အသံတိတ်သပိတ်နဲ့ ဆက်နွယ်ပြီး လူ ၂ဝဝ ခန့် စစ်ကောင်စီ ဖမ်းဆီးထား

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.02.09
အသံတိတ်သပိတ်နဲ့ ဆက်နွယ်ပြီး လူ ၂ဝဝ ခန့် စစ်ကောင်စီ ဖမ်းဆီးထား စစ်အာဏာသိမ်းတစ်နှစ်ပြည့် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် တောင်းဆိုဆန္ဒပြနေသည့် လူငယ်တချို့အား ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

အာဏာသိမ်း နှစ်ပတ်လည် ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ်သပိတ်မှာ ပါဝင်မယ်၊ ဒါမှမဟုတ် ပါဝင်ကြဖို့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ရေးသားတဲ့အတွက် စစ်ကောင်စီက ဖမ်းဆီးအရေးယူခံထားရသူ အယောက် ၂ဝဝ ခန့် ရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး စစ်ကောင်စီက ဖေ့စ်ဘွတ်ခ် သုံးစွဲသူတွေကို စောင့်ကြည့် ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုထိလည်း ဆက်လက် ဖမ်းဆီးနေဆဲပဲလို့ ဒီအကြောင်းတွေကို စောင့်ကြည့်လေ့လာနေကြတဲ့ ဖေ့စ်ဘွတ်ခ် သုံးစွဲသူတွေကပြောပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ထုတ်ပြန်ထားတဲ့ အဖမ်းအဆီး စာရင်းအရ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၈ ရက် မနေ့ကအထိ ဖမ်းဆီးခံထားရသူ ၁၉၃ ယောက်ရှိပါတယ်။

ဒီလိုဖမ်းဆီးခံရသူတွေထဲမှာ စစ်အာဏာသိမ်း နှစ်ပတ်လည် သပိတ်မှောက်ဖို့ လှုံ့ဆော်ပြောဆိုတာမျိုး မဟုတ်ဘဲနဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ တရုတ်လူမျိုးတို့ရဲ့ ရိုးရာနှစ်သစ်ကူးနေ့ဖြစ်လို့ ဆိုင်ပိတ်မယ့်အကြောင်း ရေးသားခဲ့သူတွေလည်း ပါဝင်နေပါတယ်။

အဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တချို့နဲ့ RFA က စကားပြောကြည့်ရာမှာတော့ ...

"ကျနော်တို့က အမှန်တကယ်တော့ တရုတ်လူမျိုးတွေပါ။ တရုတ်ဆိုတော့ ၁ ရက်နေ့ နှစ်သစ်ကူး ရိုးရာဓလေ့ထုံးစံအရ ဆိုင်ပိတ်မယ်လို့ FB မှာ ကြေညာလိုက်တာ၊အဲ့ဒါကို ကျမယောကျာ်းကို ၅ဝ၅ ပုဒ်မနဲ့ အမှုဖွင့်လိုက်တာ၊ ကျမတို့ လင်မယား နှစ်ယောက်နဲ့ ကလေးသုံးယောက်ရှိတာ၊ အခုအမျိုးသားက အဖမ်းခံလိုက်ရတော့ ကျမလည်း ကလေးသုံးယောက်နဲ့ တိုင်ပတ်နေတာပေါ့"

တရုတ်နှစ်သစ်ကူးနေ့ဖြစ်လို့ ဆိုင်ပိတ်တာကို အသံတိတ်သပိတ်နေ့ ဆိုင်ပိတ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံလိုက်ရတဲ့ တရုတ်နွယ်ဖွား အမျိုးသားတစ်ဦးရဲ့ ဇနီးဖြစ်သူ ပြောပြသွားတာပါ။

သူ့ရဲ့အမျိုးသားကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ အရေးယူထားတယ်လို့သာ သိရပြီး ခုထိအဆက်အသွယ်မရသေးဘူးလို့ ပြောပါတယ်။ လုံခြုံရေးစိုးရိမ်လို့ သူ့ရဲ့နာမည်ကိုတော့ ထုတ်ပြောဖို့ ငြင်းဆန်ပါတယ်။

ရန်ကုန်-သမိုင်းလမ်းဆုံ ကျိုက်ဝိုင်းဘုရားမှာ ဗေဒင်ဟောတဲ့ ဗေဒင်ဆရာ သာထက်ဆန်းလည်း ဖမ်းဆီးခံရတဲ့သူတွေထဲမှာပါပါတယ်။

သူဟာ တနင်္လာနေ့တိုင်း ဗေဒင်ဟောခန်းပိတ်လေ့ရှိတာကို စစ်ကောင်စီက အသံပိတ်သပိတ်မှာ ပါတယ်ဆိုပြီး လာဖမ်းသွားတာလို့ သူ့ရဲ့ဇနီးက ပြောပါတယ်။

