တော်လှန်ရေးသမားဖြစ်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်များ

2021.12.13
တော်လှန်ရေးသမားဖြစ်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ကိုယ်စားလှယ်ကနေ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်နဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ် တို့ကို တွေ့ရစဥ်
Photo: NUG

စစ်အာဏာသိမ်း ၁၀ လကျော်အတွင်း NLD လွှတ်တော်အမတ် ၉၀ နီးပါး အဖမ်းခံထားရပြီး အများစုက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပါတီလုပ်ငန်းကော်မတီက ပြောပါတယ်။ အဲဒီအထဲက အချို့ကတော့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေကို ရောက်ရှိလာပြီး ဆုံးရှုံးခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး အခြေအနေတွေ ပြန်ရဖို့အတွက် လက်နက်ကိုင်တော်လှန်နေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်နဲ့ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အပါအဝင် စုစု‌ပေါင်း မဲဆန္ဒနယ် ၁၁၁၇ ခုမှာ ရွေးကောက်ပွဲကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မဲဆန္ဒနယ် ၉၂၀ မှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ် က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဆီးရုံမက တစ်နိုင်ငံလုံးက ပါတီဝင်တွေကို ပစ်မှတ်ထားချေမှုန်းခဲ့တာကြောင့် ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ရွေးကောက်ပွဲအနိုင်ရ NLD အမတ် ၈၉ ဦး အဖမ်းခံထားရတယ်လို့ ပါတီလုပ်ငန်းကော်မတီက ပြောပါတယ်။

ကျန်အမတ် ၈၀၀ ကျော်အနက် စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် အနည်းစုက NUG၊ CRPH တို့နဲ့ ပတ်သက် မှုမရှိကြောင်း ဝန်ခံကတိလက်မှတ်ထိုးပြီးတဲ့နောက် နိုင်ငံရေးဆက်မလုပ်ကြတော့ပါဘူး။ အများစုက ဘေး လွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အဲဒီအထဲက တချို့က တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေကြပါတယ်။

သူတို့အထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ စီမံကိန်း ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်၊ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာဒေါ်ရွှေပုံ၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်း တို့အပြင် ဒေါက်တာ ဝေဖြိုးအောင်၊ ဒေါ်ဖြူဖြူသင်း၊ ဒေါ်သီရိရတနာ၊ ဒေါ်မြတ်သီတာထွန်းနဲ့ တနင်္သာရီတိုင်း PDF တပ်မှူးအဖြစ် တာဝန်ယူထားတဲ့ ဦးဥက္ကာမင်း တို့ဟာ လူသိများ ထင်ရှားသူတွေဖြစ်ပါတယ်။

စစ်ကောင်စီဟာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို လက်နက်အားကိုးနဲ့ သတ်ဖြတ်ခဲ့တာကြောင့် တခြား ရွေးချယ်စရာ နည်းလမ်းမရှိတော့ဘဲ အခုလို လက်နက်ကိုင်ဖို့ ဖြစ်လာရတာလို့ NLD ပါတီ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင် က RFA ကို ပြောပါတယ်။

 naing-htoo-aung.jpg"အခုလက်နက်ကိုင်တော်လှန်ရေးမှာ ကျရာအခန်းကဏ္ဍကနေ ပါဝင်တယ် ဆိုတာ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးအနေနဲ့ ပြည်သူကို ကာကွယ်ပေးဖို့ ပြည်သူ့အကျိုးကို ဆောင်ကျဉ်းပေးဖို့ တာဝန်ရှိတဲ့အတွက်ကြောင့် ကျနော့်ရဲ့ တာဝန်ကျေပွန်ဖို့အတွက် အစွမ်းကုန်ကြိုးစားတဲ့အနေနဲ့ တာဝန်ထမ်းဆောင် နေတာပဲ ဖြစ်ပါတယ်။ ဒါသည်လည်း တာဝန်ထမ်းဆောင်တဲ့နေရာမှာ ယခင် တုန်းကတော့ လွှတ်တော်ထဲမှာ ဥပဒေ ပြုတဲ့ကိစ္စရပ်တွေ ပြည်သူကို ကိုယ် စားပြုပြီး ပြည်သူ့အကျိုးကို ဆောင်ပေးနိုင်ဖို့ ဆောင်ရွက်ရတာမျိုးတွေ ရှိခဲ့တယ်။ အခုတော့ ပြည်သူကို ကာကွယ်ပေးနိုင်ဖို့ဆိုတဲ့ အနေအထားမျိုး ဖြစ်သွားပါတယ်

