စစ်ကောင်စီအတွက် လက်နက်ဝယ်ပေးနေတဲ့ ကုန်သည်တွေကို ဖော်ထုတ်
2022.02.08

စစ်ကောင်စီအတွက် International Gateways Group of Companies Limited (IGG)၊ Myanmar Consultancy Company Limited နဲ့ Myanmar New Era Trading Company တို့က ဒေါ်လာသန်းနဲ့ချီပြီး စစ်လက်နက်နဲ့ စက်ပစ္စည်းတွေ ဝယ်ယူပေးတယ်လို့ Justice for Myanmar က ဖေဖော်ဝါရီ ၇ ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။
လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေကို အခြေခံပြီး မြန်မာစစ်တပ်ရဲ့ လက်နက် ပွဲစားတွေကို Justice for Myanmar က အစဉ်တစိုက် ရှာဖွေ ဖော်ထုတ်နေပြီး ခုနောက်ဆုံး ဒီကုမ္ပဏီ တွေအကြောင်း ဖွင့်ချလိုက်တာပါ။
စစ်တပ်နဲ့ဆက်နွယ်တဲ့ ကုမ္ပဏီ ဦးဆောင်ညွှန်ကြားရေမှူးတွေနဲ့ အစုရှယ်ယာဝင် ပုဂ္ဂိုလ် ၁၈ ယောက်ကို ဖော်ပြထားပြီး ဒီအထဲ လေးယောက်က မိသားစုဝင်တွေ ဖြစ်ကြပါတယ်။
အဲဒီ လေးယောက်ကတော့ IGG ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာနိုင်ထွဋ္ဋ်အောင်နဲ့ ဇနီး ဒေါ်ဝေဝေယဉ်၊ သား ဦးရန်ငြိမ်းအောင်နဲ့ ဦးမိုးမြတ်အောင်တို့ ဖြစ်ပါတယ်။ ဒေါက်တာနိုင်ထွဋ်အောင်ဟာ မြန်မာ့စစ်လက်နက်ကုန်သွယ်ရေးမှာ အဓိကပုဂ္ဂိုလ်ဖြစ်ပြီး အထူးသဖြင့် တရုတ်နိုင်ငံက စစ်လက်နက်ပစ္စည်းပေးသွင်းသူတွေနဲ့ လေတပ်၊ ရေတပ်တို့ကို ဆက်သွယ်ပေးတယ်လို့ ဆိုပါတယ်။
ဒေါက်တာနိုင်ထွဋ္ဋ်အောင် ဦးစီးတဲ့ International Gateways Group of Companies Limited (IGG) ရဲ့ ကုမ္ပဏီခွဲ Gatesways Hongkong Company Limited ဟာ ၂၀၁၅- ၁၆ ဘဏ္ဍာရေးနှစ်မှာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်း တင်သွင်းဖို့ အနည်းဆုံး စာချုပ် တစ်ဒါဇင်ချုပ်ဆိုတယ်လို့ Justice for Myanmar က ဖော်ပြပါတယ်။
လေတပ်ပိုင် ဂျက်တိုက်လေယာဉ်တွေနဲ့ တခြားလေယာဉ်တွေ အဆင့်မြှင့်ဖို့နဲ့ အပိုပစ္စည်းတွေ တင်သွင်းဖို့ အမေရိကန်ဒေါ်လာ ၈ သန်းဖိုးရှိတဲ့ ကန်ထရိုက်တွေလို့ ပြောပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံမှာ Gateways Hongkong Company ရုံးတွေရှိပေမဲ့ ဟောင်ကောင်ရုံးကနေလက်နက်တွေ ဝယ်ယူပါတယ်။
Justice for Myanmar က ဖော်ထုတ်လိုက်တဲ့ လူတွေတစ်ဦးချင်းစီဟာ စင်ကာပူနိုင်ငံမှာ ကုမ္ပဏီခွဲတွေ ဖွင့်ထားပါတယ်။ အဲဒီ မြန်မာလက်နက် ပွဲစားတွေဟာ မြန်မာစစ်တပ်နဲ့ နိုင်ငံတကာလက်နက်ရောင်းချသူတွေကြား ငွေပေးငွေချေ အဆင်ပြေအောင် စင်ကာပူကို အမြဲတမ်း အသုံးပြုတယ်လို့ ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတခုမှာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း လေယာဉ်တွေအတွက် စက်ပစ္စည်း အစိတ်အပိုင်းတွေနဲ့ စစ်သင်္ဘောတွေအတွက် စစ်လက်နက်တွေကို ကုမ္ပဏီတစ်ခုတည်းက စုစုပေါင်းအမေရိကန်ဒေါ်လာ ၃.၇ သန်းကျော်ဖိုး ငါးကြိမ်ဝယ်တယ်လို့ Justice for Myanmar ကဖော်ပြပါတယ်။
MCC- Myanmar Consultancy Company Limited ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာစစ်တပ်အတွက် စက်ပစ္စည်းတွေ တင်သွင်းပေးတယ်လို့ လည်းဆိုပါတယ်။
Mi-8/Mi-17 ရဟတ်ယာဉ်နဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေနဲ့ လေယာဉ်အစိတ်အပိုင်းတွေကို အထူးတင်ပို့တဲ့ ALLWE ရုရှားကုမ္ပဏီနဲ့ MCC က ပွဲစား လုပ်ပေးတယ်လို့ ပြောပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေး အချက်အလက်တွေကို စုဆောင်းတဲ့ သွင်းကုန်-ပို့ကုန်ဆိုင်ရာ သုတေသနလုပ်တဲ့ Import Genius က Myanmar New Era Trading Company ဟာ စစ်ရဟတ်ယာဉ်အပိုပစ္စည်းတွေကို ၂၀၁၇ နဲ့ ၂၀၂၀ မှာ ရုရှားကနေ ၈၃ ကြိမ် တင်သွင်းပေးတယ်လို့ ဖော်ပြပါတယ်။
Mi-17 ရဟတ်ယာဉ်တွေအတွက် တင်သွင်းပေးတာဖြစ်ပြီး ၂၀၂၁ နိုဝင်ဘာမှာ ဖြစ်ပွားတဲ့ မကွေးတိုင်း ဆောမြို့တိုက်ပွဲမှာ စစ်ကောင်စီက ရဟတ်ယာဉ်တွေ အသုံးပြုပြီး တပ်ဖွဲ့ဝင်တွေ သယ်ယူပို့ဆောင်ပေးဖို့ Mi-17 ကို သုံးတယ်လို့ ဆိုပါတယ်။ ဒီအတွက် ဒီကုမ္ပဏီတွေကို အရေးတကြီး ပစ်မှတ်ထား အရေးယူပိတ်ဆို့ဖို့ Justice for Myanmar ကတိုက်တွန်းလိုက်ပါတယ်။