လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ဖို့ ပြည်တွင်းပြည်ပအဖွဲ့တွေ စုပေါင်းတောင်းဆို
2020.06.20
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကြပ်အတည်းတွေကို အဆုံးသတ်ဖို့ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက အစိုးရကို စုပေါင်းတောင်းဆိုလိုက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံ နေရာဒေသအသီးသီးကနေ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကလည်း သန်းချီရှိနေပါတယ်။
ဒီနေ့ ဇွန်လ ၂၀ ရက်နေ့ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ဖြစ်ပြီး မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာရှိနေတဲ့ ဒုက္ခသည်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်း တွေ တားဆီးခံနေရတာကို ရပ်တန့်ဖို့ အဖွဲ့အစည်း ၁၂၃ ဖွဲ့က စုပေါင်းတောင်းဆိုလိုက်ပါတယ်။
ဒုက္ခသည်တွေ ရသင့်ရထိုက်တဲ့ ခံစားခွင့်တွေရရှိရေးနဲ့ ငြိမ်းချမ်းစွာ နေရပ်ပြန်နိုင်ရေးကို အဓိက တောင်းဆိုတာဖြစ် တယ်လို့ တောင်းဆိုရာမှာပါဝင်တဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဆလိုင်းတေးရာက ပြောပါတယ်။
"ဒုက္ခသည် နှစ်ပိုင်းရှိတယ်၊ ပြည်ပရောက်ဒုက္ခသည်နဲ့ ပြည်တွင်းက ဒုက္ခသည် သူတို့ရသင့်ရထိုက်တဲ့ ခံစားခွင့်တွေ ရစေချင်တယ်။ နောက်တစ်ခုက သူတို့နေရပ်ကို ပြန်ရောက်နိုင်ရေး အဲဒါကို တောင်းဆို ချင်တာပါ"
ပဋိပက္ခ အမျိုးမျိုးကြောင့် နေရပ်စွန့်ခွာပြီး မြန်မာနိုင်ငံအတွင်း ထွက်ပြေးနေရသူတွေအပြင် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ မလေးရှားကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်အားလုံးအတွက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံ နေရာဒေသအသီးသီးကနေ စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် သန်းချီရှိနေတဲ့ထဲမှာ ဒုက္ခသည် အများဆုံးက ရခိုင်ဒေသကဖြစ်ပါတယ်။ တိုက်ပွဲတွေကလည်း ဆက်ရှိနေဆဲဖြစ်ပြီး ဒုက္ခသည်တွေ ဟာလည်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတာပါ။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာဆိုရင် စစ်ဘေးဒုက္ခသည် အရေအတွက် တစ်သိန်းခြောက် သောင်းကျော်ရှိနေပြီး သူတို့အားလုံးဟာ အတည်တကျမရှိသေးတဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြ ရတာဖြစ်ပါတယ်။
လက်ရှိကာလဟာ မိုးတွင်းကာလဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနေထိုင်ရေး အခက်အခဲဖြစ်နေပြီး စားဝတ်နေရေးလည်း ခက်ခဲနေရတယ်လို့ မြေပုံမြို့နယ် ကိုင်းကြီးဒုက္ခသည် စခန်းတာဝန်ခံ ကိုရွှေစိုးက ပြောပါတယ်။
"ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်အများစုက အခုမိုးတွင်းမှာ နေမယ့်နေရာ အခက်အခဲရှိနေတယ် ပြီးတော့ စားဖို့၊ တစ်မြို့နဲ့တစ်မြို့ မသယ်ရတာတွေရှိနေတော့ စားဖို့မလုံလောက်တာတွေဖြစ်နေတယ် အဲဒီနှစ်ချက် ပေါ့အဓိက"
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာလည်း စစ်ဘေးဒုက္ခသည် တစ်သိန်းတစ်သောင်းကျော်ရှိနေပြီး လိုင်ဇာ၊ မိုင်ဂျာယန် ဒေသလို ကချင်လွှတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်းက ဒုက္ခသည် လေးသောင်း ကျော်ဟာ စားနပ်ရိက္ခာခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
အရင်က အဲဒီဒုက္ခသည်တွေဟာ တရုတ်ပြည်ဘက်က ထောက်ပံ့မှုတွေကို ရယူနေကြရတာဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် တရုတ်နိုင်ငံက အားလုံးကိုပိတ်လိုက်ချိန်မှာ အခက်အခဲ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
သူတို့တွေဆီကို ရိက္ခာရရှိရေးအတွက် အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။
"တရုတ်ပြည်ဘက်က ပို့တာတွေက နည်းနည်းခက်ခဲသွားပြီ၊ ပြည်တွင်းက ပို့မယ်ဆိုတာမှာ သက်ဆိုင်ရာ စစ်တပ်တွေနဲ့ ညှိနှိုင်းရတော့အဲမှာ ခက်ခဲမှုတွေရှိနေပါတယ်။ အဲဒါတွေအမြန်ဆုံးအဆင်ပြေအောင် ကြိုးစားနေပါတယ်။ NGO၊ INGO နဲ့ UN အဖွဲ့တွေကလည်း ကြိုးစားနေပါတယ်၊ တိုက်ရိုက်ကူညီ ထောက်ပံ့နိုင်ရေးပေါ့"