ဦးနိုင်ထူးအောင်ဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ နှစ်ဆက်စလုံးမှာ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီအဖွဲ့ဝင်၊ NLD ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ယူထားပါတယ်။

"ဒီတော်လှန်ရေးက ပြည်သူရဲ့တော်လှန်ရေး။ တို့တွေရဲ့ တော်လှန်ရေး မဟုတ်ဘူး"

စစ်အာဏာသိမ်းပြီးတဲ့နောက် မြို့ပြသပိတ်တွေကို ကိုယ်တိုင်ဦးဆောင်ခဲ့ပြီး အဲဒီသပိတ်တွေ ပစ်ခတ်ဖြိုခွင်း ခံရတဲ့အခါ လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နောက်ထပ်လွှတ်တော်အမတ်တစ်ဦးကတော့ ကချင် ပြည်နယ်၊ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း ပဲ ဖြစ်ပါတယ်။

ကျနော်လည်း အဲဒီအထဲမှာပါတယ်။ ဒါကြောင့် လက်နက်ကိုင်တော်လှန်မှ ဖြစ်မယ်ဆိုပြီး ကျနော်လည်း တော်လှန်ရေးနယ်မြေတစ်ခုကိုရောက်တယ်။ စစ်သင်တန်းတွေ တက်ဖြစ်တယ်ပေါ့နော်။ ဒီလိုပြောတဲ့ အခါမှာတော့ လက်နက်ကိုင်တော်လှန်တယ်ဆိုပေမယ့် ကျနော်ဒီနေရာမှာ ပြောချင်တာတစ်ခုရှိပါတယ်။ ဒါကတော့ ကျနော်ကတော့ လောလောဆယ်မှာ စစ်သင်တန်းတက်ပြီးပေမဲ့လို့ နောက်တန်းတစ်နေရာမှာပဲ ရှိနေတယ်ပေါ့နော်။ ရှေ့တန်းမှာရှိတဲ့ ရဲဘော်တွေကိုတော့ ကျနော်အားနာပါတယ်။ ဒီစကားလေးလည်း ပြောချင်ပါတယ်။ လိုအပ်လာရင်တော့ ကျနော်တို့တွေ ရှေ့တန်းကနေ ထွက်တိုက်ဖို့ကတော့ အသင့် ရှိပါတယ်

(လွှတ်တော်အမတ်ကနေ တော်လှန်ရေးသမားဖြစ်လာတဲ့ ဦးအောင်ဟိန်းမင်းကို တွေ့ရစဥ်) Photo: Aung Hein Min's FB
(လွှတ်တော်အမတ်ကနေ တော်လှန်ရေးသမားဖြစ်လာတဲ့ ဦးအောင်ဟိန်းမင်းကို တွေ့ရစဥ်) Photo: Aung Hein Min's FB

သူဟာ အခုချိန်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်တိုင်းများဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်တစ်ဦး အဖြစ် တာဝန်ယူထားပါတယ်။ သူ့အနေနဲ့ နိုင်ငံရေးလောကထဲကိုဝင်လာချိန်မှာ အန္တရာယ်များပြီး ထောင်ကျ နိုင်တာမျိုးအထိ ဖြစ်နိုင်တာကို နဂိုကတည်းက ကြိုတွေးပြီးသားဖြစ်ပေမဲ့  စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ဖို့အထိ ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူးလို့ အသက် ၂၆ နှစ်သာရှိသေးတဲ့ လွှတ်တော်အမတ် ဦးအောင်ဟိန်းမင်း က ပြောသွားပါတယ်။

