စစ်ကောင်စီ သင်္ကြန်ကို လူငယ်အများစု သပိတ်မှောက်ဖို့ ပြင်ဆင်ထား

အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာ စစ်ကောင်စီက ရိုးရာအတာသင်္ကြန်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စည်စည်ကားကား ကျင်းပဖို့ ပြင်ဆင်နေပေမယ့် မပါဝင်ဘဲ ဆန့်ကျင်သပိတ်မှောက်ကြမယ်လို့ ရန်ကုန်နဲ့ မန္တလေးမြို့ခံ လူငယ်တွေက ပြောပါတယ်။
အရင်ကဆိုရင် အခုလို သင်္ကြန်အကြိုကာလမှာ ရန်ကုန်မြို့လယ် အဓိကလမ်းမကြီးတစ်ခု ဖြစ်တဲ့ ကမ္ဘာအေး ဘုရားလမ်းတစ်လျှောက် ရေကစားမဏ္ဍပ်တွေ စတင်ဆောက်လုပ် နေပါပြီ။
အခုတော့ ရန်ကုန်မြို့ရဲ့ လမ်းမတွေမှာ သင်္ကြန်အငွေ့အသက်တွေကင်းပြီး ငြိမ်သက်နေ ပါတယ်။ မဏ္ဍပ်ဆိုလို့ ရန်ကုန်တိုင်း စစ်ကောင်စီ စည်ပင်သာယာဌာနက ဦးစီးဆောက် လုပ်နေတဲ့ မြို့တော်ခန်းမရှေ့က မဏ္ဍပ်တစ်ခုသာ အထင်အရှားရှိပါတယ်။
အာဏာသိမ်းခံရပြီးတဲ့နောက်မှာ သင်္ကြန်ဆိုတာကို မေ့နေပြီလို့ ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ်က အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက်က ပြောပါတယ်။
“သင်္ကြန်ဆိုတာ ကျနော် မေ့နေတာဗျ။ လွန်ခဲ့တဲ့ တစ်ပတ်လောက်အထိ သင်္ကြန်ကျ တော့မယ်ဆိုတာ မသိဘူး။ အရင်နှစ်တွေတုန်းကဆို ဟိုးအရင် တကယ်စည်ခဲ့တဲ့ နှစ်တွေပေါ့နော်။ ပြည်လမ်းသွားရင် မဏ္ဍပ်တွေ မြင်ရတယ်ဗျာ။ ကန်ပေါင်ရှေ့ဆို မဏ္ဍပ်တွေ အပြိုင်ဆောက်နေပြီ။ သင်္ကြန်နဲ့ ပတ်သက်တဲ့ပစ္စည်းတွေက ဒီအချိန်ဆို ရောင်းနေပြီဗျာ။ ဒီနှစ်က သင်္ကြန်ပျောက်နေသလို ခံစားရတယ်”
ရန်ကုန်မှာဆိုရင် မြို့တော်ခန်းမရှေ့က မဏ္ဍပ်တစ်ခုနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ရန်ကုန်တိုင်း တရားရုံးရှေ့က လမ်းလျှောက် သင်္ကြန်လုပ်မယ့် လျှောက်လမ်းတွေကိုသာ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ ဒီနှစ်သင်္ကြန်ကို တော်လှန်သင်္ကြန်လို့ အမည်ပေး ထားပါတယ်။ လူ့အသက်တွေ ဆုံးရှုံးနေရတဲ့ မြန်မာနိုင်ငံမှာ ဘယ်လို ပျော်ပွဲရွှင်ပွဲမှ မကျင်းပသင့်ဘူးဆိုပြီး ဒီသင်္ကြန်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ ရန်ကုန်တော်လှန်ရေး အင်အားစု YRF နဲ့ မန္တလေး၊ စစ်ကိုင်း မြို့ပြသပိတ် အင်အားစုတွေက တိုက်တွန်းထား ပါတယ်။
လူ့အသက်တွေ ဆုံးရှုံးရုံမက အခုချိန်ထိ တောထဲမှာ လက်နက်ကိုင်တိုက်နေတဲ့ လူငယ်တွေကို အားနာတာကြောင့် ဒီနှစ်သင်္ကြန် အပြင်မထွက်ဘဲ အိမ်ထဲမှာပဲနေမယ်လို့ ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်က အသက် ၂၀ အရွယ် လူငယ်တစ်ယောက်က ပြောပါတယ်။
“ကျနော်ကတော့ (သင်္ကြန်) ဆက်မလုပ်စေချင်ဘူးဗျ။ ဆက်မလုပ်စေချင်ဘူးဆိုတာက တစ်ဖက်မှာကျတော့ အသက်ပေးပြီး တောထဲဝင်နေတဲ့ ညီအစ်ကို မောင်နှမတွေလည်း ရှိတယ်လေ။ သူတို့ကို ငဲ့တဲ့အတွက်လည်း မလုပ်စေချင်ဘူး။ အဲဒါကြောင့်မို့ မလုပ်ဖို့ဘဲ စဉ်းစားထားတယ်။ စိုးရိမ်မှုတော့ မရှိဘူးဗျ။ ကျနော်တို့ကလည်း မလုပ်ဘူးဆိုတဲ့ အတွက် အိမ်မှာပဲ နေဖို့ရှိတယ်။ နောက်တော့ အဲဒီသင်္ကြန်ကိုပဲ မဆင်နွှဲဖို့ပဲရှိတယ်”
