သံတွဲမြို့နယ် ဂျိုင်သာကျေးရွာကို ပြောင်းရွှေ့ဖို့ စစ်ကောင်စီတပ် ဖိအားပေး

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာရှိတဲ့ ဂျိုင်သာကျေးရွာကို အခုလာမယ့် စက်တင်ဘာလ အတွင်း ရွာလုံးကျွတ် အပြီးသတ် ပြောင်းရွှေ့ပေးဖို့ စစ်ကောင်စီတပ်က ဖိအားပေး ပြောဆိုနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဂျိုင်သာကျေးရွာဟာ သံတွဲမြို့ရဲ့ အနောက်တောင်ဘက် ၂၇ မိုင်ခန့်အကွာမှာရှိပြီး အိမ်ခြေ ၇၀ ကျော်နဲ့ လူဦးရေ ၃၅၀ ကျော် နေထိုင်ပါတယ်။
ဒီကျေးရွာနဲ့ သုံးမိုင်ခန့်အကွာမှာ ပင်မ ရေငုပ်နဲ့ သယ်ယူရေးတပ်ရင်းရှိပြီး အဲဒီတပ်က စီမံကိန်းတစ်ခုရှိတယ်ဆိုပြီး ပြောင်းရွှေ့ပေးဖို့ကို ဖိအားပေးပြောဆိုနေတာလို့ ဒေသခံတွေက ပြောပါတယ်။
လာမယ့်စက်တင်ဘာလအတွင်း ပြောင်းရွှေ့မပေးဘူးဆိုရင် အင်အားသုံး ဖယ်ရှားမယ်ဆိုပြီး စစ်ကောင်စီ တပ်သားတွေက ဖိအားပေးပြောဆိုတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ပြောတာက ဘယ်လိုပဲဖြစ်ဖြစ် ထွက်ပေးရမယ်။ မင်းတို့ ဒီမှာ ဘယ်လောက်ပဲ နှစ်ပေါင်းအကြာကြီးနေနေ ထွက်ပေးရမယ်တဲ့။ တကယ်လို့ မထွက်ပေးဘူးဆိုလို့ရှိရင် အင်အားသုံးပြီး ဖယ်ရှားခံရမယ်ပေါ့။ သူတို့ကတော့ စီမံကိန်းရှိတယ်လို့ပြောတယ်။ ဘာလုပ်မယ်လို့ စာရွက်စာတမ်းအတိအကျ ခိုင်ခိုင်မာမာ ဘယ်တစ်ခုမှ မပြနိုင်ဘူး။ ငါတို့က အင်အားရှိတယ်ကွာ၊ ငါတို့လွှတ်ရင် သွားဆိုတဲ့ ပုံစံမျိုးပေါ့”
အဲဒီကျေးရွာကို ပြောင်းရွှေ့ပေးဖို့ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တစ်ကြိမ်၊ ၂၀၂၁ ခုနှစ်က နှစ်ကြိမ် ပြောဆိုခဲ့ပြီး အခု စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဧပြီလကစလို့ ပိုပြီး ဖိအားပေး ပြောဆိုလာတာလို့လည်း ဆိုပါတယ်။
သူတို့အတွက် အစားထိုးပေးမယ့် မြေနေရာဟာ ကျေးရွာနဲ့ လေးမိုင်အကွာ တောင်တန်းမှာ ပြင်ဆင်ထားပြီး ဒေသခံတွေဟာ ပင်လယ်ကို အမှီပြုစားသောက်နေရတဲ့သူတွေ ဖြစ်တဲ့အတွက် ဘယ်လိုမှ အဆင်မပြေဘူးလို့လည်း ပြောပါတယ်။
ဒါကြောင့် ပြောင်းရွှေ့မပေးနိုင်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂျိုင်သာ ကျေးရွာသား တစ်ဦးက RFA ကို ပြောပါတယ်။
