လက်ပံတောင်းစီမံကိန်း အကြံပြုချက် အကောင်အထည် မဖော်နိုင်သေး

ဇာဏီထွန်း
2020.01.13
lpt-622 စစ်ကိုင်းတိုင်းဒေသကြီးက လက်ပံတောင်းတောင်ဒေသကို တွေ့ရစဉ်
Photo: RFA

တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်တို့ ပူးပေါင်းအကောင်ထည်ဖော်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံတကာရှုထောင့်မျိုးစုံကို ခြုံငုံစဉ်းစားပြီး ဆက်အကောင်ထည်ဖော်သင့်တယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကော်မရှင်က အကြံပြုတဲ့အတိုင်း စီမံကိန်းကို ဆက်အကောင်ထည်ဖော်နေပေမယ့်  ကော်မရှင်ကအကြံပြုခဲ့တဲ့ မြေယာလျော်ကြေး၊ အစားထိုးမြေယာပေးဖို့ကိစ္စတွေကတော့ အဆင်မပြေသေးပါဘူး။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်က အကြံပြုချက်ပေးထားတာဆိုရင် ခြောက်နှစ်ကျော်ခဲ့ပါပြီ။

စီမံကိန်းစခဲ့တဲ့ ၂၀၁၁ လောက်က မြေတွေသိမ်းခဲ့ပြီး ပေးခဲ့တဲ့လျော်ကြေးတွေဟာ ကာလတန်ဖိုးမဟုတ်တာကြောင့် ဒေသခံတွေနစ်နာလို့ လျော်ကြေးကို ကာလတန်ဖိုးနဲ့ကိုက်ညီအောင် တိုးမြှင့်ပေးသင့်တယ်လို့ ကော်မရှင်က အကြံပြုခဲ့တာပါ။

ဒါပေမဲ့ ပေးတဲ့လျော်ကြေးနဲ့ လက်ရှိမြေပေါက်ဈေး ကွာခြားချက်ကြောင့် ညှိနှိုင်းလို့မရသေးတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆည်တည်းရွာဒေသခံ မရီဝင်းက ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီဟာ ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာတာမရှိသေးဘူးလို့ မြေသိမ်းခံတောင်သူတစ်ယောက်ဖြစ်တဲ့ တောကျောင်းရွာက ဒေါ်စန်းနွဲ့က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်က ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ဝင် ၁၆ ယောက်ပါတဲ့ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်က ၂၀၁၃ ခုနှစ် မတ်မှာ အပြီးသတ်အစီရင်ခံစာကို သမ္မတဆီ တင်သွင်းခဲ့ပါတယ်။ အဲဒီအထဲမှာ သုံးသပ်ချက်တွေနဲ့ အကြံပြုချက်တွေအပါအဝင် အချက်ပေါင်း ၉၆ ချက်ပါဝင်ပါတယ်။

လက်ပံတောင်းတောင်စီမံကိန်းအတွက် မြေတွေကို သိမ်းယူတဲ့မြေဧက ၇၈၀၀ ကျော်ရှိပြီး လိုအပ်တဲ့ ပမာဏထက်ပိုပြီး သိမ်းယူထားတာကိုတွေ့ရတယ်လို့ ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သတ္တုတွင်း စီမံကိန်းအတွက် သတ္တုသိုက်တွေ ရှိတဲ့နေရာသာမက အခြားစိုက်ပျိုးမြေ ဧရိယာတွေကိုလည်း ရယူထားတာကြောင့် ဒေသခံတွေဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေအစား ပတ်ဝန်းကျင်ကျေးရွာတွေက မြေလွတ်၊ မြေလပ်တွေမှာ ခွဲဝေပေးသင့်တယ်လို့ ပါရှိထားတာပါ။

အစားထိုးမြေဧက ၁၉၀၀ ကို ရွာနီးနားပတ်ဝန်းကျင်မှာ စိုက်ပျိုးမြေဖြစ်အောင် ပြုပြင်ပြီး ခွဲဝေပေးသင့်တယ်လို့ အကြံပြုထားပါတယ်။

အဲဒီမြေဧကတွေအတွက်လည်း တောင်သူတွေက မြေယာလျော်ကြေး မယူထားရသေးဘူးလို့လည်း သိရပါတယ်။

ကော်မရှင်အကြံပြုတဲ့အတိုင်း အစားထိုးမြေတွေကို ဖော်ဆောင်ပေးဖို့ ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ဒေသခံတွေက ဆန္ဒပြတောင်းဆိုတာတွေ အကြိမ်ကြိမ် လုပ်ခဲ့ကြပါတယ်။ အဲဒီလို ဆန္ဒပြကြလို့လည်း အမှုဖွင့်ခံထားရတာတွေ ရှိကြပါတယ်။ စစ်ကိုင်းတိုင်းအစိုးရက ချထားပေးတဲ့နေရာတွေဟာ စိုက်ပျိုးလို့မရတဲ့ မြေတွေဖြစ်တာ၊ ရွာနဲ့ မိုင် ၄၀ လောက်ဝေးတဲ့ ကနီမြို့ထဲမှာရှိနေတာကြောင့် လက်မခံကြပါဘူး။

