လွယ်ဂျယ်က စစ်ကောင်စီတပ်သား ခြောက်ဆယ်‌ကျော် တရုတ်ဘက်ထွက်ပြေး

RFA Burmese
2024.04.08
လွယ်ဂျယ်က စစ်ကောင်စီတပ်သား ခြောက်ဆယ်‌ကျော် တရုတ်ဘက်ထွက်ပြေး KIA တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဧပြီ ၄ ရက်နေ့က လွယ်ဂျယ်မြို့တွင် တွေ့ရစဉ်။
Citizen Journalist

တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အပြီးသတ်သိမ်းယူစဉ် နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဆယ်ကျော်ဟာ ဧပြီလ ၈ ရက် ညပိုင်းက နယ်စပ်ဖြတ်ပြီး တရုတ်နိုင်ငံထဲ ထွက်ပြေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆယ်ရက်ကျော် ဝန်းရံပိတ်ဆို့ထားတဲ့ တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ကို ဧပြီလ ၈ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အပြီးသိမ်းယူလိုက်ပါပြီ။

ဒီလိုသိမ်းယူစဉ် မြို့ပေါ်မှာ ထွက်လည်းမတိုက်၊ ဘယ်မှလည်း ပြေးလို့မရဘဲ ပိတ်မိနေတဲ့ စစ်ကောင်စီတပ် ခလရ (၁၄၂) က တပ်ဖွဲ့ဝင် ခြောက်ဆယ်ကျော်ဟာ ဧပြီလ ၈ ရက် ညပိုင်းမှာပဲ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"လူအများတွေ့နိုင်တဲ့လမ်းက မထွက်ဘူး။ အနောက်ဘက်လမ်းကနေ ထွက်သွားတာ။ တရုတ်နယ်စပ်အထိ လမ်းလျှောက်သွားတာပေါ့"

သူတို့အားလုံး နယ်စပ်ဂိတ်ပေါက်ကနေ မထွက်ဘဲ တောလမ်းကနေ နယ်စပ်ဖြတ်ပြီး တရုတ်ပိုင်နက်ထဲ ဝင်သွားတာလို့ ခလရ (၁၄၂) တပ်ရင်းအနီးမှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ လွယ်ဂျယ်မြို့ခံတစ်ဦးက ပြောပါတယ်။

"အကုန်လုံးထွက်သွားပြီ။ မနေ့ည ၉ နာရီကနေ ၁၀ နာရီအတွင်းမှာ တရုတ်ပြည်ဘက် ဝင်သွားတယ်။ အခု ဒီစစ်တပ်မှာက KIA တွေ အကုန်ဝင်ပြီး နေရာယူထားပြီ။ သူတို့ပြောတာက ၆၃ ယောက်လို့ ကြားတယ်။ လူအများတွေ့နိုင်တဲ့လမ်းက မထွက်ဘူး။ အနောက်ဘက်လမ်းကနေ ထွက်သွားတာ။ တရုတ်နယ်စပ်အထိ လမ်းလျှောက်သွားတာပေါ့"

ကိုယ်တိုင်တွေ့ရှိခဲ့သူ နောက်ထပ် လွယ်ဂျယ်မြို့ခံတစ်ဦးကလည်း စစ်ကောင်စီတပ်သားတွေဟာ တရုတ်ပိုင်နက်ထဲမဝင်ခင်မှာ သေနတ်တွေကို စွန့်ပစ်ခဲ့တယ်လို့ ပြောပါတယ်။

"အားလုံးသိမ်းနိုင်ပြီပေါ့ အခုက။ (စစ်ကောင်စီ တပ်သားတွေ) လမ်းလျှောက်ပြီး ထွက်သွားတယ်။ အူခေါင်ချောင်းဘက်က သွားလိုက်တာ။ တရုတ်ပြည်ဝင်ကာနီး သူတို့သေနတ်တွေ ပြန်ပစ်ထားခဲ့တယ်။ အဲဒါလည်း KIA က အကုန်ကောက်ယူပြီးပြီ"

အဲဒီလူခြောက်ဆယ်ကျော်မှာ စစ်ကောင်စီတပ်သားတွေရဲ့ မိသားစုဝင်တချို့နဲ့ ကလေးငယ်တချို့ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပေမယ့် ဒီအချက်ကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့ လွယ်ဂျယ်မြို့ကို (KIA) က မတ်လ ၂၈ ရက်နေ့မှာ စတင်ပိတ်ဆို့လိုက်တဲ့အတွက် မြို့ပေါ်က ဝန်ထမ်းတွေနဲ့ စစ်သားတချို့ နီးစပ်ရာကို ထွက်ပြေးသူကပြေး၊ လက်နက်ချသူကချဖြစ်ခဲ့ပြီး အဲဒီခလရ (၁၄၂) တပ်ရင်းထဲမှာ တပ်ဖွဲ့ဝင် ခြောက်ဆယ်ကျော်လောက် ပိတ်မိနေခဲ့တာလို့ ဒေသခံတွေ၊ (KIA) နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီစစ်သားတွေဟာ မတ်လ ၂၉ ရက်နေ့ကတည်းက တရုတ်နိုင်ငံထဲ ဝင်ခွင့်ပြုဖို့ တောင်းခဲ့ပေမယ့် တရုတ်ဘက်က ချက်ချင်းလက်မခံဘဲ အခု ဆယ်ရက်အကြာမှ ဝင်ခွင့်ရသွားတာလို့ ဆိုပါတယ်။

