ကော့ကရိတ်မြို့တိုက်ပွဲ ပြင်းထန်နေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ မဟာမိတ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDFပူးပေါင်းတပ်တွေ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးနဲ့ မြို့တွင်းကို ပစ်ခတ်တိုက်ခိုက်တာအပြင် နေအိမ်တွေကို မီးရှို့တာတွေ နေ့စဉ်လို လုပ်ဆောင်နေတယ်လို့ ကျားဖြူစစ်ကြောင်း တပ်ခွဲ (၅) ရဲ့ တပ်ခွဲမှူး ရဲဘော် သောမတ်က RFA ကိုပြောပါတယ်။
“ကျွန်တော်တို့လာနိုင်မဲ့လမ်းတွေ ရပ်ကွက်တွေမှန်သမျှ မီးရှို့တာမျိုးတွေ၊ လက်နက်ကြီးနဲ့ ပစ်တာမျိုးတွေ ဟောင်ဝစ်ဇာနဲ့ပစ်တာမျိုးတွေပေါ့နော် စကခ (၁၂) က သူတို့ နေ့စဉ်ရက်ဆက်ကို လုပ်နေတာပေါ့”
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက် ၅နာရီ ၃၀ မိနစ်အချိန်မှာ ခလရ (၉၇) တပ်ရင်း အနီးတစ်ဝိုက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်တပ်လက်နက်ကြီးကြောင့် ဝင်းကြီးရပ်ကွက် တောင်စွန်းတံတားနားမှာ မီးလောင်ကျွမ်းခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
"ဒီမနက် ငါးနာရီခွဲလောက်ကနေ စဖြစ်တယ်၊ ၉၇ တော့၊ အခုက တိုက်ပွဲတွေက မပြီးသေးဘူး၊ အခုထပ်ကြားတယ်၊ အခုမြို့တော်ဦးဘက်မှာ ခန့်မှန်းခြေပေါ့၊ အသေစာရင်းအတိကျမရသေးဘူး၊ ဝင်းကြီးအမှတ် ၂ ဘက်မှာတော့ မီးလောင်တာတွေ သိရှိခဲ့ရတယ်၊ တိုက်ပွဲက ၉၇ ကို ဝင်ပစ်တာပါ၊ တိုက်ပွဲကလည်း အခုမပြီးသေးဘူးလေ အခုပစ်တုန်းပဲ"
ကော့ကရိတ်မြိုတွင်း ရပ်ကွက် ခုနစ်ခုမှာ စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး၊ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်တာတွေကြောင့် မီးလောင်ပျက်စီးဆုံးရှုံးတဲ့ နေအိမ်အဆောက်အဦ အလုံး ၃၀၀ နီးပါး ရှိလာပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ သုံးသောင်းကျော်အထိ ရှိလာနေတယ်လို့ ကရင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြပါတယ်။
ကော့ကရိတ်မြို့မှာ တိုက်ပွဲဖြစ်တာ နှစ်လနီးပါး ကြာမြင့်လာပြီဖြစ်ပြီး ဒုက္ခသည်တွေ အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတယ်လို့ ဘားအံမြို့ဘက်ကို စစ်ဘေးရှောင်နေရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
"အခုအနေအထားက ပိုပြီးတော့တောင် ကျပ်နေတယ်၊ ကလေးတွေနဲ့ပေါ့၊ အခုက သူများရွာမှာ လာနေနေရတယ်၊ ဒီနေ့ဆို ဘာမှမချက်ရဘူး၊ မနေ့ကလည်း ထမင်းကို ရေလောင်းပြီးစားရတယ် ကလေးတွေဆိုလို့ရှိရင်၊ ဒီနေ့ဆို ငတ်ပြီ၊ မြန်မြန်ပြီးပါစေလို့ဘဲ ဆုတောင်းတယ်၊ ကိုယ့်မှာကလည်း အလုပ်ကမရှိဘူး၊ ပတ္တူကာပြီးတော့ မြေကြီးမှာ နေရတာ၊ ပါလာတဲ့ဟာတွေလည်း ရောင်းစားလို့ ကုန်ပြီး၊ ကလေးက ငါးယောက်ရှိတယ်လေ၊ လေးနှစ်က အငယ်ဆုံးပေါ့၊ အခုနေတာကတော့ ဘားအံနားက ရွာမှာပဲ၊ စစ်ရှောင်နေတာ၊ ကော့ကရိတ်ကနေ လိုက်လာတဲ့ကား အဲ့ဒီရွာမှာချပေး ကိုယ်လည်းဘယ်မှ သွားမတက်ဘူး၊ အခုကတော့ အစားအသောက်တွေဘာတွေ ခက်ခဲတာပေါ့၊ ဘယ်သူ့ကို အကူညီတောင်းရမှန်းလဲမသိ၊ အခုအခြေနေမှာ ကလေးတွေဆိုလည်း အခုဆိုနေမကောင်းဘူး၊ ဆေးခန်းပြဖို့ ပိုက်ဆံတောင်မရှိဘူး၊ ဖြစ်ချင်ရာ ဖြစ်ပါစေတော့ ပုံစံမျိုးနဲ့ နေနေရတာပေါ့”
ကော့ကရိတ်မြို့တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချူပ်ဇော်မင်းထွန်းနဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူတို့ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။
လက်ရှိမှာ စစ်တပ်က မြိုတွင်း KNLA မဟာမိတ်ပူပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားနေတဲ့ နေရာတွေကို မြို့ပြင်မှာရှိတဲ့ လှိုင်ဝအမြောက်တပ်နဲ့ မြို့တွင်း ခလရ (၉၇) တပ်တွေကနေ ပစ်ခတ်တိုက်ခိုက်နေပြီး ဒရုန်းဗုံးချ တိုက်ခိုက်နေတယ်လို့ အမည်မဖော်လိုသူ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"အခုတိုက်ပွဲ ဖြစ်နေတာ ငါးညလောက်တော့ရှိပြီပေါ့၊ ည ၇ နာရီနောက်ပိုင်းမှာ အချိန်မှန်ဖြစ်နေကြတယ်၊ အခုလည်း လက်နက်ကြီးသံတွေက ကြားနေရတုန်းပဲ၊ သူတို့က လက်နက်ကြီးတွေကို အဓိကထားပြီးပစ်တာပေါ့၊ ၈၀ မမ၊ ၁၂၀ မမတို့နဲ့ အထိအခိုက်ကတော့ လိုင်းပျက်နေလို့ အသေချာမသိရသေးပါဘူးဗျ"
ကရင်ပြည်နယ်အတွင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ထိန်းချုပ်နယ်မြေထဲမှာတော့ ကော့ကရိတ်မြို့အပြင် မြဝတီ၊ သင်္ဃန်းညီနောင်၊ ကျုံဒိုး၊ ခုနှစ်တိုင်ကျေးရွာ ၊ ကျိုက်ဒုံနဲ့ သံတောင်မြို့တွေဘက်မှာ စစ်တပ်ရဲ့ စစ်စခန်းနေရာတွေနဲ့ တိုက်ပွဲတွေ ဆက်ပြီးဖြစ်ပွားနေတယ်လို့ KNLA မဟာမိတ် ပူးပေါင်းတပ် သတင်းအရင်းအမြစ်တွေ ပြောဆို ချက်အရ သိရပါတယ်။