“အစားထိုးမယ့်နေရာကတော့ သူတို့ စီစဉ်ထားတာရှိတယ်။ ရှိပေမယ့် ကျနော်တို့လို ရေလုပ်ငန်း လုပ်စားတဲ့ သူတွေအတွက် ဘယ်လိုမှ လုပ်စားကိုင်စားလို့ အဆင်မပြေတဲ့ အတွက် ပြောင်းရွှေ့ဖို့ အစီအစဉ်မရှိဘူး။ ကျနော်တို့အတွက် အဆောင်တွေ ဆောက်ပေးတာလည်း မရှိဘူး။ မြေကွက် တွေကို တောင်ယာရှင်းသလိုမျိုး ရှင်းပေး ပြီးတော့ ကျနော်တို့ ပြောင်းရွှေ့ပေးရမယ်ဆိုတော့ ကျနော်တို့ကတော့ မပြောင်းရွှေ့နိုင်ဘူး။ ကျနော်တို့ ပင်လယ်ကို အမှီပြုလို့ လုပ်စားနေရတဲ့ သူတွေလေ။ ပင်လယ်နဲ့ လေးမိုင်လောက်ဝေးတဲ့ တောင်တန်းမှာ သွားနေ ဆိုတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး”
သူတို့ဟာ ဘိုးဘွားအစဉ်အဆက် ဒီနေရာမှာ နေထိုင်လာခဲ့တာဖြစ်ပြီး တကယ်လို့ ပြောင်းရွှေ့ ပေးရမယ်ဆိုရင် တောင် သူတို့အမှီပြု လုပ်ကိုင်စားသောက်နေတဲ့ ပင်လယ်အနီးမှာ နေရာချထားပေးဖို့ကို ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
အဲဒီကျေးရွာပြောင်းရွှေ့ပေးဖို့ကို ပြီးခဲ့တဲ့ ဧပြီလအတွင်းက စစ်ကောင်စီတပ်က ပေးတဲ့ နို့တစ်စာမှာတော့ ဒီနေရာဟာ နိုင်ငံတော်အစိုးရ၊ အာဏာပိုင်ရဲ့ ခွင့်ပြုချက်မရဘဲ တစ်ဆင့် ငှားရမ်းတာ၊ အစိုးရရဲ့အိမ် ဥပစာမှာ နေထိုင်ခဲ့ပြီး လိုက်နာရမယ့် စည်းကမ်းချက်တွေကို မလိုက်နာတာ၊ အစိုးရအိမ် ဥပစာမှာ ခွင့်ပြုချက်မရဘဲ နေထိုင်နေတာလို့ ယူဆတာကြောင့် ၁၉၅၅ ခုနှစ် အစိုးရ အိမ်ဥပစာ နှင်ထုတ်ခြင်း အက်ဥပဒေ ပုဒ်မ - ၃ အရ နို့တစ်စာ ထုတ်လိုက်တယ်လို့ ပါရှိပါတယ်။
"မင်းတို့ ဒီမှာ ဘယ်လောက်ပဲ နှစ်ပေါင်းအကြာကြီးနေနေ ထွက်ပေးရမယ်တဲ့။ တကယ်လို့ မထွက်ပေးဘူးဆိုလို့ရှိရင် အင်အားသုံးပြီး ဖယ်ရှားခံရမယ်ပေါ့။"
သတ်မှတ်ထားတဲ့ ရက်အတွင်း ထွက်ခွာမသွားဘူးဆိုရင်တော့ နိုင်ထက်ပြုမှုနဲ့ အဲဒီဥပစာကနေ ဖယ်ရှားခံရလိမ့် မယ်လို့လည်း ပါရှိပါတယ်။
ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကတော့ အဲဒီကျေးရွာကို ပြောင်းရွှေ့ဖို့ စစ်ကောင်စီ တပ်က လုပ်ဆောင်နေတာဟာ လက်နက်အားကိုးနဲ့ ပြည်သူတွေကို အနိုင်ကျင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့က ဗီဒီယိုအွန်လိုင်း စနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