လွယ်ဂျယ်မှာရှိနေတဲ့ (KIA) တပ်သားတွေကလည်း ပစ်ခတ်ဖမ်းဆီးတာမျိုးမလုပ်ဘဲ အသာတကြည်နဲ့ပဲ ထွက်သွားခွင့်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း စစ်ကောင်စီတပ်သားတွေ တပ်ရင်းကို စွန့်ခွာသွားတာ မှန်ကန်ကြောင်း အတည်ပြုပါတယ်။ ဒါပေမဲ့ တရုတ်ပိုင်နက်ထဲ ထွက်ပြေးသွားတယ်ဆိုတဲ့အချက် မှန်၊ မမှန်ဆိုတာကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။

ဒီကိစ္စအသေးစိတ် ထပ်မံသိရှိနိုင်ဖို့ ရန်ကုန်ရှိ တရုတ်သံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်း နိုင်ငံရေးသုံးသပ်သူတစ်ဦးကတော့ ဒီစစ်ပွဲတွေက ဘယ်သူမှ အနိုင်ရမှာမဟုတ်ဘူးလို့ ပြောပါတယ်။

"အကြောင်းတရား ပေါ်လစီ လွဲနေလို့ရှိရင် အကျိုးတရားရလဒ်က နောက်ဆုံးတော့ ဆုံးရှုံးရမှာပဲ။ အကြောင်းတရားက EAO တွေရော၊ PDF တွေဘက်ကရော အကြောင်းတရားက မမှန်ဘူး။ မမှန်ဘူးဆိုတဲ့အခါကျတော့ ရေရှည်မှာအောင်မြင်မှုက မရနိုင်ဘူး။ အစိုးရဘက်ကတော့ မူဝါဒ လွဲမှားနေရင်တော့ အောင်မြင်မှုတွေ ကြာနေမှာပဲ။ သူကလည်း အပြီးသတ်နိုင်မှာလည်း မဟုတ်ဘူး။ လက်ရှိမှာ အင်အားသာလွန်ပေမယ့် အကုန်လုံး နိုင်သွားမှာမဟုတ်ဘူး"

မတ်လအတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းပေါင်း ခြောက်ဆယ်ကျော်ကို KIA က တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ဒီလဆန်းမှာ KIO ဘက်က ပြောထားပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Twitter/ FreeKachin)
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Twitter/ FreeKachin)

တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကတော့ ကချင်၊ ကရင်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးခိုလှုံနေရတာကိုကြည့်ရင် မြန်မာစစ်တပ် တဖြည်းဖြည်း ပြိုကျပျက်စီးလာတာကို မြင်နေရတယ်လို့ သုံးသပ်ပါတယ်။

"တိုက်မယ်ဆိုရင် သူတို့ တရုတ်ပြည်ဘက် ဝင်မယ်ပေါ့၊ ဒါပေမဲ့ တရုတ်က အစောပိုင်းက ဖွင့်မပေးဘူးလေ။ သူတို့ (စစ်ကောင်စီတပ်) က ပြန်မတိုက်တော့ဘူးလေ။ အဲဒါ ဒီတစ်နေရာတည်း မဟုတ်ဘူး။ အကုန်လျှောက်ပြေးနေတာ။ အကုန်ပြေးနေကြတာပဲလေ။ စစ်တပ်က တဖြည်းဖြည်း ပျက်စီးယိုယွင်းလာတာ ပြတာပေါ့။ တအိအိပြိုလာတာ"

ကချင်ပြည်နယ် လွယ်ဂျယ်မြို့ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျန်းဖုန်းမြို့နယ် လိုင်ရင်းကျေးရွာနဲ့ ကပ်ရပ် နယ်စပ်မျဉ်းအနီးမှာ တည်ရှိပြီး KIA ရဲ့ တပ်မဟာ (၃) ဌာနချုပ် မိုင်ဂျာယန်နဲ့ နီးကပ်ပါတယ်။ KIO/ KIA ဌာနချုပ် လိုင်ဇာနဲ့လည်း သိပ်မဝေးတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ ၂၀၂၃ ခုနှစ်၊ ဧပြီလကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၉ သန်းကျော် ရရှိခဲ့ကြောင်း မတ်လထဲမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။