"သူက တနင်္လာနေ့တိုင်း ဆိုင်ပိတ်လေ့ရှိတယ်။ အရင်က အိမ်ပြန်လာရင် ဖုန်းဆက်နေကျ။ အဲ့ဒီညနေမှာ သူက ဖုန်းလည်း မဆက်ဘူး။ဖုန်းမဆက်တော့ ဟယ် ဘာများဖြစ်လဲပေါ့နော်။ ဟိုဟို ဒီဒီ ကျမ ဖုန်းလိုက်ခေါ်ကြည့်တာ။ ၂၇ ခါတောင် ကျတယ်။ နောက်တော့ အဖမ်းခံရတာ တီဗွီမှာ ပါလာတယ်။ ကိုယ့်မှာလည်း သားသမီးက နှစ်ယောက်နဲ့၊ ကလေးတွေကလည်း ငယ်သေးတော့ ဘယ်လိုလုပ်လို့ ဘယ်လိုကိုင်ရမလဲကို မသိတာ"

အသံတိတ်သပိတ်ကို ထောက်ခံအားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတဲ့သူတွေထဲမှာ တပိုင်တနိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်တဲ့သူတွေ အများစုဖြစ်ပါတယ်။ ဆေးခန်းပိုင်ရှင် ဆရာဝန်တွေ၊ သူနာပြုတွေ၊ NLD လွှတ်တော်ကိုယ်စားလှယ်တွေကအစ၊ ကျောင်းထိုင်ဘုန်းကြီးတွေလည်း ပါပါတယ်။

"ကျနော်တို့ လူငယ်တွေကို အွန်လိုင်းပါ မသုံးရဲအောင် ခြောက်လှန့်နေတာပါ။ ကျနော်တို့ကို အကြောက်တရား ရိုက်သွင်းပြီး အုပ်ချုပ်ချင်နေတာ"

Tachileik News Agency၊ Hpa-An News၊ ကော့ကရိတ် ပွင့်လင်းသတင်းစဉ်တို့လို အွန်လိုင်း သတင်းစာမျက်နှာတွေကိုလည်း စစ်ကောင်စီရဲ့ အဖမ်းအဆီးစာရင်းထဲမှာ တွေ့ရပါတယ်။

မြန်မာပြည်က လူမှုကွန်ရက် စာမျက်နှာတွေကို စောင့်ကြည့်နေတဲ့ အရပ်ဘက်အဖွဲ့တဖွဲ့ရဲ့ ပြောခွင့်ရှိသူကတော့ .. အာဏာသိမ်း စစ်ကောင်စီဟာ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးတဲ့ စစ်တပ် ထောက်ခံသူတွေနဲ့ ပေါင်းပြီး ဖေ့စ်ဘွတ်ခ် သုံးစွဲသူတွေကို စောင့်ကြည့်နေတာကို လေ့လာတွေ့ရှိတယ်လို့ ဆိုပါတယ်။

" Telegram channel မှာ ကျော်စွာတို့၊ ဟန်ငြိမ်းဦးတို့၊ သဇင်ဦးတို့ ဆိုပြီးအကောင့်တွေ အများကြီးရှိတယ်။ သူတို့တွေဟာ တပ်ထောက်ခံသူတွေလို့ တွေ့ရတယ်။ ဒီ channel တွေက တင်တာတွေကို စောင့်ကြည့်ပြီး ချက်ချင်းလက်ငင်း ဖမ်းတာတွေ လုပ်နေတော့ ဒါတွေကို သူတို့ စောင့်ကြည့်နေတယ်။ ဒီအကောင့်တွေက တင်တာတွေကို အရေးယူနေတယ်။ ဒီ Channel တွေက တင်နေတဲ့ သတင်းအချက်အလက်တွေက တရားမဝင်ဘူး။ ဒါတွေကို စောင့်ကြည့်အရေးယူနေတာ သက်သေတွေနဲ့ တွေ့ရတယ်"

စစ်တပ်ထောက်ခံသူတွေဟာ ဖေ့စ်ဘွတ်ခ်မှာ သုံးစွဲခွင့်ပိတ်ခံထားရလို့ လူမှုကွန်ရက်နောက်တခုဖြစ်တဲ့ Telegram ကို ပြောင်းသုံးနေကြပြီး သတင်းအချက်အလက်အမှားတွေ ဖြန့်နေတာကြောင့် ဒီ Telegram account တွေပါ အပိတ်ခံရအောင် ကြိုးစားနေတယ်လို့လည်း သူက ပြောပါတယ်။

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းတစ်နှစ်ပြည့်နေ့မှာ အသံတိတ်သပိတ်ဆင်နွှဲခဲ့တာဖြစ်ပါတယ်။

social_media.jpg
ရန်ကုန်မြို့တွင် တွေ့မြင်ရသော စစ်အာဏာသိမ်းတစ်နှစ်ပြည့် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် လှုပ်ရှားမှုတစ်ရပ်။ (Photo: GSCB)

