သုံးလအတွင်း တအာင်း ၇၀ လူ့အခွင့်အရေးချိုးဖောက်ခံရ

တအာင်းပလောင် တိုင်းရင်းသားတွေအများစုနေထိုင်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ငါးခုမှာ သုံးလအတွင်း လူ့အခွင့်ရေးချိုးဖောက်ခံရသူ လူ ၇၀ လောက်ရှိပြီး လူဆယ်ဦး သေဆုံးခဲ့တယ်လို့ တအာင်းပလောင် အမျိုးသမီးအစည်းရုံး တာဝန်ရှိသူတွေက ပြောပါတယ်။
လူ့အခွင့်ရေးချိုးဖောက်မှုတွေထဲမှာ တပ်မတော်က အများဆုံးလို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါးက ပြောပါတယ်။
"ကျမတို့ရဲ့မှတ်တမ်းအရ အများဆုံးဖြစ်နေတာက မြန်မာတပ်မတော်က ကျူးလွန်တာအများဆုံးဖြစ်နေတာကို တွေရတယ်၊ ကျန်တဲ့ဟာကျ တိတိကျကျ မသိရတဲ့အပိုင်းတွေလည်းရှိတယ်၊ တိုင်းရင်းသားလက်နက်ကိုင်က ကျူးလွန်တာလား၊ တပ်မတော်က ကျူးလွန်တာလား တိတိကျကျ မသိရတဲ့ကိစ္စတွေလည်း ရှိတယ်၊ တပ်မတော် ကျူးလွန်တာတွေက ပေါ်တာဆွဲတာတွေ ရှိတယ်၊ လက်နက်ကြီးပစ်ခတ်လို့ လူထုတွေ ထိခိုက်ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေရှိတယ်၊ အထူးသဖြင့် ဒီနှစ်ခုပေါ့"
မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားတာတွေအတွင်း လူအခွင့်ရေး ချိုးဖောက်ခံရတာတွေကို အရပ်သားပြည်သူတွေက အများဆုံးခံရတာလို့ သူတို့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဇူလိုင်လကနေ စက်တင်ဘာလကုန်ထိ သုံးလအတွင်း လက်နက်ကိုင်အဖွဲ့တွေက ပြည်သူတွေကို ဖမ်းဆီးချုပ်နှောင်တာ၊ ပေါ်တာဆွဲတာ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ မြေမြှုပ်မိုင်းအသုံးပြုတာတွေကြောင့် သေဆုံးတာတွေနဲ့ ထိခိုက်ဒဏ်ရာရတာ၊ နေအိမ်က ပစ္စည်းတွေကို သိမ်းယူ ဖျက်ဆီးတာတွေနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ များပြားလာကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) တာဝန်ရှိသူတွေက ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်တာနဲ့ မြေမြှုပ်မိုင်းကြောင့် ဒေသခံ (၁၀) ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ (၂၃) ဦး၊ လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူ (၂၃) ဦး၊ ဖမ်းဆီးချုပ်နှောင်ခံရသူ သုံးဦး၊ တပ်သားသစ်စုဆောင်းခံရသူ (၁၀) ဦးနဲ့ ညှဉ်းပမ်းနှိပ်စက်ခံရသူ တစ်ဦးရှိခဲ့တာကြောင့် စုစုပေါင်း (၇၀) ဦး လူ့အခွင့်အရေး ချိုးဖောက်ခံရတာလို့ TWO အဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့က မိုင်းမျိုးအောင်ကတော့ သူတို့ဆီမှာ လက်နက်ကိုင်အဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိနေတယ်လို့ ပြောပါတယ်။
"လက်ရှိမှာက တိုက်ပွဲဖြစ်နေတဲ့အချိန်ရော မဖြစ်တဲ့အချိန်ရော၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာကို ကျနော်တို့တွေ့ရပါတယ်။ ဥပမာ နမ့်ခမ်းမှာဆိုရင် ပြည်သူစစ်က အပြစ်မဲ့ပြည်သူတစ်ယောက်ကို ဖမ်းဆီး ရိုက်နက်တာမျိုးတွေ ကျနော်တို့တွေရတယ်၊ ဒါကတော့ သိသိသာသာပေါ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးပြီး တပ်မတော်ဘက်က စွပ်စွဲတာတွေလည်း ကျနော်တို့တွေ့ရတယ်"
ဒီလို့ လူ့အခွင့်အရေးချိုးဖောက်မှုကို ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲ၊ သီပေါနဲ့နမ့်ခမ်းမြို့နယ်တွေမှာ အများဆုံးတွေရပြီး မြန်မာ့တပ်မတော်က (၁၅) ကြိမ်၊ ပြည်သူ့စစ်အဖွဲ့က တစ်ကြိမ်၊ RCSS/SSA က နှစ်ကြိမ်နဲ့ TNLA က နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ TWO အဖွဲ့က ပြောပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းကြည့်ရာမှာတော့
"လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားတဲ့နေရာတွေမှာ ဆုံးဖြတ်ချက်မြန်မြန်နဲ့ လုပ်ရတာတွေရှိတယ်၊ ခြောက်ပြစ်ကင်း သဲလဲစင်တော့ မဖြစ်နိုင်ဘူး၊ ဒါတွေနဲ့ပတ်သက်ပြီး ရှိခဲ့လို့ရှိရင်လည်း တပ်မတော်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ဆောင်ရွက်လျက်ရှိတယ်၊ တပ်မတော်အနေနဲ့ လူ့အခွင့်ရေးဖြစ်ဖြစ် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ဆိုရင် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ကျင့်ဝတ်တွေဘဲဖြစ်ဖြစ် ကျနော်တို့က အတတ်နိုင်ဆုံး လိုက်နာဆောင်ရွက်နေပါတယ်"
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဦးကို မေးမြန်းရာမှာတော့ သူတို့အဖွဲ့အနေနဲ့ လူ့အခွင့်ရေးချိုးဖောက်တာတွေ၊ တပ်သားသစ် စုဆောင်းတာတွေမရှိဘူးလို့ ပြောပါတယ်။
"အဲဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေရှိနေပေမယ့် တပ်သားသစ် စုဆောင်းတာတွေမရှိပါဘူး၊ မရှိပါဘူး ကျနော်တို့လည်း အောက်ခြေတပ်သားတွေကို လူ့အခွင့်ရေးဆိုင်ရာတွေဘာတွေ အသိပညာ ပေးထားတာတွေရှိပါတယ်၊ တပ်မှူးတွေကလည်း အောက်ခြေကို ထိန်းသိမ်းနေပါတယ်"
အချက်အလက်တွေဟာ တအာင်းအမျိုးသမီးအဖွဲ့အစည်းကနေ လက်လှမ်းမီသလောက် ကောက်ယူရရှိတဲ့ အချက်အလက်ဖြစ်ပြီး နောက်ထပ်လည်း ရှိနိုင်သေးတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
(RFA သတင်းထောက် ကိုကျော်လွင်ဦး စုစည်းတင်ပြသည်)