PDF တွေ လက်နက်ချရေး နည်းမျိုးစုံနဲ့ စစ်ကောင်စီ စည်းရုံးနေ

2022.06.27
PDF တွေ လက်နက်ချရေး နည်းမျိုးစုံနဲ့ စစ်ကောင်စီ စည်းရုံးနေ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် သပိတ်စစ်ကြောင်းအား ဆားလင်းကြီး PDF များမှ ၂၀၂၂ ခုနှစ် ဖေဖေဝါရီလ ၁ ရက်နေ့က ဝန်းရံခဲ့ကြစဉ်
Photo: MPA

လာမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်ကိုင်တော်လှန်နေကြတဲ့ PDF အပါအဝင် အဖွဲ့အစည်းအချို့ ကို လက်နက်ချအလင်းဝင်ဖို့ စစ်ကောင်စီက မြို့ကြီးအချို့မှာ လော်စပီကာနဲ့ လိုက်ပြီးကြေ ညာနေသလို သတင်းထုတ်ပြန်တာတွေလည်း ဆက်တိုက်လုပ်ဆောင်နေပါတယ်။

PDF အဖွဲ့တွေ လက်နက်ချအလင်းဝင်ကြဖို့ကို ဇွန်လ ၁၂ ရက်နေ့ကစလို့ ဒီနေ့အထိ စစ် ကောင်စီက ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ ဆက်တိုက်ကြေညာနေသလို ဇွန်လ ၁၅ ရက်လောက်ကစပြီး မြို့ကြီးတွေနဲ့ မြို့နယ်အချို့မှာလည်း လော်စပီကာနဲ့ လိုက် လံကြေညာနေတာပါ။

"ဘယ်လောက်ပဲ မြှူဆွယ်မြှူဆွယ်ပေါ့နော်၊ ကျနော်တို့အနေနဲ့ကတော့ ပူးပေါင်းခြင်းတော့ မလုပ်ဘူး"

မန္တလေးမြို့မှာဆိုရင် စစ်တပ်လုံခြုံရေးတွေနဲ့လှည့်ပြီး ကြေညာတာတွေ့ရတယ်လို့ လုံခြုံ ရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ပြောတဲ့အဓိပ္ပာယ်ကတော့ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲ ကျင်းပမယ် ပေါ့နော်။ မဲနိုင်တဲ့ ပါတီကို သူတို့အပ်မယ်ပေါ့။ အဲတော့ PDF တွေအနေနဲ့ လက်နက်ချဖို့၊ လက်နက်ကိုင်ပြီး အလင်းဝင်ဖို့ဆိုပြီး အော်တယ်။ အော်တဲ့အခါမှာ ကားနဲ့လိုက်အော်တာ။ ရှေ့နဲ့ နောက်မှာလည်း စစ်ကားတွေပါတယ်။ အလယ်ကနေ ကားတစ်စီးနဲ့ အော်တာ။ ညပိုင်း ၇ နာရီလောက်မှာ လိုက်အော်တာ”

ဒေသခံတွေကတော့ အခုလိုကြေညာတာကို စိတ်ဝင်စားတာ မတွေ့ရဘူးလို့လည်း သူက ပြောပါတယ်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ (Myaung Revolution Army - MRA) ရဲ့ တာဝန်ခံ ကိုစိန်ကျော်ကတော့ သူတို့အနေနဲ့ လက်နက်ချဖို့မရှိဘူးလို့ ပြောပါ တယ်။

“ကျနော်တို့က သူတို့ကိုတောင် လက်နက်ချပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းပါ၊ ပြည်သူ့ ဘက်တော်သား လုပ်ပါလို့တောင် ပြန်ပြီးတော့ ခေါ်ဖို့ရာတွေ၊ ပြည်သူ့ရင်ခွင်တွေလည်း ရှိနေတာပဲ။ သူတို့ဘက်ကနေလည်း CDM ဝင်လာတဲ့သူတွေရှိတယ်။ တပ်ထဲကနေ ထွက် ပြေးတိမ်းရှောင်လာတဲ့ သူတွေရှိတယ်။ ကျနော်တို့ PDF တွေသည် ပြည်သူတစ်ယောက် အနေနဲ့ ဒါတွေလက်မခံနိုင်လို့ တွန်းလှန်တော်လှန် တိုက်ခိုက်နေရတာ။ ကျနော်သိရ သလောက်ကတော့ ဘယ်သူမှ လက်နက်ချမယ်ဆိုတာ မရှိဘူး။ ကျနော်တို့ကလည်း လက်နက်ချပြီး အလင်းဝင်ဖို့ဆိုတာ လုံးဝစိတ်ကူး မရှိပါဘူး။ အကြမ်းဖက်စစ်ကောင်စီ ကို အမြစ်ပြတ်တဲ့အထိ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်တဲ့အထိ ကျနော်တို့နိုင်ငံမှာ ဘယ်အာဏာရှင်မှ ဒီမြေမှာမကျန်အောင် ကျနော်တို့ တိုက်ထုတ် သွားမှာပါ”