NUG မှာ လက်ရှိ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး တာဝန်ယူထားပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူ ဦးစိုးသူရထွန်း ကတော့ ကိုယ်စားလှယ်နဲ့ လက်နက်ကိုင် တော်လှန်ရေးသမားဘဝဟာ သိသာစွာကွာခြားပေမဲ့ ပြည်သူက ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့လို့ သူလည်း ပြည်သူ့ဆန္ဒနဲ့အညီ လိုက်ပါခဲ့ရတာလို့ RFA ကို ပြောပါတယ်။

soe-thura-tun-350.jpg

“ဒီတော်လှန်ရေးက ပြည်သူရဲ့တော်လှန်ရေး။ တို့တွေရဲ့တော်လှန်ရေး မဟုတ်ဘူး။ NLD က လုပ်တာလည်း မဟုတ်ဘူး။ လွှတ်တော်ကိုယ်စားလှယ် တွေကနေလည်း လုပ်တာလည်း မဟုတ်ဘူး။ သူတို့က ငြိမ်းချမ်း ခင်လို့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြိမ်ကြိမ် ပစ်ခတ်သတ်ဖြတ် တဲ့အတွက်ကြောင့် ဒီတော်လှန်ရေးက သူ့ဟာသူဖြစ်လာတာပဲ။ ပွင့်ပွင့် လင်းလင်းပြောရင်တော့ တို့တွေ တစ်ဦးချင်းက ဆုံးဖြတ်ခဲ့တာ မဟုတ်ဘဲနဲ့ အများပြည်သူက တကယ်ကို လုပ်လို့ဖြစ်လာတာ။ ဒါက သက်သက်ရွေးချယ် ထားခဲ့တာ မဟုတ်ဘူး။ ဖြစ်သင့်လို့ပဲ ဖြစ်လာတာလို့ပဲ မြင်ပါတယ်”

ဦးစိုးသူရထွန်း ဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ နှစ်ဆက်စလုံးမှာ NLD ပါတီ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး၊ ၂၀၁၅ ကနေ ၂၀၂၀ ထိ လွှတ်တော်ငါးနှစ်သက်တမ်းမှာ ပြည်သူ့ လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ တရုတ်ကြေးနီစီမံကိန်းကို အကြီးအကျယ်ဆန့်ကျင်ခဲ့တဲ့ လက်ပံတောင်းတောင်ဒေသက ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး လက်ပံတောင်းတောင် အစီရင်ခံစာ ပြုစုရေးသားရာမှာ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့ဖူးပါတယ်။

စစ်အာဏာရှင်ကို ပြည်သူလူထုတစ်ရပ်လုံးက ပုံစံမျိုးစုံနဲ့ ဆန့်ကျင်နေတာကြောင့် စစ်ကောင်စီဟာ တိုင်းပြည် ကို ကောင်းကောင်းအုပ်ချုပ်လို့မရဘဲ မကြာခင်ပြိုလဲတော့မယ်လို့ ပြောလာသူကတော့ ၂၀၂၀ ရွေးကောက်ပွဲ မှာ သာကေတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး  လက်ရှိမှာ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတစ်ခုကို ရောက်ရှိနေတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင် ဒေါက်တာ ဝေဖြိုးအောင် ပဲ ဖြစ်ပါတယ်။

wai-phyo-aung.jpgအနာဂတ်နိုင်ငံတော်ပေါ့။ ဖက်ဒရယ်နိုင်ငံတော်ကို ထူထောင်ဖို့အတွက် အခြေခံ စည်းမျဉ်းစည်းကမ်း တွေကို NUCC ကနေပြီးတော့ ပဋိဉာဉ်ချာတာတွေ ထုတ် နေတယ်။ NUCC ကို ဖွဲ့စည်းပြီးတဲ့အခါမှာ အနာဂတ်နိုင်ငံတော်ကို တည် ဆောက်ဖို့ ဖွဲ့စည်းပြီးတဲ့အတွက်ကြောင့်မိုလို့ အာဏာသိမ်းဖြစ်ရပ်ကို တွန်း လှန်ပြီး နောက်ပိုင်းမှာ ကျနော်တို့နိုင်ငံက လွတ်လပ်စွာနဲ့ ကျနော်တို့လိုချင်တဲ့ အားလုံးလိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကြီးကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်