“သံတွဲမြို့နယ် ကျောက္ကလပ်အုပ်စု သဗြုချိုင် ဂျိုင်သာကရွာဆိုရင် စစ်ကောင်စီတပ်က တပ်ပိုင်မြေဆိုပြီး တော့ စက်တင်ဘာလမှာ အပြီးပြောင်းပေးဖို့ ဖိအားပေးခြိမ်းခြောက် နေတာတွေ ရှိနေပါတယ်။ အဲဒီရွာသား အားလုံးဟာ အဘိုးအဘေးလက်ထက် ကတည်းက အဲဒီနေရာမှာ အစဉ်အဆက်နေလာတာဖြစ်ပြီး အခုမှ စစ်ကောင်စီတပ်က လက်နက်အားကိုးနဲ့ မိုးတွင်းမှာ ချက်ချင်းပြောင်းပေးရမယ်လို့ ပြောနေတာက လူမဆန်တဲ့လုပ်ရပ်၊ ပြည်သူတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်တဲ့လုပ်ရပ် ဖြစ်ပါတယ်”

ဂျိုင်သာကျေးရွာကို လာမယ့် စတင်ဘာလအတွင်း အပြီးသတ်ပြောင်းရွှေ့ပေးဖို့ ဖိအားပေး ပြောဆိုနေတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က မေးမြန်းခဲ့ရာမှာ ဒီကိစ္စကို သူ့အနေနဲ့ မသိရှိကြောင်း ပြောဆိုပါတယ်။
အခုလို လယ်ယာမြေကိစ္စတွေနဲ့ ပတ်သက်လို့ ဒေသတွင်းမှာ ကူညီဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးဦးတင်ညိုကတော့ ရွာလုံးကျွတ်ပြောင်းရွှေ့ပေးရမယ်ဆိုလည်း သူတို့အတွက် နစ်နာကြေးတွေ အပါအဝင် ရေရှည်နေထိုင်လို့ရအောင် ပင်လယ်ကမ်းစပ် အနီးမှာ နေရာချပေးသင့်တယ်လို့ ထောက်ပြပါတယ်။
“ပြောင်းမယ်ဆိုတဲ့နေရာမှာ လေးမိုင်လောက် ဝေးတဲ့နေရာတွေကျတော့ သူတို့လို ပင်လယ်ကို မှီနေတဲ့သူတွေ အတွက် အခက်အခဲတွေ ဖြစ်တာပေါ့။ သူတို့အတွက် စားဝတ်နေရေးက ပြေလည်မှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့အတွက် ရေရှည်နေလို့ ထိုင်လို့ရအောင် ပင်လယ်ကမ်းစပ်နဲ့ အနီးစပ်ဆုံး မြေပြန့်လွင်ပြင်မှာ သူတို့ကို လမ်းဖောက်ပေးတာတို့၊ မီးသွယ်ပေးတာ၊ ရေရအောင်လုပ်ပေးတာ၊ ပြောင်းရွှေ့စရိတ် ပေးတာ၊ ကုန်ကျစရိတ် ထောက်ပံ့ပေးတာ အဲဒီလိုမျိုး မြေကိုရယူတဲ့အဖွဲ့အစည်းအနေနဲ့ လုပ်ပေးရင် ပိုပြီး သင့်လျော်မယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်”
လက်ရှိအခြေအနေမှာတော့ လယ်ယာမြေဈေးတွေ၊ ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေတာ ကြောင့် သူတို့အနေနဲ့ နေရာအသစ်ကိုပြောင်းရွှေ့နေထိုင်ဖို့က တော်တော်လေးကို ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့မှာလည်း စစ်တပ်ပိုင် မြေနေရာထဲ ပါဝင်နေ တယ်ဆိုပြီး နေအိမ်နဲ့ ဈေးဆိုင်နှစ်ရာနီးပါးကို ပြီးခဲ့တဲ့ မေလအတွင်းက စစ်ကောင်စီတပ်သား၊ ရဲနဲ့ ဝန်ထမ်းအင်အား အများအပြားသုံးပြီး ဖယ်ရှားခဲ့ပါတယ်။