ဂူတာပြင် စစ်ခုံရုံးတရားခွင်နဲ့ ပွင့်လင်းမြင်သာမှု

သန့်ဇင်ဦး
2020.01.09
gutarpyin-court-622.jpg ဂူတာပြင်သတ်ဖြတ်မှုကို ဘူးသီးတောင်တပ်ရင်းက စစ်တရားရုံးမှာ ၂၀၁၉ နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ကြားနာစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာတရားရုံး ICJ မှာ လူ့အခွင့်အရေး ချိုးဖောက် တဲ့ တပ်မတော်သားတွေကို ပြည်တွင်းစစ်ဘက်တရားရုံးမှာ စစ်ဆေးနေတာကို စောင့်ကြည့်ဖို့ နိုင်ငံတကာ တရားသူကြီး ၁၇ ယောက် ရှေ့မှောက် မှာ ပြောဆိုခဲ့ပါတယ်။

ဂူတာပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု စစ်တရားရုံးကြားနာမှုကို ဘူးသီးတောင် နယ်မြေခံတပ်ရင်းထဲမှာ ၂၀၁၉ နိုဝင်ဘာလမှာစတင်ခဲ့ပါတယ်။ ဒါဟာ  ၂ နှစ်အကြာမှ စတင်နိုင်တဲ့ စစ်ဘက်တရားရုံးစီရင်ရေးဖြစ်ပါတယ်။

စစ်ဆေးမှု၊ ကြားနာမှုတွေကို တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်တာ အနည်းဆုံး သုံးကြိမ်ရှိပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ထုတ်ပြန်ချက်တွေမှာ အရေးယူခံရတဲ့ တပ်မတော်သား၊ အရာရှိ၊ ဘယ်နှစ်ယောက်ဆိုတာ ဖော်ပြခြင်းမရှိသလို၊ တရားလိုနဲ့ တရားလိုပြထွက်ဆိုချက်တွေက ဘာတွေ ဖြစ်သလဲဆိုတာ ရှင်းပြခြင်း လုံးဝ မရှိပါဘူး။ စစ်ဆေးတာ နိုဝင်ဘာကနေ ဒီဇင်ဘာအထိ ငါးကြိမ်ရှိခဲ့ပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

တပ်မတော်ရဲ့သတင်းထုတ်ပြန်ချက်မှာ ဘူးသီးတောင်နယ်မြေခံတပ်ရင်းမှာ စစ်ဆေးနေပြီး အဲဒီစစ်ဆေးမှုကို လာရောက်နားထောင်တဲ့ ဒေသခံ ၂၆၄ ယောက်ရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် ထွက်ဆိုခဲ့သူ အရေအတွက်၊ အမည်တွေ၊ တရားခံဘက်က တင်သွင်းမယ့် တရားခံပြသက်သေ အရေအတွက်တွေကိုလည်း ထုတ်ဖော်ပြော ကြားထားတာ မရှိသေးပါဘူး။

တပ်မတော်က အရပ်သားတွေ ဝင်ရောက်လေ့လာနိုင်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ မြေပြင်မှာ လက်တွေ့နေထိုင်သူ တချို့ရဲ့ ပြောဆိုချက်က ဆန့်ကျင်ဖက်ပါ။

အမည်မဖော်လိုသူ ဂူတာပြင်ဒေသခံတစ်ယောက်က အဲတာတွေဟာ လိမ်နေတာလို့ ဆိုပါတယ်။

"ဘူးသီးတောင်ဗျူဟာမှာ သူတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေခေါ်ပြီးတော့လေ အနီးအနားက အုပ်ချုပ်ရေး မှူးတွေခေါ်ပြီးတော့လေ အဲလိုခိုင်းတာပေါ့၊ ဒီလိုဒီလိုလုပ် ဒီလိုဒီလိုပြော သူတို့ဆီကလာမေးရင်၊ အဲလိုမျိုး လိမ်တာပါ၊ အဲလိုမျိုးခေါ်ပြီးတော့ ဂူတာပြင်မှာ ဘာတစ်ခုမှမဖြစ်ဘူး လိမ်တာပေါ့"


ဘူးသီးတောင်နယ်မြေတပ်ရင်းမှာ စစ်တရားရုံးဖွင့်ပြီး အမှုစစ်ဆေးနေတာကို သိသလားလို့ ဂူတာပြင်ကျေးရွာ ကဒေသခံ နောက်ထပ်နှစ်ယောက်ကို RFA ကဆက်သွယ်မေးမြန်းတဲ့အခါ ဖြေဆိုခြင်းမရှိပါဘူး။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကို မေးကြည့်တဲ့အခါမှာလည်း ဘယ်နေရာမှာ စစ်ဆေးနေသလဲတောင်မသိဘူးလို့ ပြောပါတယ်။