စစ်ကောင်စီအနေနဲ့ မြောင်မြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ်တော်တော်များ များမှာ ရပ်ကျေးအဆင့် ကျောင်းတွေကအစ မဖွင့်နိုင်သလို အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးဆိုင်ရာတွေ ကိစ္စတွေပါ လုပ်လို့မရတာကြောင့် ရွေးကောက်ပွဲလည်း ဖြစ်လာ နိုင်ခြေမရှိဘူးလို့ ကိုစိန်ကျော်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုဟာ နိုင်ငံရေးအရ လှည့်ကွက်တစ်ခုလို့မြင်တဲ့အကြောင်း ကလေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Ranger Kalay Defend Force - RKDF ) ရဲ့ တာဝန်ရှိသူ တစ် ဦးက RFA ကို ပြောပါတယ်။

“ဒီအချိန်မှာ သူတို့မှာ ကျနော်တို့ကိုပြန်ပြီးတော့ လုပ်နိုင်တဲ့အင်အားက မရှိတော့ဘူးလို့ပဲ ကျနော်က ပြောချင်တယ်။ မနိုင်မှာမှန်းသိတဲ့အတွက် သူတို့က ဒီအကွက်ကို ရွှေ့လိုက် တာ။ သူတို့ ကျနော်တို့ကို ဘယ်လောက်ပဲ မြှူဆွယ်မြှူဆွယ်ပေါ့နော်၊ ကျနော်တို့အနေ နဲ့ကတော့ ပူးပေါင်းခြင်းတော့ မလုပ်ဘူး။ ဒါကျနော်တို့ကတော့ လုပ်သင့်လုပ်ထိုက်တာ ကို လုပ်သွားမယ် အဆုံးထိပဲ”

တစ်ဖက်မှာ စစ်ကောင်စီက လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေး အတွက် ဆွေးနွေးချိန်မှာ PDF တွေကို လက်နက်ချဖို့ပြောတာဟာ တမင်သွေးကွဲအောင် လုပ်နေတာပဲဖြစ်တယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ NUG၊ CRPH၊ PDF အဖွဲ့တွေဟာ ရည်ရွယ်ချက်မတူတာကြောင့် မညှိနှိုင်းတာလို့ ပြောပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အခုမှပေါ်ပေါကလာတဲ့ NUG၊ CRPH၊ PDF အမည်ခံ အဖွဲ့အစည်းတွေနဲ့ ရည်ရွက်ချက်ရော၊ လုပ်ဆောင်ချက်ရော တခြားစီပဲ ဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေသည် သူတို့နယ်မြေထဲမှာရှိတဲ့ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဋ္ဌာနဆိုင်ရာအဆောက်အုံတွေကို တိုက်ခိုက်ရိုးထုံးစံလည်း မရှိဘူး။ ရှိရင်တောင်မှ တော်တော်ရှားပါးတဲ့ ဖြစ်စဉ်မျိုးပဲဖြစ်ပါတယ်။ PDF၊ CRPH၊ NUG အမည်ခံ အကြမ်းဖက်အဖွဲ့တွေ ဘယ်လိုဖြစ်လာလဲ။ သူတို့ဘယ်ဟာတွေကို ပစ်မှတ်လားပြီးလုပ်နေလဲ။ ကျောင်းဆရာ ဆရာမတွေကို သတ်တယ်၊ ဘုန်းကြီးတွေကို သတ်တယ်။ ဆေးရုံဆေးခန်းတွေကို ဖောက်ခွဲဖျက်ဆီးခဲ့တာတွေရှိတယ်။ ဒါကြောင့်မို့လို့ အကြမ်းဖက် လုပ်ငန်းတွေကို လုပ်ပြီးမှ အခုချိန်ကျမှ စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းကို သွားပါလို့ ပြောနေတဲ့သူတွေ၊ တိုက်တွန်းနေတဲ့ သူတွေက ဒီအကြောင်းအရာတွေကို မမြင်ဘူးလားလို့ပဲ ကျနော်က မေးခွန်းထုတ်ချင်ပါတယ်”