ဒေါက်တာ ဝေဖြိုးအောင်ဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ နှစ်ကြိမ်စလုံးမှာ NLD သာကေတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး၊ ၂၀၁၅ ကနေ ၂၀၂၀ အထိ လွှတ်တော်သက်တမ်း ငါးနှစ်မှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတစ်ခုမှာ ရောက်ရှိနေတဲ့ NLD ပါတီ၊ မွန်ပြည်နယ်ကိုယ်စားပြု အမျိုးသမီးလွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဒေါ်သီရိရတနာ ကတော့ လက်နက်ကိုင်တော်လှန်ရေး ဘယ် အချိန်မှာ ပြီးဆုံးမလဲဆိုတာ အတိအကျ မပြောနိုင်ပေမဲ့ ပြည်သူတွေရဲ့ စိတ်အားထက်သန်မှုကြောင့် အောင် မြင်မယ်လို့ သူယုံကြည်တယ်လို့ ဆိုပါတယ်။

thiri-yadanar-350.jpg ဘယ်လောက်ကြာမလဲဆိုတာ ပြည်သူတွေ တစ်ယောက်ချင်းစီတိုင်းရဲ့ စိတ်အားထက်သန်မှုအပေါ်မှာ မူတည်တယ်။ ဒီဥစ္စာကလည်း ဘယ်နေ့ ပြီးမလဲလို့ ခန့်မှန်းလို့ရတဲ့ အခြေအနေ မဟုတ်ဘူး။ ဒါပေမဲ့ ကျမယုံကြည် တယ်၊ အဲဒီကာလက သိပ်မကြာတော့ဘူးလို့ ကျမ ယုံကြည်တယ်။ ဘာလို့ လဲဆိုတော့ NUG ရဲ့ ဘွန်းတွေ ရောင်းတာပဲ ဥပမာပေးချင်တယ်။ ပြည်သူ တွေရဲ့ လွတ်မြောက်လိုစိတ်၊ အောင်နိုင်လိုစိတ်က ဘယ်လောက်အထိ မြင့်မားသလဲဆိုတာ ကျမတို့ မျက်ရည်ဝဲလောက်အောင်ကို ကျမတို့ တွေ့ခဲ့ ရတယ်။ အဲဒီအတွက်ကို အဲဒီအားနဲ့ပဲ အောင်ပွဲကို အမြန်ဆုံးရောက်မယ်လို့ ယုံကြည်နေတယ်"

သူဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ နှစ်ကြိမ်စလုံးမှာ NLD ပါတီကို ကိုယ်စားပြုပြီး မွန်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၁၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူဖြစ်ပါတယ်။ ပထမတစ်ကြိမ် အနိုင်ရ ခဲ့စဥ်က  အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဝင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

သူတို့အားလုံးဟာ RFA က လက်လှမ်းမီသလောက် ဆက်သွယ်ခဲ့တဲ့ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ် တွေဖြစ်ပြီး၊ ဆက်သွယ်လို့မရတဲ့ လက်နက်ကိုင်နယ်မြေက လွှတ်တော်အမတ် အများအပြား ကျန်ရှိနေပါ သေးတယ်။

လက်ရှိမှာ လုံခြုံရေးအခြေအနေကို စိုးရိမ်တာကြောင့်  လွှတ်တော်အမတ် ဘယ်နှစ်ဦး လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်နေသလဲဆိုတာကို NLD ပါတီလုပ်ငန်းကော်မတီက အတိအကျထုတ်ဖော်ပြော ဆိုတာမျိုး မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။