"ကျွန်တော်တို့က ဘယ်နေရာမှာ လုပ်တယ်ဆိုတာတောင်မသိဘူး၊ ဘယ်နေရာမှာ ဘယ်တပ်မှာ လုပ်နေတယ်ဆို တာတောင်မသိဘူး၊ ဘာမှမကြားဘူး၊ သတင်းမှာတော့တွေ့တာပဲ၊ ဒီမှာကျွန်တော်တစ်ရက် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနကို မေးကြည့်တယ် သူတို့လည်းဘာမှမသိဘူး၊ အမှန်တော့ ဒါက မှန်မှန်ကန်ကန်ပွင့်ပွင့် လင်းလင်း လူထုကိုပြောဖို့လိုတာပေါ့လေ၊ ထွေအုပ်တောင်မသိဘူး၊ ကျွန်တော်တို့ကိုလည်း ဘာမှမပြောတော့ ကျွန်တော်တို့ ဘယ်လိုလုပ်သွားမလဲ။"

တပ်တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဂူတာပြင်အမှုကို ၂၀၂၀ နှစ်ဆန်းပိုင်းမှာ အပြီးစစ်မယ်လို့ RFA ကိုပြောဆိုထားပါတယ်။

“တရားလိုပြသက်သေတွေကတော့ ကုန်ခါနီးပြီလို့ ပြောလို့ရတယ်။ တရားလိုပြသက်သေတွေကတော့ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ ပြီးသွားလိမ့်မယ်။ ဒီကျန်တဲ့ဟာတွေကလည်း ကျွန်တော်တို့ စစ်တရားရုံး ထိုင်တဲ့အချိန်မှာ အမြန်ပြီးပြတ်အောင် ဆက်လက်ဆောင်ရွက်လျှက်ရှိပါတယ်။”

အမှုဖြစ်စဉ်အတွက် ဖမ်းဆီးထိန်းသိမ်းထားတဲ့အထဲမှာ အရာရှိနဲ့ အခြားအဆင့်ပုဂ္ဂိုလ်တွေပါဝင်ပြီး အရေအတွက် ကို ထုတ်ပြောလို့မရသေးဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။ တပ်မတော်ဘက်ကတော့ ဂူတာပြင် ဖြစ်စဉ်မှာ အသတ်ခံရသူ ၁၉ ယောက်ပဲ ရှိတယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် အဲဒီ ၁၉ ယောက်ဟာ အကြမ်းဖက် သမားတွေလို့ ၂၀၁၉ စက်တင်ဘာလတုန်းက RFA ကို ပြောထားပါတယ်။

စစ်ဘက်တရားစီရင်ရေးလုပ်ပြီးတော့ အပြစ်ပေးအရေးယူတာ၊ ရခိုင်မြောက်ပိုင်း ၂၀၁၇ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးယူတာ ဒါဟာ ဒုတိယကြိမ်မြောက်ဖြစ်ပါတယ်။ ထင်ရှားတဲ့ပထမအမှုကတော့  မောင်တောတောင်ပိုင်းက အင်းဒင်လူသတ်မှုပါ။ ရဲနဲ့ တပ်မတော်သားတချို့က ရိုဟင်ဂျာ ၁၀ ယောက်ကို လက်ပြန်ကြိုးတုတ်ပြီး သတ်ဖြတ် ခဲ့ကြလို့  စစ်ခုံရုံးက အရာရှိတချို့နဲ့တပ်မတော်သား ၇ ယောက်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်းချမ်းသာအမိန့်နဲ့ တစ်နှစ်မပြည့်ခင်မှာပဲ ပြန်လွတ်လာ ခဲ့တာပါ။ ဒါကြောင့်လည်း စစ်ဖက်ဆိုင်ရာတရားရုံးရဲ့အပြစ်ပေးမှုကို ဝေဖန်မေးခွန်းထုတ်ကြပါတယ်။ ဂျပန် သံအမတ်ကြီး အိချီရို မာရုယာမက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ၂၀၁၉ ဒီဇင်ဘာလတွေ့ဆုံမှုမှာ အဲလိုလွှတ်ပေးတာဟာ နိုင်ငံတကာယုံကြည်မှု ဆုံးရှုံးစေတယ်လို့ ပြောဖြစ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆို ထားပါတယ်။  

လက်ရှိစစ်တရားရုံးကကြားနာနေတဲ့ ဂူတာပြင်အမှုကလည်း ပွင့်လင်းမြင်သာမှုအားနည်းတဲ့အတွက် လူ့အခွင့်ရေးအဖွဲ့တွေက  ဝေဖန်နေကြပါတယ်။