မြန်မာပြည်တွင်းမှာအပြင် ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်နဲ့ ထိစပ်နေတဲ့ ထိုင်း - မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း မြန်မာဒုက္ခသည် တစ်သိန်းနီးပါးရှိနေပြီး သူတို့ဟာ ၉ နှစ်ကျော် ၁၀ နှစ်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေဖြစ်ပါတယ်။ နယ်စပ်က ဒုက္ခသည်တွေနဲ့ ရှမ်းနဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် ညှိနှိုင်းဆောင်ရွက်နေတာတွေ ရှိပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း ကတော့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေခိုလှုံနေတဲ့ IDP စခန်းတွေ ပိတ်သိမ်းနိုင်ရေးကို ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့ ဝန်ကြီးဌာနက IDP ပိတ်သိမ်းရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ဆွဲနေတာရှိတယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနက ဦးစီးပြီးလုပ်တာပါ။ ထိုင်းဘက်က ပြန်လာတာတွေရော နှစ်ပိုင်း ရှိတာပေါ့"
ကချင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်း ၁၇ ခုကို နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးမှာဖြစ်ပြီး လက်ရှိမှာ ပူတာအိုမှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုကို နေရပ်ပြန်နိုင်ရေးစီစဉ်နေတယ်လို့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကူညီပေးနေတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။
တစ်ပိုင်းတစ်စ ကိုယ့်အစီအစဉ်နဲ့ ပြန်နေတာမျိုးတွေရှိနေပြီး အလုံးစုံ စခန်းတစ်ခုလုံးအပြီး ရွှေ့ပေးနိုင်တာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေအပြင် ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိက္ခကြောင့် ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရသူတွေလည်းရှိနေပြီး ၉ နှစ်နီးပါး ဒုက္ခသည်စခန်းတွေထဲမှာပဲ နေထိုင်နေကြရတာကြောင့် သူတို့နေရပ်ပြန်နိုင်ရေးကိုလည်း တောင်းဆိုနေကြပါတယ်။
စစ်တွေမြို့ သက္ကယ်ပြင်ဒုက္ခသည်စခန်းက ဦးကျော်လှအောင်က သူတို့တွေမှာ ဘာမှပြောင်းလဲမှု မရှိသလို မီးမရှိ လမ်းမကောင်း ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ပြောပါတယ်။
"လူ့အခွင့်အရေး ချိုးဖောက်မှုက ကိုယ့်နေရာကိုယ် မသွားရဘူး၊ မြို့ပေါ်ကို မတက်ရဘူး။ အဲလိုပဲ ဒီမှာ ပိတ်ထားတယ်။ ကျွန်တော်တို့က ကိုယ့်နေရာကိုယ် ပြန်နေချင်တယ်၊ အရင်လိုပဲ လွှတ်လွှတ်လပ်လပ် သွားလာချင်တယ် အဲဒါတောင်းဆိုချင်တယ်။ အဆင်ပြေတယ်တော့ မဟုတ်ဘူး၊ WFP ပေးတာနဲ့စားနေရတာ မလောက်ဘူး၊ မီးမရဘူး၊ လမ်းတွေ မကောင်းဘူး အဲဒါပြင်ပေးစေချင်တယ်"
စစ်တွေမြို့မှာ ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းကျော်ရှိနေပြီး သူတို့ဟာ စခန်းပြင်ပ သွားလာခွင့် မရရှိသလို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ ထောက်ပံ့မှုနဲ့သာ စားသောက်နေထိုင်ရတဲ့အတွက် စားဝတ်နေရေးမှာ မလုံလောက်တဲ့ အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။
အလားတူပဲ ၂၀၁၇ ခုနှစ်က ARSA အကြမ်းဖက်တိုက်ခိုက်မှုအပြီး တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက် တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကလည်း ခုနှစ်သိန်းကျော်ရှိနေ ပါတယ်။ အဲဒီဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးကိစ္စ နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်နေပေမယ့် ဒီနေ့အချိန်ထိ တရားဝင် ပြန်လည်ဝင်ရောက်လာသူ မရှိသေးပါဘူး။
အရပ်ဖက်အဖွဲ့အစည်းတွေက ကမ္ဘာ့ဒုက္ခသည်များနေ့ဖြစ်တဲ့ ဒီနေ့မှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် တွေအားလုံး လုံခြုံဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာနဲ့ နေရပ်ပြန်နိုင်ရေးကို တောင်းဆိုထားကြပါတယ်။