ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကရင်နီဒေသခံတွေ ဝေဖန်ပြောဆို

စိုးစိုးထက်
2020.08.10

ကယားပြည်နယ်လို့ခေါ်တဲ့ ကရင်နီဒေသ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းတွေကို အားရကျေနပ်မှုမရှိဘူးလို့ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လေ့လာသူတွေက  ပြောဆိုနေကြပါတယ်။ ပြည်နယ်အစိုးရနဲ့ အာဏာရ NLD ပါတီကတော့ ဒေသတွင်း ငြိမ်းချမ်းရေးလုပ်ငန်းအတွက် အထောက်အကူဖြစ်နိုင်တာတွေ ဆောင်ရွက်နေတယ်လို့ တုံ့ပြန်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေ သိသိသာသာ တိုးတက်လာမယ်လို့ တိုင်းရင်းသားအားလုံးက မျှော်လင့်ခဲ့ကြပါတယ်။ NLD အစိုးရ တက်လာပြီးနောက်ပိုင်း လေးနှစ်ကျော်၊ ငါးနှစ်ထဲကို ရောက်လာတဲ့အချိန်ထိ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ အများမျှော်လင့်သလို ဖြစ်မလာတာကို အားမလိုအားမရ ဖြစ်နေကြတာပါ။ အဲဒီထဲမှာ ကရင်နီဒေသခံ တိုင်းရင်းသားတွေလည်း ပါဝင်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းလို့ ပြောရာမှာ ယုံကြည်မှု တည်ဆောက်ရေးကိစ္စဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခု ဖြစ်ပါတယ်။

NLD အစိုးရအနေနဲ့ ကရင်နီဒေသခံတွေရဲ့ ယုံကြည်မှုတည်ဆောက်ရေးပိုင်းမှာ မရှိသလောက် အားနည်းနေတယ်လို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက ဝေဖန်နေပါတယ်။

ယုံကြည်မှုတည်ဆောက်ရေးအပိုင်းတွေမှာ အစိုးရနဲ့ အဆင်ပြေနိုင်တဲ့ အဖွဲ့အစည်းတွေနဲ့သာ အဓိက ဆောင်ရွက်နေတာကို တွေ့ရတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) အထွေထွေအတွင်းရေးမှူး မူလားကော်ရက်တီ က ပြောပါတယ်။

“ပြည်သူတွေနဲ့အဓိက ယုံကြည်မှုတွေ တည်ဆောက်ရမယ်။ ငြိမ်းချမ်းရေးလမ်းစဉ်ပဲ ကြည့်ကြည့်ပေါ့နော်။ ဒါမှမဟုတ်ရင် ဒီနိုင်ငံရေးအကြောင်းကိုပဲ ကြည့်ကြည့်ပေါ့နော်။ တိုင်းရင်းသားလက်နက်ကိုင်တွေ အဓိက ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်နေတဲ့အနေအထားမှာ ရှိနေသော်ငြားလည်းပဲ ခုနက ပြောသလိုမျိုး ပိုပြီးတော့ လိုအပ်နေတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ ပိုပြီးတော့ အဆင်ပြေနိုင်မယ်။ သူတို့အတွက် ပိုပြီးတော့မှ ကာဗာလေးတွေဖြစ်နိုင်မယ်လို့ထင်တဲ့ အစုအဖွဲ့လေးတွေကို သွားပြီးတော့ ယုံကြည်မှုတည်ဆောက်တဲ့ အပိုင်းက ပိုပြီးတော့မှ အားကောင်းနေတယ်ဆိုတာကို တွေ့ရတယ်ပေါ့နော်။ ဒါက ကျမတို့ ပြည်သူတစ်ယောက်အနေနဲ့ ကျမတို့ မျှော်လင့်ထားတဲ့ အတိုင်းအတာမဟုတ်နေဘူးဆိုတဲ့ တစ်ခုပေါ့နော်။”

အစိုးရက ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး တန်းတူပါဝင်ခွင့်မပေးဘဲ ပြည်ထောင်စုငြိမ်းချမ်းရေးကို ထပ်လုပ်မယ်ဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရဦးမှာမဟုတ်ဘူးလို့လည်း ပြောဆိုချက်တွေ ရှိနေပါတယ်။

“တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရဖို့ကလည်း အားလုံးပါဝင်ဖို့ အရေးကြီးတယ်။ အဲလိုမျိုး ပါဝင်မှုမပါတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကတော့ ဒီအတိုင်းပဲ ကတိကဝတ်လည်းမရှိဘူး။ အားလုံးလည်း ပါဝင်မှုမရှိဘူးဆိုရင်တော့ ဒီအတိုင်းပဲ ရေစုန်မျောနေအုံးမှာပါပဲ။”

နိုင်ငံရေးကိစ္စရပ်တွေ ဆွေးနွေးချိန်မှာ ကရင်နီဒေသခံ တောင်သူတွေကို တပ်မြေကျူးကျော်တယ်ဆိုပြီး တပ်မတော်က တရားစွဲတာတွေကလည်း ငြိမ်းချမ်းရေးကို အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင်တယ်လို့ ဝေဖန်ထောက်ပြသူတွေလည်း ရှိပါတယ်။

