ဦးအေးနေဝင်း ပါဝင်ဆွေးနွေးတဲ့ ပါကစ္စတန်-မြန်မာစစ်တပ် ဆက်ဆံရေး

ဘယ်နိုင်ငံမှာမဆို ပြည်ပရန် တွန်းလှန်ဖို့ Air Defense System ဆိုတဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ် လိုအပ်ပြီး မြန်မာစစ်ကောင်စီကတော့ ပြည်ပရန်ထက် ပြည်တွင်းမှာ လေကြောင်းကနေ တွင်တွင်ကျယ်ကျယ် တိုက်ခိုက်နေပါတယ်။ မြန်မာစစ်တပ်မှာလည်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ရှိပြီး တရုတ်နဲ့ ရုရှားနိုင်ငံလုပ် လက်နက်တွေ တပ်ဆင်ထားပါတယ်။
၂ဝဝ၁ ခုနှစ်ကစပြီး တိုက်ပွဲဝင်လေယာဉ်တွေနဲ့ စွမ်းအားမြင့်လေယာဉ်တွေ ရရှိဖို့၊ အရည်အချင်းပြည့်ဝတဲ့ လေသူရဲတွေ၊ အင်ဂျင်နီယာတွေနဲ့မြေပြင်တပ်ဖွဲ့ဝင်တွေ မွေးထုတ်ဖို့ အလေးထားလာပါတယ်။ ရုရှားက Mi-24 နဲ့ Mi-17 ရဟတ်ယာဉ်၊ MiG-29 တိုက်လေယာဉ်၊ Pechora-2 လေကြောင်း ကာကွယ်ရေးစနစ်တွေနဲ့ အခြားကိရိယာတွေ ဝယ်ယူပါတယ်။
ဒီလို လေတပ်စွမ်းရည် မြှင့်တင်လာတာနဲ့ပတ်သက်လို့ ဂျာမနီနိုင်ငံက လူ့အခွင့်အရေးလေ့လာသူ ကိုနစ်ကီဒိုင်းမွန်း ရှုမြင်တာကတော့ .....
“ဗမာပြည်မှာ နဂိုကတည်းက ပြည်တွင်းစစ်ဖြစ်နေတော့ တိုင်းရင်းသားဒေသတွေကို စိုးမိုးနိုင်ဖို့ လေတပ်တိုးချဲ့တာပဲ။ ပထဝီနိုင်ငံရေးအရ အိမ်နီးချင်း အိန္ဒိယနဲ့ရော တရုတ်နဲ့လည်း တိုက်ဖို့မရှိပါဘူး။ ပါကစ္စတန်တိုက်လေယာဉ် ပူးတွဲထုတ်ဖို့တောင် စဉ်းစားသေးတာပဲ"
ပါကစ္စတန်နိုင်ငံက ထုတ်လုပ်တဲ့ JF -17 ဂျက်တိုက်လေယာဉ်မျိုး မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖို့ ညှိနှိုင်းနေတယ်လို့ Jane’s ကာကွယ်ရေးအပတ်စဉ်ဂျာနယ်မှာ ၂ဝ၁၇ ဖေဖော်ဝါရီမှာ ဖော်ပြဖူးပါတယ်။
အဲဒီ JF-17 ဘက်စုံသုံး ဂျက်တိုက်လေယာဉ်ကို မြန်မာနိုင်ငံက ဝယ်ယူဖို့ ၂၀၁၅ မှာ ပထမဆုံးစာချုပ်တဲ့ နိုင်ငံလို့လည်း ကမ္ဘာတစ်လွှားက ကာကွယ်ရေးဆိုင်ရာ သတင်းတွေကို ဖော်ပြနေတဲ့ Defense Post စာစောင်က ဖော်ပြပါတယ်။ ဒီဘက်စုံသုံးလေယာဉ်ကို တရုတ်နဲ့ပါကစ္စတန်ပူးတွဲထုတ်လုပ်တယ်လို့ ဆိုပါတယ်။
လေယာဉ်ကိုယ်ထည်၊ တောင်ပံ စတဲ့ လေယာဉ်ထုတ်လုပ်ရေးပိုင်း ၅၈ ရာခိုင်နှုန်းကို ပါကစ္စတန်က ထုတ်လုပ်ပြီး ၄၂ ရာခိုင်နှုန်းကို တရုတ်က ထုတ်လုပ်ပေမယ့် ပါကစ္စတန်မှာ လေယာဉ်ကို အပြီးသတ်ထုတ်လုပ်ပါတယ်။ အဲဒီ JF-17 ဂျက်တိုက်လေယာဉ်အတွက် ဝေဟင်ကနေ မြေပြင်ကို ပစ်တဲ့ ဒုံးကျည်တွေ မြန်မာစစ်တပ်က ဝယ်ယူဖို့ ရှိတယ်လို့လည်း Defense Post က ဖော်ပြပါတယ်။