အဲ့ဒီအသံတိတ် သပိတ်ကို ထောက်ခံလို့ ဖမ်းဆီးခံထားရသူတွေကို ထောင်ဒဏ်ခုနှစ်နှစ်အထိ အမြင့်ဆုံးချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၂(က)၊ ထောင်ဒဏ် တစ်သက်အထိ ချနိုင်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၂၄ -က၊ ထောင်ဒဏ် နှစ်နှစ်ထိ ချမှတ်နိုင်တဲ့ ပုဒ်မ ၅၀၅(က)၊ အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိချနိုင်တဲ့ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ - ၃၃ (က) အပြင် တည်ဆဲဥပဒေတွေနဲ့ပါ အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာထားတာပါ။

အမှုနဲ့ သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေပါ နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်တယ်လို့လည်း ဆိုပါတယ်။

ဘယ်သူတွေကို ဘယ်ပုဒ်မနဲ့ အရေးယူတာလဲဆိုတာ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ကြိုးစားနေပေမယ့် လတ်တလော တုံ့ပြန်ချက် မရသေးပါဘူး။

လူ့အခွင့်အရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးလေ့ရှိတဲ့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ ...

"နိုင်ငံတော်ဆီကနေ ကော်မရှင်ယူထားရင် နိုင်ငံတော်ကနေ မပိတ်နဲ့ ... ဆိုင်ဖွင့်ရမယ်ဆိုရင်တော့ အဲ့ဒီအမိန့်ကို နာခံဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ မိမိရဲ့ တသီးပုဂ္ဂလ ကိုယ့်ဘာသာကိုယ် ဆိုင်ရောင်းချခွင့် စည်ပင်ခွန်ဆောင်တယ်။ မိမိဘာသာမိမိ အခွန်အခ ထမ်းဆောင်ပြီးတော့ ဆိုင်ဖွင့်တာကို ဆိုင်သိမ်းလိုက်မယ်။ ဖမ်းဆီးမယ်ဆိုရင် ဥပဒေနဲ့ အကျုံးမဝင်ပါဘူး။ ဥပဒေနဲ့လည်း မညီပါဘူး၊ ကျမတို့ ဥပဒေကို တလွဲသုံးပြီး ပြည်သူတွေကို ဖိနှိပ်တယ်။ ဥပဒေကို အသုံးချပြီး လူတစ်ဦးတစ်ယောက်ရဲ့ လွတ်လပ်ပိုင်ခွင့်ကို ကန့်သတ်တယ်လို့ ကျမက မှတ်ယူတယ်"

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်ကို စောင့်ကြည့်ခံနေရတာကြောင့် လွတ်လွတ်လပ်လပ်သုံးစွဲလို့ မရဘူးလို့ပြောပါတယ်။

ရန်ကုန်မြို့က ဖေ့စ်ဘွတ်ခ်ကို စွဲစွဲမြဲမြဲသုံးတဲ့ လူငယ်တစ်ဦးကတော့ စစ်ကောင်စီဟာ စစ်ဆန့်ကျင်ရေး လှုပ်ရှားမယ့် သူတွေအားလုံးကို ကြောက်စိတ်ဝင်အောင် ခြောက်လှန့်နေတာလို့ မြင်ကြောင်း သုံးသပ်ပါတယ်။

"ကျနော်တို့ လူငယ်တွေကို အွန်လိုင်းပါ မသုံးရဲအောင် ခြောက်လှန့်နေတာပါ။ ကျနော်တို့ကို အကြောက်တရား ရိုက်သွင်းပြီး အုပ်ချုပ်ချင်နေတာ။ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောသလို Freedom from fear ပေါ့။ ကျနော်တို့ အကြောက်တရားကနေ ကင်းလွတ်ရမယ်။ သူတို့လည်း ဘယ်တော့မှ အုပ်ချုပ်လို့ မရစေရဘူး။ ကျနော်တို့က အွန်လိုင်းပေါ်ကနေလည်း ဆက်ပြီးတော်လှန်နေမှာပဲ"

စစ်ကောင်စီဟာ အွန်လိုင်းသုံးစွဲမှုတွေကို ထိန်းချုပ်ဖို့၊ ဒေသတချို့မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်တာ၊ ဖုန်းသုံးစွဲခ၊ အင်တာနက်သုံးစွဲခ အခွန်တွေ တိုးမြှင့်ကောက်ခံတာ၊ ပိတ်ထားတဲ့ အင်တာနက်ကို ဖောက်ထွင်းအသုံးပြုတဲ့ VPN ကွန်ရက်သုံးစွဲသူတွေကို အရေးယူတာတွေ လုပ်နေပါတယ်။

စစ်တပ်က အာဏာသိမ်းထားတဲ့ တနှစ်တာကာလအတွင်း လူပေါင်း ၁၅၂၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး၊ လူပေါင်း ၁၂ဝဝဝ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်ရေးစောင့်ကြည့်လေ့လာရေး အဖွဲ့တွေက စာရင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။