“ငြိမ်းချမ်းရေးနဲ့ ဘယ်လိုတစ်ဆို့မှုတွေ ဖြစ်လာနိုင်သလဲဆိုရင်တော့ အထူးသဖြင့် ဒီတစ်ဘက်နဲ့တစ်ဘက် တွေ့ဆုံညှိနှိုင်းမှု လုပ်ဆောင်တဲ့နေရာမှာ တခြားကိစ္စရပ်တွေကို လုပ်ဆောင်တဲ့အခါမှာ ပြည်သူလူထုရဲ့တောင်းဆိုမှုက တစ်ခါတစ်လေက ရှိလာတယ်။ ရှိလာတဲ့အခါကျတော့ တစ်ခါတစ်လေမှာ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲက တချို့အပိုင်းတွေမှာက ဒီနိုင်ငံရေးကိစ္စရပ်တွေ ပြန်လည်သင့်မြတ်ရေးကိစ္စရပ်တွေ ဒီဖက်ဒရယ်ကိစ္စရပ်တွေအားလုံး ပြောဆိုဆွေးနွေးမှုက ဒီအနာဂတ်အတွက် ဖြစ်ပေမယ့်လည်း တစ်ဘက်ကလည်း ကြားကာလမှ ဒီပြည်သူလူထုရဲ့ဒီနစ်နာမှုတွေ ဟိုတောင်းဆိုလာတဲ့ အခြေအနေမျိုးတွေ ရှိလာတဲ့အခါကျ ဒီကိစ္စရပ်တွေက ဒီနိုင်ငံရေးဆွေးနွေးပွဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လာပြီးတော့မှ သက်ရောက်တာပေါ့နော်။”

တောင်သူတွေ မတရားခံနေရတာနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးတည်ဆောင်တဲ့နေရာမှာ နှစ်ဘက် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်စေတယ်လို့လည်း ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂက ကိုဒီးဒီက ပြောပါတယ်။

“ငြိမ်းချမ်းရေး နိုင်ငံရေးဘက်ကနေ စဉ်းစားမယ်ဆိုရင်တော့ ဒါက ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးပေါ့နော်။ နိုင်ငံရေးအရ ကစားနေတာလား။ နိုင်ငံရေးအရ အမြတ်ထုတ်တာလား ပြည်သူတွေကို သွေးတိုးစမ်းတာလား။ ပြည်သူတွေကို စိတ်အနောက်အယှက်ဖြစ်အောင်ဟို ကိုယ်ကာယဆိုင်ရာ ပင်ပန်းအောင်၊ အချိန်ကုန်အောင်၊ စိတ်ပင်ပန်းအောင် လုပ်တာလားလို့ ကျနော့်အနေနဲ့ စဉ်းစားမိတယ်။ ဒါကတော့ ငြိမ်းချမ်းရေးဘက်မှာလည်း ဒီလိုလုပ်ရတာက ထိခိုက်စေပါတယ်။”

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ ပြည်နယ်အစိုးရအကြား ချုပ်ဆိုထားတဲ့ နှစ်ဦးနှစ်ဘက် သဘောတူညီမှုစာချုပ် (Bilateral Agreement) အရ KNPP နဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေ ပြည်နယ်အတွင်းမြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ညှိနှိုင်းဖြေရှင်းဖို့ တစ်လတစ်ကြိမ် တွေ့ဆုံမယ်ဆိုတဲ့အချက် ပါရှိပါတယ်။

လက်တွေ့မှာတော့ ပြည်နယ်အဆင့်မှာလည်း ပုံမှန်တွေ့ဆုံနိုင်တာ မရှိတဲ့အပြင် ပင်လုံညီလာခံမှာလည်း ကရင်နီဒေသအရေး လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်မရှိဘူးလို့ ကော်ယော်မျိုးနွယ်စုလူငယ် ဗဟိုကော်မတီဝင် နန်းရီက ပြောပါတယ်။

“ညီလာခံမှာလည်း ကျနော်တို့ ပြန်ကြားရတယ်။ ဆွေးနွေးပိုင်ခွင့်တွေကလည်း လွတ်လွတ်လပ်လပ် မရဘူး။ စာတမ်း တက်ဖတ်ကြတယ်။ အဲဒါကို တကယ်အရေးကြီးတဲ့ ထားလိုက်ပါတော့ နိုင်ငံရေးလမ်းကြောင်းတွေ သွားမယ်။ စစ်ပိုင်းဆိုင်ရာတွေ ဆွေးနွေးမယ်။ ဖယ်ဒရယ်ဆိုတဲ့ ကိစ္စရပ်တွေ ဆွေးနွေးမယ်ဆိုလို့ရှိရင် ဆွေးနွေးခွင့် လွတ်လွတ်လပ်လပ်မရဘူးလို့ ကျနော်တို့ အများကြီးကြားရတယ်။ ဒါကလည်း အားနည်းချက်ပေါ့နော်။”

