မကွေးတိုင်းမှာ သက်ကြီးစစ်ဘေးဒုက္ခသည်တချို့ အပူဒဏ်ကြောင့် သေဆုံး

RFA Burmese
2023.05.11
မကွေးတိုင်းမှာ သက်ကြီးစစ်ဘေးဒုက္ခသည်တချို့ အပူဒဏ်ကြောင့် သေဆုံး မကွေးတိုင်း၊ ပေါက်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Pauk Newsletter page

ဒီကနေ့ မေလ ၁၁ ရက်မှာ ကမ္ဘာ့အပူဆုံးမြို့ဟာ မကွေးတိုင်း ချောက်မြို့ဖြစ်ပြီး  အပူချိန် ၄၅.၇ ဒီဂရီ စင်တီဂရိတ်၊ ဖာရင်ဟိုက်နဲ့ဆို ၁၁၂ ကျော်ရှိတယ်လို့ ကမ္ဘာပေါ်ကမြို့တွေရဲ့ ရာသီဥတုဖော်ပြနေတဲ့ Eldorado weather ဝက်ဘ်ဆိုက်ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ပြထားပါတယ်။

မကွေးတိုင်းကဒေသခံတွေဟာ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ကာလမှာပဲ ရာသီဥတုရဲ့ အပူဒဏ်ကို အလူးအလဲခံစားနေရပြန်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေဟာ စစ်ဘေးကနေလွတ်အောင် တိမ်းရှောင်ရင်းနဲ့ အပူဒဏ်ကြောင့် အသက်သေဆုံးတဲ့အထိ ဖြစ်လာပါတယ်။

ဧပြီလဆန်းကစလို့ ဒီနေ့အထိ မကွေးတိုင်းထဲမှာ စစ်ဘေးဒုက္ခသည် ၁၀ ဦးထက်မနည်း အပူဒဏ်ကြောင့် သေဆုံးခဲ့ပြီး အဲဒီထဲက အများစုဟာ သက်ကြီးရွယ်အိုတွေဖြစ်တယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည် ကူညီနေသူတွေက ပြောပါတယ်။

"ခေတ်မကောင်းလို့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ၊ ကာလဒေသ ပယောဂကြောင့် ဒါ မသေသင့်ဘဲနဲ့ သေတဲ့ အတိုင်းအတာတွေလေ"

မကွေးတိုင်း ဆောမြို့နယ် စံကျေးရွာကို စစ်ကောင်စီတပ်က ဧပြီလအတွင်း ဝင်ရောက် စီးနင်းလို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့သူတွေထဲက အသက် ၈၀ အရွယ် အဘိုး၊ အဘွား လေးဦး၊ ဧပြီလ ၁၈ ရက်မှာ အပူဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သူတို့ လက်နက်တွေနဲ့ ပစ်ဖောက်ပြီးမှ ရွာတွေကို ဝင်တယ်။ ပြေးကြလွှားကြရတယ်။ သက်ကြီးရွယ်အိုတွေ ဒီလောက် နွေရာသီခေါင်ခေါင်ဗျာ အပူရှိန်ဒီလောက်မြင့်မားနေတဲ့ အချိန်မှာ ဒီမှာ သက်ကြီးရွယ်အို တွေ အသက် ၈၀ ကျော် အဘိုးအဘွားတွေ လေးယောက်လောက် ဆုံးသွားတာပေါ့နော်။ ကျွန်တော်တို့ စံကျေးရွာဆိုတဲ့ နေရာမှာ"

အလားတူ မြိုင်မြို့နယ် ကန်နက်ရွာက အသက် ၈၂ နှစ်အရွယ် ဒေါ်ဂျမ်းဘုံလည်း မေလ၂ ရက်မှာ စစ်ဘေးရှောင်ရင်း အပူဒဏ်ကြောင့် သေဆုံးခဲ့တယ်လို့  ရွာသားတစ်ဦးက ပြောပါတယ်။

"ဟိုတစ်နေ့က ကျွန်တော်တို့ရွာကို အသက် ၈၀ ကျော် ပူလို့လောင်လို့ ကောင်းရာကနေ သေသွားတာ။ စစ်ဘေးရှောင်နေရတော့ အရိပ်ကလေး ကိုးရိုးကားရားအောက်နေရတာကို။ မိုးကာအောက်၊ ပူလို့ လောင်လွန်းတော့ အမောဖောက်ပြီး သေသွားတာလေ"