နိုဝင်ဘာ ရွေးကောက်ပွဲပြီးကတည်းက မဲမသာမှုတွေရှိနေတယ်ဆိုတာကို နိုင်ငံတကာ သိအောင်ချပြထားပြီး ဒါတွေကို ဖြေရှင်းပေးဖို့ စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းနဲ့ လွှတ် တော်လမ်းကြောင်းအတိုင်း အဆင့်ဆင့် သွားခဲ့ပေမယ့် မရှင်းပေးဘဲ လက်နက်ကိုင်ပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ခဲ့တာလို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူး အောင်ကတော့ NUG နဲ့ PDF မပါဘဲ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ပြောပါတယ်။

“စစ်ကောင်စီဟာ နှစ်ပေါင်းများစွာကတည်းက တော်လှန်ရေးအင်အားစုတွေကို ခွဲခြား ဆက်ဆံပြီးတော့ သွေးကွဲအောင် ပြုလုပ်တာကို မဟာဗျူဟာတစ်ရပ်လို ကျင့်သုံးလာ ခဲ့တာဖြစ်ပါတယ်။ အခုလည်း တော်လှန်ရေး အင်အားစုတွေကြားမှာ သွေးကွဲအောင်ဆို ပြီး အသုံးအနှုန်းတွေကအစ အသေးစိတ်ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်နေခြင်းပဲ ဖြစ်ပါ တယ်။ ဒီ NUG၊ PDF တွေမပါဘဲ နောက် စစ်ကောင်စီက နိုင်ငံရေးကထွက်သွားဖို့ စိတ် ဆန္ဒမရှိဘဲ၊ မတရားကျူးလွန်မှုတွေအပေါ်မှာ တာဝန်ခံမယ့်စိတ်မရှိဘဲ ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံ တည်ထောင်ဖို့အတွက် ခိုင်မာတဲ့ ကတိကဝတ် မရှိဘဲနဲ့ကတော့ ဘယ်လိုမှ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ပါဘူးဗျ”

လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ ၂၀၂၃ မှာ ရွေးကောက်ပွဲဖြစ်လာနိုင်ခြေ အတော်နည်း ပေမယ့် စစ်ကောင်စီအနေနဲ့ မဖြစ်ဖြစ်အောင် လုပ်လာနိုင်ပြီး တကယ်လို့ဖြစ်လာခဲ့ရင် လည်း ပြည်သူ့ဆန္ဒကို မထင်ဟပ်နိုင်ဘူးလို့ ဦးနိုင်ထူးအောင်က ဆိုပါတယ်။

NUG အစိုးရလက်အောက် မကွေးတိုင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ခံ ကလည်း စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲဟာ ဖြစ်လာမှာမဟုတ်ဘူးလို့ ပြောပါတယ်။

“ဒီရွေးကောက်ပွဲကတော့ မဖြစ်နိုင်ဘူးလို့ပဲ ယူဆတယ်ပေါ့။ ကျနော်တို့ဒေသမှာဆို ပိုပြီး တော့ မဖြစ်နိုင်ဘူး။ သူတို့အနေနဲ့ တခြားယန္တရားတွေတောင် မလည်ပတ်နိုင်တော့တာ။ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ရွေးကောက်ပွဲမှာလုပ်မယ့် ဝန်ထမ်းကိုရှိမှာမဟုတ်ဘူး ကျနော်တို့ ဒေသကတော့။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လည်း ခုခံတော်လှန်စစ်က ဆက်ပြီးဆင်နွှဲနေတယ်။ အခုဆိုရင် တချို့ဆိုရင် စခန်းသိမ်းတာတွေပါ တက်လုပ်နေတာ ဖြစ်တဲ့အတွက် ရန်ကုန်၊ မန္တလေးတို့လို၊ နေပြည်တော်တို့လို သူတို့စိုးမိုးတဲ့ မြို့ကြီးတွေ၊ မြို့ပေါ်တွေမှာတော့ ဟန်ပြသက်သက် ရွေးကောက်ပွဲတွေတော့ ဖြစ်လာမလားတော့ စဉ်းစားရမှာပေါ့လေ။ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ကျနော်တို့ဒေသမှာဆို ပိုပြီးတော့ မဖြစ်နိုင် ပါဘူးဗျ”

