ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်များ
2019.09.14

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ ဖြစ်တဲ့ KIO,TNLA, MNDAA နဲ့ AA အဖွဲ့ တို့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ လာမယ့် စက်တင်ဘာ ၁၇ ရက်နေ့မှာ ငြိမ်းချမ်းရေးဆွေးနွေးကြမှာဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးပွဲ ရလဒ်အပေါ် မူတည်ပြီး တပ်မတော်ဘက်က အပစ်ရပ်ကြေညာမှု သက်တမ်းတိုး မတိုး ဆုံးဖြတ်မယ့် အခြေအနေကြောင့် ဆွေးနွေးပွဲ ရလဒ်မကောင်းပါက စိုးရိမ်ရတဲ့ အလားအလာရှိတယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြီးခဲ့တဲ့ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
တိုင်းရင်းသားအရေးလေ့လာသူ ဦးဇင်လင်းကတော့ ပြီးခဲ့တဲ့ရက်က အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကို တရုတ် အထူးကိုယ်စားလှယ်က တွေ့ဆုံတဲ့ကိစ္စ၊ တပ်က အမှုရုပ်သိမ်းလိုက်တဲ့ KBC ကချင်နှစ်ခြင်းအသင်းတော်ဥက္ကဋ္ဌ ကိစ္စတွေအပါအဝင် အခုလာမယ့် ဆွေးနွေးပွဲမှာ တပ်မတော်ဘက်က အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်မှာ ဖြစ်တဲ့အတွက် ဒီဆွေးနွေးပွဲက ရလဒ်ကောင်းတွေ ရလာနိုင်မယ်လို့ သုံးသပ်ပါတယ်။
"လတ်တလောဖြစ်နေတဲ့ ကိစ္စလေးတွေကို သုံးသပ်ကြည့်တဲ့အခါ KBC ဥက္ကဋ္ဌနဲ့ ပတ်သက်တဲ့ကိစ္စ ပြေလည်သွားတယ် ကာချုပ်ကိုယ်တိုင်တွေ့တယ်၊ ဒီကြားထဲမှာ တရုတ်ကိုယ်စားလှယ် ဆွန်ကော်ရှန်း ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့တယ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့တယ်၊ သူတို့တွေ့တော့ ဒီကိစ္စတွေကို ဦးစားပေးဆွေးနွေးတယ်လို့ ယူဆတယ်၊ ဟိုဘက်ကလည်း ကြားခံ တရုတ်ရှိနေတယ်။ နောက်ဒီဘက်က ပြကွက်ကလေးတွေကလည်း နည်းနည်း လိုလိုလားလားသဘောမျိုး ခင်းကျင်းထားတာတွေ့ရတယ်။ ၂၁ ပင်လုံကတော့ ဒီနှစ်ထဲ ဖြစ်နိုင်မှာမဟုတ်ဘူးပေါ့၊ သို့သော်လည်း အဲဒီအတွက် ကြိုခင်းထားဖို့ဆိုရင် ဒီအဖွဲ့တွေအားလုံးနဲ့ ပြေလည်ဖို့လိုတာကိုး။ ၁၇ ရက်နေ့ အစည်းအဝေးမှာတော့ မြောက်ပိုင်းအဖွဲ့ထဲက အရေးကြီးတဲ့ လေးဖွဲ့နဲ့ ပြီးရင် ကျန်တဲ့ လက်မှတ် မထိုးရသေးတဲ့ သူအားလုံးနဲ့ Bilateral ပြီးရင် NCA ဆက်ထိုးဖို့ကိစ္စကို အကောင်အထည်ဖော်အောင် ညှိလိမ့်မယ်လို့ ယူဆတယ်။ ဒီဘက်ကလည်း အရေးကြီးတဲ့ ဗိုလ်ချုပ်တချို့လည်း လိုက်မယ်ပြောတာကိုး၊ အဲတော့ ဒီအခင်းအကျင်းကိုကြည့်ရင် ၁၇ ရက်နေ့ ဆွေးနွေးပွဲက အရေးကြီးတယ်၊ နှစ်ဘက်လုံးကလည်း အပြုသဘောဆောင်ပြီး ရလဒ်ကောင်းရအောင် ကြိုးစားကြလိမ့်မယ်လို့ သုံးသပ်ပါတယ်"
ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ကလည်း မြောက်ပိုင်း မဟာမိတ်လေးဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ အပစ်အခတ်ရပ်စဲရေးကိစ္စ ကျိုင်းတုံမြို့မှာ ဆွေးနွေးခဲ့ကြပြီး AA, TNLA နဲ့ MNDAA မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က တစ်ဖက်သတ်အပစ်ရပ်ကြောင်း စက်တင်ဘာ ၂ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုထုတ်ပြန်ပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