မြန်မာစစ်တပ်နဲ့ ပါကစ္စတန် စစ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ အဓိက ပါဝင် ဆွေးနွေးသူတွေထဲက တစ်ယောက်ကတော့ ကွယ်လွန်သူ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြေး ဦးအေးနေဝင်းပါပဲလို့ အိန္ဒိယနိုင်ငံထုတ် Economic Times ဆောင်းပါးမှာ ဒီနှစ် ဖေဖော်ဝါရီ ၁၁ ရက်က ဖော်ပြပါတယ်။ သူဟာ စစ်အစိုးရ အဆက်ဆက် လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း မြန်မာ့ကာကွယ်ရေးကဏ္ဍမှာ အဓိကကျသူ ဖြစ်ပြီး မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်တဲ့ ပါကစ္စတန်သံတမန်တွေနဲ့ ထိတွေ့ဆက်ဆံသူလို့လည်း ဆောင်းပါးမှာ ဖော်ပြပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူချိန်မှာ စစ်အစိုးရဟာ တရုတ်နိုင်ငံနဲ့ စစ်ရေး- နိုင်ငံရေးဆက်ဆံမှု ပိုနီးစပ်လာပြီး တရုတ်လက်နက်တွေ အားကိုးပါတယ်။ ဒါပေမဲ့ လေတပ်စွမ်းရည် မြှင့်တင်ဖို့ လိုတာမို့ တရုတ်နိုင်ငံကနေ ၁၉၉ဝ ပြည့်လွန်နှစ်တွေမှာ ဝယ်ယူထားတဲ့ 16 Nanchang A-5IIK မြေပြင်တိုက်ခိုက်ရေးလေယာဉ်နဲ့ 24 Chengdu F-7M ဂျက်တိုက်လေယာဉ်တွေမှာ အစားထိုးဖို့ JF-17 ဝယ်ယူတာလို့ Air Recognition online မဂ္ဂဇင်းက ၂ဝ၁၈ ဒီဇင်ဘာမှာ ဖော်ပြဖူးပါတယ်။
ပြည်ပက လက်နက်ဝယ်တဲ့ မြန်မာစစ်တပ်ဟာ အရှေ့တောင်အာရှမှာ လက်နက်ငယ်တွေနဲ့ အပေါ့စားလက်နက်တွေ အုံနဲ့ကျင်းနဲ့ ထုတ်လုပ်နေတဲ့ အဖွဲ့အစည်းလို့ TFB - The Firearms Blog ဆိုတဲ့ လက်နက်ဆိုင်ရာသတင်းလွှာက ဖော်ပြပါတယ်။ နေပြည်တော်မှာ ရှိတဲ့ စစ်သမိုင်းပြတိုက်ကို ဒီအဖွဲ့က ရောက်ရှိမှတ်တမ်းယူပြီး ကောက်ချက်ချတာလည်း ဖြစ်ပါတယ်။

ပြည်တွင်းမှာလည်း စစ်တပ်က လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ ထုတ်လုပ်နိုင်ပြီး ပြည်ပက ခေတ်မီလက်နက် ပစ္စည်းတွေ ရနိုင်သမျှ ဖြည့်ဆည်းနေပါတယ်။ လက်နက်ပွဲစားတွေကလည်း ပုန်းလျှိုးကွယ်လျှိုးတစ်မျိုး၊ ထင်ထင်ရှားရှား တစ်မျိုး ရှိနေပါတယ်။
ဒါကို လေတပ်ကနေ ပြည်သူနဲ့ပူးပေါင်းပြီး လွတ်မြောက်နယ်မြေတစ်နေရာ ရောက်နေတဲ့ ဗိုလ်လေးမိုးညိုက ....
“လက်နက်ပွဲစားတွေက ကျိတ်ကျိတ်တစ်မျိုး၊ ထင်ထင်ပေါ်ပေါ် တစ်မျိုး ရှိနေပါတယ်။ မိတ္ထီလာမှာ ဒီဇင်ဘာဆိုရင် တပ်တော်ဝင် အခမ်းအနားဆိုပြီး ဝှဲချီးကျင်းပတယ်။ လေယာဉ်တွေကို နံ့သာဖြူတွေ ဘာတွေ ဖြန်းပြီး၊ အဲဒါ ရှင်းရှင်းပြောရရင် သူတို့မှာရှိတဲ့ လေယာဉ်တွေကို ထုတ်ကြွားတာပဲ။ စောင့်ကြည့်ရင် သူတို့ဆီမှာ ရှိတဲ့ လေယာဉ်တွေ တွေ့ရမယ် “
ဒီလို ပြည်ပက ဝယ်ယူထားတဲ့ တိုက်လေယာဉ်၊ တိုက်ရဟတ်ယာဉ်တွေနဲ့ စစ်ကောင်စီက ပြည်နယ်ပြည်မမှာ ကိုယ့်ပြည်သူကိုကိုယ် တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။