ဒေသခံတွေလိုချင်တဲ့ ရွာအနားကမြေတွေမှာတော့ မြေကွက်ဖော်လို့မရဘူးလို့ အစားထိုးမြေယာအတွက် စီစဉ်ပေးတဲ့ တိုင်းအစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးမြင့်ကြည်က အခုလိုပြောပါတယ်။

စီမံကိန်းတာဝန်ရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ အစားထိုးမြေကိစ္စ၊ သဘာဝပတ်ဝန်းကျင်လေ့လာဆန်းစစ်မှု၊ လူမှုပတ်ဝန်းကျင် လေ့လာဆန်းစစ်မှု အပြီးသတ်အစီရင်ခံစာ၊ ရေရှည်တည်တံ့အောင် ထိန်းသိမ်းမယ့်အစီအစဉ်တွေလည်း မပြီးသေးဘူးလို့ တိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။

အစီရင်ခံစာအတိုင်း အကောင်ထည်မဖော်ပေးနိုင်တဲ့ လက်ပံတောင်းစီမံကိန်းကို  တိုင်းအစိုးရအနေနဲ့ စောင့်ကြည့်တာ၊ ကြပ်မတ်တာတွေ မရှိဘူးလို့ လက်ပံတောင်းတောင် မြေသိမ်းခံတောင်သူတွေကို ကူညီပေးနေတဲ့ ကိုမျိုးက ပြောပါတယ်။

ကော်မရှင်အစီရင်ခံစာအတိုင်း ဆောင်ရွက်ပေးထားတဲ့အခြေအနေတွေ၊ မြေယာလျော်ကြေးပေးမယ့်ကိစ္စတွေ၊ အစားထိုးမြေယာကိစ္စတွေကို မေးမြန်းဖို့အတွက် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ စီမံကိန်းတာဝန်ခံ ဦးမြင့်ကြည်နဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ပြန်ဖြေတာမရှိပါဘူး။

စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာထုတ်ပြန်ပြီးတဲ့နောက်မှာ အဲဒီအစီရင်ခံစာအတိုင်း အကောင်ထည်ဖော်ဖို့ သမ္မတရုံး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ သတ္တုတွင်းဝန်ကြီးတွေအပါအဝင် အဖွဲ့ဝင် ၁၅ ယောက်ပါတဲ့ အစီရင်ခံစာအကောင်ထည်  ဖော်ဆောင်ရေးကော်မတီကို ဖွဲ့ပေးခဲ့ပါတယ်။ အဲဒီကော်မတီကလည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး အစိုးရအပြောင်းအလဲမှာ ပျက်ပြယ်သွားခဲ့ပါတယ်။ အဲဒီကော်မတီအစား တိုင်းဒေသကြီးအစိုးရ၊ ကုမ္ပဏီ၊ လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ ညှိနှိုင်းပေါင်းစပ်အကောင်ထည်ဖော်နိုင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကော်မတီကနေ တစ်လတစ်ခါ အစည်းအဝေးတွေလုပ်ပြီး ညှိနှိုင်းပေးနေပြီလို့ သိရပါတယ်။

အခုလို ညှိနှိုင်းတဲ့လမ်းကြောင်းပေါ်ရောက်လာတဲ့အတွက် ပိုကောင်းလာမယ့် အလားလာဖြစ်နေပြီလို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်က ပြောပါတယ်။

အဲဒီလို တွေ့ဆုံဆွေးနွေးတာတွေရှိပေမယ့် တိကျတဲ့အဖြေတွေတော့ မရကြသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အတိုင်ပင်ခံပုဂိုလ်အဖြစ် အာဏာမရခင်ကတည်းက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအကြံပြုချက်တွေဟာ ဒေါ်အောင်ဆန်းစုကြည် အာဏာရပြီးတဲ့အချိန်အထိ ဒေသခံတွေအတွက် ပြေလည်မှု မရသေးပါဘူး။ ဒီနှစ် ၂၀၂၀ မှာဆိုရင်လည်း ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် အစိုးရကနေ ဒီပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းပေးဖို့ ဒေသခံတွေက မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။