ရခိုင်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက စစ်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းပြီး ငြိမ်းချမ်းဖို့အတွက် ဒီဆွေးနွေးပွဲမှာ နှစ်ဦးနှစ်ဘက် အလျော့အတင်းလုပ်ပြီး ရလဒ်ကောင်းရအောင် ကြိုးစားစေလိုတယ်လို့ ပြောပါတယ်။
"ကျမတို့ တကယ်ပဲ ငြိမ်းချမ်းစေချင်ပါတယ်၊ နိုင်ငံမှာ နှစ်ပေါင်း ၇၀ လုံးလုံး လက်နက်ကိုင် တိုက်ပွဲတွေဖြစ်နေတာ ပြည်တွင်းစစ်ဖြစ်နေတာ နိုင်ငံဟာ တိုးတက်သင့်သလောက် မတိုးတက်ခဲ့ဘူး၊ ခုလောလောဆယ်လည်း ကျမတို့ ရခိုင်ပြည်နယ်မှာ တော်တော်များများ တိုက်ပွဲတွေဖြစ်နေတယ်၊ ဒါကြောင့် ဒီတွေ့ဆုံမယ့် ၁၇ ရက်နေ့မှာ ကျမတို့လိုချင်တာက ငြိမ်းချမ်းတဲ့ အသွင်သဏ္ဍာန်ကိုဆောင်ပြီး တစ်ဦးနဲ့တစ်ဘက် အလျော့အတင်း နည်းနည်းလုပ်ပြီး အတ္တတွေလျှော့ ကြိုးစားဆွေးနွေးစေချင်တယ်"
အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်မှူး ဝင်းနိုင်ကျော်ကလည်း မြောက်ပိုင်း မဟာမိတ် လေးဖွဲ့နဲ့ အစိုးရရဲ့ ဒီဆွေးနွေးပွဲက အရေးကြီးတဲ့ ဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်း ဒါပေမဲ့ တစ်နိုင်ငံလုံးအပစ်စာချုပ်မှာ အားလုံးလက်မှတ်ထိုးနိုင်ဖို့နဲ့ အားလုံးအပစ်ရပ်ဖို့က ပိုအရေးကြီးတယ်လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။
NCA က ပိုအရေးကြီးတယ် အားလုံးလက်မှတ်ထိုးဖို့ အားလုံးအပစ်ရပ်ဖို့လိုတယ်
"စစ်ပွဲတွေမရပ်ဘဲနဲ့ လုံးဝ အပစ်အခတ်ရပ်စဲမှုမရှိဘဲနဲ့ ဆွေးနွေးပွဲ လုပ်လို့မရဘူးဗျ၊ နောက်တစ်ခုက အပေါ်ပိုင်းမှာ ကတိပြုကြတယ် ကြေညာချက်တွေ ထုတ်ပြန်ကြတယ်။ ဒါတွေကို အောက်ပိုင်းက အားလုံး လေးစားလိုက်နာမှ စစ်ပွဲတကယ်ရပ်မှာ၊ မရပ်ဘူးဆိုတော့ တိုင်းရင်းသားတွေ ဘက်က လေ့လာရသလောက် ကျနော်လည်း တိုင်းရင်းသွေး ပါသူတစ်ယောက်အနေနဲ့ပြောရရင် ကတိစကားက အရေးကြီးတာပေါ့၊ ဘယ်ဘက်ကပြောပြော မလုပ်ဘူးဆိုရင် မလုပ်မှ - ဒါမှ ရှေ့ဆက်တိုးလို့ရမယ်၊ ဒီဆွေးနွေးပွဲက အရေးကြီးပါတယ်- Bilateral ထိုးမှာဖြစ်တော့ အဲဒီမှာ နှစ်ဘက်ညှိနှိုင်းရမယ့် အချက်တွေပါတယ်။ အဲဒါကို တစ်ဘက်က အသေ ဆုပ်ကိုင်မထားဘဲ ဖြေလျော့ပြီး အပေးအယူပေါ့ ညှိနှိုင်းရင် အောင်မြင်မယ်။ Bilateral အောင်မြင်ရင် NCA သွားနိုင်မယ်။ NCA မှာပါတဲ့အတိုင်း နိုင်ငံရေးဆွေးနွေးပွဲသွားနိုင်ပြီဆိုမှ ရှေ့ဆက်တဲ့လမ်းတွေ အကုန်ပွင့်မှာ၊ အခုက တစ်ဆို့နေတာကိုး၊ ဒါကြောင့် NCA က ပိုအရေးကြီးတယ် အားလုံးလက်မှတ်ထိုးဖို့ အားလုံးအပစ်ရပ်ဖို့လိုတယ်"
ဒါကတော့ လာမယ့်ရက် ကျိုင်းတုံမြို့မှာ ကျင်းပမယ့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ နဲ့ အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာနဲ့ပတ်သက်ပြီး ကြားခဲ့ရတာပါ။
တပ်မတော်ဘက်က မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် NCA မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဆိုပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကတည်းက အပစ်ရပ်ကြေညာခဲ့တာ အခု စက်တင်ဘာ ၂၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
အခုလာမယ့် ဆွေးနွေးပွဲကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်တဲ့ အစိုးရအဖွဲ့ နဲ့ တပ်မတော် ကိုယ်စားလှယ်တွေဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ရှိသူတွေ တက်ရောက်မယ်လို့လည်း သိရပါတယ်။
(RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြသည်)