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာတော့ ၂၀၂၀ ခုနှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခဲ့ကြပြီး ပြည်နယ်ဖွံ့ဖြိုးရေးကိစ္စတွေကိုသာ ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်က ဇူလိုင်လ ၂၄ ရက်နေ့က ပြည်နယ်ခန်းမမှာကျင်းပတဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“ဆွေးနွေးတဲ့ဟာကတော့ ဖွံ့ဖြိုးရေးလုပ်ဆောင်တဲ့ကဏ္ဍတွေမှာ ဆောင်ရွက်နိုင်တဲ့ကဏ္ဍတွေကို မူဝါဒတွေနဲ့အညီ ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားလိုပါတယ်။ ငြိမ်းချမ်းရေး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိ နိုင်ငံတော်ရဲ့ မူဝါဒနဲ့အညီပဲ လာမယ့် အနာဂတ်ကာလမှာလည်း KNPP အဖွဲ့နဲ့ချစ်ကြည်ရင်းနှီးစွာ ဆက်လက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း ဖြေကြားလိုပါတယ်”

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုထားတဲ့ အဖွဲ့တွေကိုသာ ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးခွင့်ပေးတာတွေ၊ (NCA) ထိုးထားတဲ့ အဖွဲ့တွေနယ်မြေမှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်နေတာတွေကို အစိုးရက ပြန်လည်သုံးသပ်သင့်နေပြီလို့လည်း ပြောဆိုနေကြပါတယ်။

“၂၁ ရာစုပင်လုံစသည်ဖြင့် အဲဒီအခင်းအကျဉ်းမှာပါဝင်ဖို့ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့သူ ပါဝင်လာအောင်တော့ လှုံ့ဆော်ပေးသင့်တယ်လို့ ကျနော်မြင်တယ်။ အဲလိုမျိုးသွားမှ ကျနော်တို့လိုချင်တဲ့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ပစ်ခတ်ရပ်စဲရေးတွေ အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်တယ်။ နောက်တစ်ခု ပြန်ကြည့်လိုက်ရင် ဒီ NCA ထိုးထားပြီးတော့မှ လက်မှတ်ထိုးထားပြီးတော့မှ လက်မှတ်ထိုးထားတဲ့သူတွေပဲ ပါသွားတယ်။ ကျန်တဲ့သူက လေ့လာသူအနေနဲ့ပဲ ပါသွားတယ်ဆိုတာ မဖြစ်သင့်ဘူးပေါ့နော်။ နောက်တစ်ခုက NCA လက်မှတ်ထိုးထားတဲ့သူကကျတော့ တိုက်ပွဲတွေ ပြန်ပြီးတော့ ဖန်တီးတယ်ဆိုတဲ့အနေအထားမှာကျတော့ တကယ် ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်မလားပေါ့ ဆိုတော့ဒါတွေကို အကုန်လုံးပြန်သုံးသပ်ဖို့လိုမယ်။”

ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြေးရုပ်ကို ကရင်နီလူငယ်တွေ ကန့်ကွက်ခဲ့ချိန်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီတွေဟာ ၂၀၁၉ ခုနှစ် မေလ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးမှု တစ်ကြိမ် ရှိခဲ့ပါတယ်။

အဲဒီနောက် လစဉ်တွေ့ဆုံမှုကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ တစ်ကြိမ်၊ ဒီဇင်ဘာလ ၉ ရက်နေ့မှာ တစ်ကြိမ် နောက်ဆုံး တွေ့ဆုံခဲ့ဖူးတာဖြစ်ပါတယ်။

ကယားပြည်နယ် အစိုးရအဖွဲ့နဲ့ ပြည်နယ်အတွင်းက နိုင်ငံရေးအသိုင်းအဝိုင်းတွေအကြား ပဋိပက္ခဖြစ်တာတွေ ရှိတာကြောင့် NLD ပါတီအနေနဲ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ဆွေးနွေးတာတွေရှိကြောင်း ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

အခုလို သက်ဆိုင်ရာ အစိုးရတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အပြန်အလှန်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်ဆိုရင် ပြည်နယ်ငြိမ်းချမ်းဖို့ လမ်းကြောင်းတစ်ခုပေါ်လာမယ်လို့ မျှော်လင့်နေသူတွေလည်း ရှိပါတယ်။

“ပြည်နယ် ငြိမ်းချမ်းရေးဖြစ်ဖြစ်၊ နိုင်ငံ ငြိမ်းချမ်းရေးဖြစ်ဖြစ်ပေါ့နော်။ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်များကြားမှာပဲဖြစ်ဖြစ်၊ ပြည်သူလူထုကြားမှာပဲဖြစ်ဖြစ် အချင်းချင်းသင့်မြတ်ကြပြီးမှ ငြိမ်းငြိမ်းချမ်းချမ်း နေကြမယ်ဆိုရင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်က တကယ်ပဲ အသက်သွင်းနိုင်မယ်လို့ ကျမ အဲလိုမျိုး ယုံကြည်မိပါတယ်။”

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီအနေနဲ့ ၂၀၁၂ ခုနှစ်မှာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် (NCA) မထိုးထားရသေးတဲ့အဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။