပြောပါတယ်။
မြဝတီမြို့မှာ လက်ရှိ မိုးဆက်ရွာနေပြီး ရေကြီးရေလျှံမှုဆက်ဖြစ်နေတဲ့အတွက် စားသောက်ရေးအပြင် နေထိုင်ရေးအခက်အခဲတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိစားသောက်ရေးအတွက် မြို့ခံတွေနဲ့ အလှူရှင်တွေ၊ စစ်ကောင်စီအဖွဲ့တွေရဲ့ ထောက်ပံ့တာတွေနဲ့ စားသောက်နေရပေမယ့် ရေရှည်မလွယ်ဘူးလို့ ရေဘေး ရှောင်နေသူတွေက ပြောပါတယ်။
ရေကြီးနစ်မြုပ်တဲ့နောက်ပိုင်း ကုန်ဈေးနှုန်းတွေ ပိုကြီးမြင့်လာတဲ့အပြင် ဒီနေ့မနက်ပိုင်းမှာ ဆိုရင်လည်း မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီး၊ တောနော်ရေတံခွန်နားမှာ လမ်းမြေပြိုမှု ထပ်ဖြစ်တဲ့အတွက် ဒီမနက်မှာပဲ ကုန်ဈေးနှုန်းတွေ ဈေးထိုးတက်နေတယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။
မြဝတီမြို့နယ်ထဲက အာရှလမ်းမမှာလည်း မြေပြိုမှုတွေ၊ ရေကြီးနစ်မြုပ်မှုတွေရှိနေတယ် လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
မြဝတီမြို့နယ် တောင်ပိုင်းမှာတော့ စစ်ဘေးဒုက္ခသည်စခန်း ငါးခုထက်မနည်းရှိနေပြီး အဲဒီထဲက စခန်းတချို့ဟာ သောင်ရင်းမြစ်အနီးရှိနေတာကြောင့် ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ်ထဲမှာတော့ ဇူလိုင်လကုန်ကစလို့ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ မြစ်ရေကြီးမှု ကြောင့် ရေဘေးဒုက္ခနဲ့ ကြုံနေရသူ ခြောက်ထောင်ကျော် (၆၁၂၉ ဦး) ရှိနေပြီး ရေဘေးကယ်ဆယ်ရေးစခန်းအချို့ ဖွင့်လှစ်ထားရဆဲ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ ဒေါက်တာအောင်မြတ်ကျော်စိန်က RFA ကို ပြောပါတယ်။
"ဒီရေကျော်တာတွေ ရှိတာပေါ့။ ကားလမ်းရေကျော်တာတွေရှိတယ်။ ကားငယ် ဖြတ်သွားလို့ မရတာတွေရှိတယ်။ အခုအခြေအနေကတော့ ကျွန်တော်သိသလောက် မနေ့ကတော့ ကားတော်တော်များများတော့ ပုံမှန်တော့ ဖြတ်နေပြီပေါ့။ ဒါကတော့ မော်လမြိုင် - ရန်ကုန် ကားလမ်းကျော်တာပေါ့။ နောက်တစ်ခါကျတော့ ဟိုဘက် ရေမြုပ်တဲ့ တချို့ရွာတွေ ရှိတယ်။ တချို့တော့ အိမ်ပြန်သွားကြပြီ။ တချို့တော့ ကယ်ဆယ်ရေးစခန်း ရှိနိုင်သေးတယ်၊ တချို့ ရေနက်တဲ့နေရာတွေပေါ့နော်"
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲမှာတော့ ရေကြီးရေလျှံမှုကြောင့် နေအိမ် ရေနစ်မြုပ်တာတွေ ရှိခဲ့ပြီး အခုတော့ ရေကျစပြုနေပြီလို့ မြို့ပေါ်မှာ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ စုစည်းအားမာန်အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အဆောက်အအုံဆုံးရှုံးသွားတာဆို ရေမြုပ်သွားတာ တစ်ခုပဲ။ တချို့က အချိန်မီပြောင်းရွှေ့လို့ရတယ်။ ဒီမှာက မြစ်ဘက်ကပ်တော့လေ ပြောင်းရွှေ့လို့မရခင် မြုပ်သွားမှာပဲ။ အနိမ့်ပိုင်းက အနိမ့်ဆုံးအိမ်တွေလောက်ပဲ မြုပ်တာ။ အပေါ်ထပ်၊ အောက်ထပ်ရှိတဲ့အိမ်ဆို အောက်ထပ်တော့ မြုပ်တာပေါ့ အဲဒီလိုမျိုး။ အခုတော့ ရေကျသွားတဲ့အတွက် အိမ်တွေ သန့်ရှင်းရေးလုပ်ဖို့ ပြန်တဲ့သူက ပြန်ကုန်ပါပြီ"
ဘီးလင်းမြို့ပေါ်က စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ အားကစားခန်းမတွေမှာ ကယ်ဆယ်ရေးစခန်း ၂၄ ခုကို ဖွင့်လှစ်ထားပြီး နေရပ်မပြန်နိုင်သေးသူတွေလည်း ရှိနေတယ်လို့ သူကပြောပါတယ်။
လက်ရှိမှာတော့ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၂ ဒဿမ ၇ ပေ၊ သံလွင်မြစ်ရေက စိုးရိမ်ရေမှတ်အထက် ၂ ဒဿမ ၄ ပေ၊ ဘီးလင်းမြစ်ရေက စိုးရိမ်ရေမှတ် အထက် ၁ စင်တီမီတာကို ရောက်ရှိနေဆဲဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဩဂုတ်လ ၇ ရက်နေ့ နေ့လယ်ပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။