ဒေသခံတွေအနေနဲ့ စစ်ကောင်စီပြောသမျှ ဘာမှကိုဂရုမစိုက်တော့ဘဲ သူတို့လက်ကလွတ်ဖို့ ဆက်ကြိုးစားနေတာကြောင့် စစ်ကောင်စီက မျှော်လင့်ထားသလို လက်နက်ချဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဇွန်လ ၂၀ ရက်နေ့အထိ လက်နက်ချအလင်းဝင်လာသူ ရန်ကုန် တိုင်းက ငါးဦး၊ မန္တလေးတိုင်းက ၂၄ ဦး၊ မကွေးတိုင်းက သုံးဦး၊ စစ်ကိုင်းတိုင်းက ခုနစ်ဦး၊ ဧရာဝတီတိုင်းက ၁၁ ဦး၊ ပဲခူးတိုင်းက ခြောက်ဦး စုစုပေါင်း ၆၆ ဦးရှိတာကြောင့် မိဘအုပ် ထိန်းသူတွေဆီကို အပ်နှံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

military.jpg
PDF အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်ပွဲကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က စစ်ကောင်စီမှ ဖော်ပြခဲ့စဉ် (Photo: Myanmar Military)

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွေး ကောက်ပွဲ ရလဒ်ကို လက်မခံဘဲ စစ်တပ်က အာဏာသိမ်းခဲ့ပေမယ့် နိုင်ငံတကာရော ပြည်တွင်းက ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့တွေကပါ ပြီးခဲ့တဲ့ ၂၀၂၀ ရွေး ကောက်ပွဲဟာ အားနည်းချက် အနည်းငယ်သာရှိပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ် တယ်လို့ ထုတ်ပြန်ပြောဆိုထားကြပါတယ်။

PDF တွေက လက်နက်ချတာ လုပ်မှာမဟုတ်သလို စစ်ကောင်စီဘက်ကနေ ပြည်သူ့ကာ ကွယ်ရေးတပ်တွေဘက် ကူးပြောင်းသူ နှစ်သောင်းကျော်လာတာကို တားဆီးချင်တာ ကြောင့် အခုလို နိုင်ငံရေးလှည့်ကွက်တွေ လုပ်နေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“အခု တပ်က ကူးပြောင်းဝင်ရောက်နေတာ ရဲနဲ့ဆိုလို့ရှိရင် အင်အား နှစ်သောင်းကျော်ရှိ နေပြီ။ ဒီအခြေအနေတွေကို တားဆီးဖို့အတွက် နိုင်ငံရေးလုပ်ကွက်တစ်ကွက် ဖြစ်တယ် လို့ ကျနော်ကတော့ အကဲဖြတ်ပါတယ်။ ဘယ် PDF မှလည်း လက်နက်ချတာ မလုပ်ကြ ပါဘူး။ ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးက မုချအောင်မှာပါပဲ။ ဒါပေမဲ့ အချိန်ကာလကတော့ ကံသေကံမ သတ်မှတ်လို့တော့ မရဘူးပေါ့ဗျာ။ သို့သော် ရေရှည်ကြီးတော့ ဖြစ်မှာမဟုတ်ပါဘူး”

စစ်ကောင်စီအနေနဲ့ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကို ရှိတဲ့လူနဲ့ မဖြစ်ဖြစ်အောင် လုပ်နိုင် တာကြောင့် ပြည်သူတွေဘက်ကလည်း အဲဒီအချိန်မတိုင်ခင် စစ်ကောင်စီကို ဦးချိုးအနိုင် ယူနိုင်အောင် ကြိုးစားရမယ်လို့ ဦးသန်းစိုးနိုင်က ဆိုပါတယ်။

စစ်ကောင်စီက လက်ကိုင်ထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အချိုးကျကိုယ် စားပြုစနစ်နဲ့ ရွေးကောက်ပွဲလုပ်ဖို့ အခွင့်အရေး မပေးထားတာကြောင့် ဒါကိုအရင်ပြင်ရ ဦးမှာဖြစ်သလို ပြည်သူတွေ အားလုံးကလည်း ဒီရွေးကောက်ပွဲအပေါ် ထောက်ခံပါဝင်တာ ရှိလာမှာမဟုတ်ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

၂၀၁၀ နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ သုံးကြိမ် ကျင်းပခဲ့ပြီး မြို့ နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ၂၀၁၀ ရွေးကောက်ပွဲမှာ ၃၂၅ မြို့နယ်၊ ၂၀၁၅ ရွေးကောက်ပွဲ မှာ မြို့နယ် ၃၂၃ မြို့နယ်၊ ၂၀၂၀ ရွေးကောက်ပွဲမှာ မြို့နယ် ၃၁၅ မြို့နယ် ကျင်းပနိုင်ခဲ့ပါ တယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ NLD ပါတီက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဲဆန္ဒ နယ် စုစုပေါင်း ၁၁၁၇ နယ် ရှိတဲ့ အထဲမှာ ၉၂၀ နေရာခဲ့ပြီး ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။