မကွေးတိုင်း ဆောမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
မကွေးတိုင်း ဆောမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဂန့်ဂေါ၊ ထီးလင်း၊ ဆော စတဲ့ ယောဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ CDM သူနာပြု ဆရာမတစ်ဦးကတော့ ဒီကာလမှာ သက်ကြီးရွယ်အိုတွေအနေနဲ့ အပူဒဏ်ကြောင့် ဦးနှောက်သွေးကြော ပြတ်တာတွေနဲ့ ရုတ်တရက် မူးမေ့လဲကျ တာတွေဖြစ်နေတယ်လို့ ပြောပါတယ်။

"များသောအားဖြင့်  သက်ကြီးရွယ်အိုတွေကို ကျွန်မတို့ကလေ အဝေးကြီးတော့ မရှောင်ခိုင်းဘူးပေါ့ နော်။ နီးနီးနားနားပဲ ကျေးရွာနဲ့ မလှမ်းမကမ်းနေရာကိုပဲ ရှောင်ခိုင်းတယ်။ အဲလိုဆိုတော့ များသောအားဖြင့်ကတော့ ကလေးသူငယ်တွေလည်း ဝမ်းလျှောဝမ်းပျက်တွေ အဖြစ်များတယ်။ အခုအချိန်မှာ ရေက သိပ်မသန့်တော့ ဘူးလေ။ လူကြီးတွေမှာကျတော့ ဦးနှောက်သွေးကြောပြတ်တာတို့ တစ်ခါ အပူရှိန် ပြင်းလွန်းလို့ မူးမေ့လဲတာတို့ အဲလိုမျိုးတွေတော့ ရှိတတ်တယ်"

ဒီ့အပြင် အပူဒဏ်ကြောင့် သက်ကြီးရွယ်အိုအများစုဟာ ရေဓာတ်ခန်းခြောက်တာ၊ အပူရှပ် တာ၊ သွေးတိုးတာတွေ ဖြစ်နေကြတယ်လို့ သူက ပြောပါတယ်။

စစ်အာဏာသိမ်းမှုသာမဖြစ်ခဲ့ရင် စစ်ပွဲတွေဖြစ်လာမှာ မဟုတ်သလို ဒေသခံတွေလည်း ထွက်ပြေးတိမ်း ရှောင်စရာမလိုတာကြောင့် စစ်ဘေးရှောင်ရင်း အပူဒဏ်ကြောင့် သေဆုံးရတာတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အခုတော့ မသေသင့်ဘဲ သေဆုံးနေရတာလို့  မကွေးတိုင်း ရေစကြိုမြို့နယ် သံပြာချောင်း ရွာက စစ်ဘေး ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"အာဏာသိမ်းလို့ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသ၊ ပယောဂကလည်း စစ်ဘေးရှောင် ပြေးနေရတာလေ။ ဒီတော့ အဲဒီဒေသက လူတွေက ဘယ်လိုလုပ် ကံရယ်၊ စိတ်ရယ်၊ ဥတုရယ်၊ အာဟာရယ် ပြည့်စုံမှာလဲ။ အဲလိုမပြည့်စုံတဲ့ အခါမှာ အသက်ကြီးတဲ့သူတွေ၊ ရောဂါအခံရှိတဲ့သူတွေက သေတာပဲ။ နိုင်ငံတကာ အဆင့်အတန်းနဲ့ မြင်ကြည့်မယ်ဆိုရင် ဒါတွေက ဒီလိုအတိုင်းအတာ ခေတ်မကောင်းလို့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ၊ ကာလဒေသ ပယောဂကြောင့် ဒါ မသေသင့်ဘဲနဲ့ သေတဲ့ အတိုင်းအတာတွေလေ"

ဒီနှစ်မှာ ရာသီဥတု ထူးထူးကဲကဲပူတဲ့အပြင် လျှပ်စစ်မီးမှန်မှန်မရတဲ့အတွက် လူတွေမှာ ပိုပြီး ခံစားနေရတဲ့ အကြောင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးနေကြတာ တွေ့ရပါတယ်။

အခုလို ရာသီဥတုပူပြင်းလို့ လူတွေ သေဆုံးတာ၊ ဆေးကုရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဌာနတွေက သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။