"ကျူးလွန်ပြီးတဲ့အခါမှာရော ပေးလိုက်တဲ့အပြစ်ဒဏ်က တကယ့်ကို သူတို့အတွက် ထိုက်တန်တဲ့အပြစ်ဖြစ်လား မဖြစ်လားကို ကျွန်တော်တို့ ကြည့်ရပါလိ့မ်မယ်၊ အရင်တုန်းကဖြစ်ခဲ့တာရှိပါတယ်၊ ကျူးလွန်ခဲ့တဲ့ တပ်မတော် သားတွေကို ထောင်ချလိုက်ပေမယ့် ဒီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်သွားတာမျိုး၊ အများပြည်သူက သိတောင် မသိပဲနဲ့ ရက်ပိုင်းအတွင်း ပြန်လွတ်သွားတဲ့ကိစ္စမျိုးကတော့ စီရင်မှုဘယ်လောက်ထိပဲ ပြင်းထန်ပြင်းထန် တကယ် တမ်းခံစားမှုအပိုင်းနဲ့ သက်ရောက်မှုအပိုင်းကတော့မရှိဘူး၊ အဲတာတွေဖြစ်နေသမျှကာလပတ်လုံး နိုင်ငံတကာ ရဲ့အမြင်မှာ ထိခိုက်နိုင်တယ်။"

အမှုစစ်ဆေးနေတဲ့တလျှောက်လုံးမှာ တိကျခိုင်လုံတဲ့သက်သေ၊ ထွက်ဆိုမှုနဲ့ စီရင်မှုတွေရှိလား မရှိလား စောင့်ကြည့်ဖို့လိုတယ်လို့ ဦးအောင်မျိုးမင်းကဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကတော့ ၁၉၅၉ ခုနှစ် တပ်မတော်ဥပဒေမှာ တပ်မတော်သားတစ်ယောက် က သာမန်အရပ်သားတစ်ဦးအပေါ် ပြစ်မှုကျူးလွန်ခဲ့ရင်တောင် အရပ်ဖက်တရားရုံးက စစ်ပိုင်ခွင့်ပေးမထား ကြောင်း ရှင်း ပြပါတယ်။ ဒါ့အပြင် စစ်တရားရုံးမှာ စစ်ဆေးတာကိုလည်း လူသိရှင်ကြားစစ်ဆေးဖို့ ဥပအရ အာမခံပေးထားခြင်းမရှိဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံတကာတရားရုံး ICJ ဖိအားကြုံနေရချိန် အများပြည်သူရှေ့မှောက်မှာ တကယ်စီရင်ပြနိုင်မယ် ဆိုရင်တော့ နိုင်ငံတကာရဲ့ယုံကြည်မှုတစ်စုံတစ်ရာရနိုင်တယ်လို့ သူကသုံးသပ်ပါတယ်။

"တစ်အချက်ကတော့ ပြင်ပဥပဒေပေါ့၊ ၁၉၅၉ တပ်မတော်ဥပဒေမှာတော့ စစ်တရားရုံးဆိုတာ ဒီဥပဒေကိုလိုက်နာ ရမယ့်သူက ဒီဥပဒေကိုလိုက်နာဖို့ မလိုတဲ့သူတွေအပေါ် ကျူးလွန်တဲ့အမှုပေါ့နော်၊ အဲတာကိုလည်း စစ်တရားရုံးက ဆုံးဖြတ်စီရင်နိုင်တယ်၊ အဲတော့ဒီလိုမျိုးပေါ့ဗျာ တပ်မတော်သားတစ်ယောက်က အရပ်သားတစ်ယောက်အပေါ် ကျူးလွန်တဲ့အမှုကိုလည်း စစ်ဆေးနိုင်တယ်ပေါ့၊ အဲ့လိုစစ်ဆးတဲ့အခါမှာ ၁၉၅၉ တပ်မတော်ဥပဒေအရ အများ ပြည်သူဝင်ရောက်နားထောင်နိုင်တယ်တို့ အများပြည်သူရှေ့မှာ တရားစီရင်ရမယ်တို့ မပါဘူးဗျ၊ အဲတာတစ်ချက်၊ ဒုတိယတစ်ချက်ကတော့ နိုင်ငံရေးအမြင်အရပြောရရင် ကျွန်တော်တို့ဟာ ဂမ်ဘီယာကတရားစွဲလို့ ICJ ကိုရောက် နေတာပေါ့ဗျာ၊ အဲ့လိုရောက်နေတဲ့အခြေအနေမှာ စစ်တရားရုံးတည်ထောင်တာကို အများပြည်သူရှေ့မှောက်မှာ စစ်ဆေးစီရင်တယ်ဆိုလို့ရှိရင် ပိုပြီးတော့ တရားမျှတမှုမရှိပေဘူးလားပေါ့၊ ပိုပြီးတော့ ပွင့်လင်းမြင်သာတယ်လို့ နိုင်ငံတကာက ယုံကြည်လေးစားဖွယ်မရှိပေဘူးလားပေါ့၊ ဒါကတော့ ကျွန်တော်တို့ နိုငငံရေးအရစဉ်းစားပြီးတော့ ပြောတာပါ၊ ဥပဒေသက်သက်အရတော့ ၁၉၅၉ ဥပဒေမှာ ကျွန်တော်တော့ မတွေ့ဘူးဗျ။"

ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ ကြားဖြတ်အစီအမံတစ်ခု ချမှတ်ပေးဖို့ တောင်းဆိုထားပြီးတော့ ၂၀၂၀ အစောပိုင်းမှာ ဆုံးဖြတ်ချက် တစ်ခုခုချမှတ်နိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။

ရိုဟင်ဂျာအရေး လှုပ်ရှားနေသူ ဦးသာအေးက ဂူတာပြင်အမှုဟာ အရပ်သားတွေနဲ့ ဆက်စပ်နေတဲ့ အမှုအခင်း ဖြစ်လို့ အရေးယူမှုကို အရပ်ဘက်တရားရုံးက ဆောင်ရွက်စေချင်တယ်လို့ပြောပါတယ်။

"တပ်မတော်တရားရုံးဆိုတာက တပ်မတော်လုပ်ထုံးလုပ်နည်းနဲ့ တပ်မတော်သားတွေနဲ့ သက်ဆိုင်တဲ့ကိစ္စတွေ ကိုပဲ တရားစီရင်တာလေ။ ဒီဘက်ကကျတော့ အရပ်သားတွေ ဖြစ်နေတယ်ပေါ့။ အရပ်သားတွေဖြစ်နေတော့ အကာအကွယ်ပေးမယ့် တရားရုံးလည်း ပါဝင်ပတ်သက်ဖို့ လိုတာပေါ့။ အဲလိုမှ မဟုတ်ဘဲ တပ်မတော်တရားရုံး ထဲမှာပဲ လုပ်မယ်ဆိုရင်တော့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်လိမ့်မယ်လို့တော့ ကျွန်တော်မထင်ဘူးပေါ့နော်”

ဂူတာပြင်ကျေးရွာဝန်းကျင်မှာ ရာနှင့်ချီတဲ့ ရုပ်အလောင်းတွေကို နေရာ ငါးနေရာမှာ အစုလိုက်အပြုံလိုက် မြှုပ် နှံထားပြီး အက်ဆစ်လောင်းဖျောက်ဖျက်ဖို့ စီစဉ်ထားတယ်လို့  AP သတင်းဌာနက၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

တကယ်တော့ ဂူတာဖြစ်စဉ်ကို နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာနဲ့ တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံးတို့ဟာ ၂၀၁၈ ဖေဖော်ဝါရီလတုန်းက  အသီးသီးငြင်းဆိုခဲ့ကြတာပါ။

NLD အစိုးရက ခန့်အပ်ထားတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဦးဆောင်တဲ့ ပြည်နယ်အစိုးရဆိုရင် AP ရေးသားချက်ဟာ အခြေအမြစ်မရှိကြောင်းနဲ့ သတင်းဌာနကို တရားစွဲမယ်လို့ ပြောဆိုခဲ့တဲ့အထိပါ။

ဝေဖန်မှုတွေ၊ နိုင်ငံတတကာ ဖိအားတွေမြင့်  တက်လာပြီးနောက်ပိုင်းမှာ တပ်မတော်သားတချို့  ဥပဒေအတိုင်း ဆောင်ရွက်မှု အားနည်းတယ်ဆို ပြီးတော့ ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်တဲ့အဖွဲ့ကိုဖွဲ့စည်းပြီးတော့  စုံစမ်းစေခဲ့တာပါ။

တပ်မတော်ကလည်း လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်( Independent Commission of Enquiry- ICOE) နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ICOE ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ တပ်မတော်သားတွေ ပြစ်မှုကျူးလွန် တာထပ်မံတွေ့ရှိမယ်ဆိုလည်း ဥပဒေနဲ့အညီရေးယူမယ်လို့ ဆိုထားပါတယ်။

အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ICOE အစီရင်ခံစာမှာ အချက်အလက်အသစ်တွေ ပါဝင်ဖို့ မျှော်လင့်နေကြောင်း ဇန်နဝါရီ ၈ ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ဌာနတွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။

၂၀၁၇ တပ်မတော်စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရပြီးတော့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် FFM က လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်လို့ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။