မြို့နယ်၊ ခရိုင်၊ တိုင်း အလိုက် လုံခြုံမှုရှိမယ့်နေရာတွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သင်္ကြန်ပွဲ ကျင်းပမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က RFA ကို ပြောဆိုထားပါတယ်။ လက်ဖြောင့်တပ်သားတွေ အပါအဝင် ရဲနဲ့ စစ်အင်အား အများအပြား သုံးပြီး သင်္ကြန်ကာလမှာ လုံခြုံရေးယူဖို့ စီစဥ်ထားတယ်လို့လည်း စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ရန်ကုန် တာမွေမြို့နယ်က လူငယ်တစ်ယောက်ကတော့ စစ်အာဏာရှင်ပြုတ်ကျရေး အတွက် အသက်ပေးသွားတဲ့ လူငယ်တွေကို အားနာပါလို့ တိုက်တွန်းသွားပါတယ်။
“အသက်ပေးပြီးတော့မှ ဒီမိုကရေစီရအောင် လုပ်ဆောင်နေကြတဲ့လူတွေ၊ သူရဲ ကောင်းတွေရှိတယ်။ အဲဒီလူတွေကို အားနာဖို့ တိုက်တွန်းချင်တယ်။ အမှန်တကယ် တော့ ၂၀၂၀ လောက်ကတည်း သင်္ကြန်ဆိုတာ မဆော့ရတာ။ ဒီတစ်နှစ်လောက် မဆော့လိုက်ရလို့လည်း ဘာမှ ပိုပြီးတော့ ထူးခြားမသွားဘူး။ ကိုယ်ကတော့ နဂိုကတည်းက သင်္ကြန်ဆိုတာကို ထဲထဲဝင်ဝင် မပါဝင်လို့၊ ရေကစားလေ့မရှိလို့ ပိုပြီးတော့ မပါဝင်တာ”
ရိုးရာအတာသင်္ကြန်လို့ ပြောလိုက်ရင် ယဥ်ကျေးမှုမြို့တော်ဖြစ်တဲ့ မန္တလေးကို လူတွေက မျက်စိထဲ အရင် မြင်လာကြပါတယ်။ အရင်နှစ်တွေကဆိုရင် မန္တလေးကျုံးပတ်လည်မှာ ဖျော်ဖြေရေးမဏ္ဍပ်တွေ၊ ရေကစားမဏ္ဍပ်တွေသာမက NLD အစိုးရလက်ထက် ခေတ်စား လာတဲ့ လမ်းလျှောက်သင်္ကြန်ပွဲတွေနဲ့ပါ စည်ကားခဲ့တာပါ။
အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ပထမဆုံး ကျင်းပမယ့် ဒီနှစ်သင်္ကြန်မှာတော့ မန္တလေးမှာ သင်္ကြန် အငွေ့အသက်တွေ ထူးထူးခြားခြား ငြိမ်သက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
"ဒီနှစ်က သင်္ကြန်ပျောက်နေသလို ခံစားရတယ်"
စစ်ကောင်စီက ကျုံးအရှေ့ဘက်ခြမ်းမှာ မဏ္ဍပ်တချို့နဲ့ စည်ပင်သာယာကော်မတီ ဝင်းထဲမှာ မြို့တော်ဝန်မဏ္ဍပ် ဆောက်လုပ်နေပေမယ့် တော်လှန်ရေးအင်အားစုတွေက ဗုံးခွဲမယ်လို့ ကြေညာထားတာကြောင့် အနီးတစ်ဝိုက် လမ်းတွေကို အခုလ ၆ ရက်နေ့ကစပြီး ပိတ်ထားတယ်လို့လည်း မန္တလေးမြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီက တိုင်းပြည်ပုံမှန်ပြန်ဖြစ်နေပြီဆိုတာကို ပြဖို့ ကြိုးစားနေပေမယ့် ဒီသင်္ကြန်မှာ ပျော်ဖို့ မရှိဘူးလို့ နှစ်တိုင်း သင်္ကြန်ထွက်လည်လေ့ရှိတဲ့ မန္တလေးမြို့ခံ လူငယ်တစ်ယောက် က ပြောပါတယ်။
“စစ်ကောင်စီက ပုံမှန်အနေထားနဲ့ လည်ပတ်နေပါတယ်ဆိုပြီး ဒီလိုပုံရိပ်ကို ပြချင် တယ်လို့ ယူဆလို့ရတယ်။ ဒါကြောင့် စီမံနေတာပေါ့၊ မြို့ကြီးတွေတော်တော်များများ မှာလည်း အာဏာသိမ်းစစ်ကောင်စီက သင်္ကြန်တွေ လုပ်ဖို့ရှိတယ်။ ကျနော်တို့က တခြား တိုင်းနဲ့ ဒေသတွေမှာ ဖြစ်နေတဲ့အခြေအနေအရ ပျော်ပါးဖို့မရှိဘူး။ အေးဆေး လေး မိတ်ဆွေတွေနဲ့ တွေ့တာရှိမယ်၊ သွားတယ်ဆိုလည်း မိတ်ဆွေတွေအိမ် အလည် သွားတာမျိုးလောက်ပဲရှိပါမယ်"
ပြည်သူတွေအနေနဲ့လည်း သင်္ကြန်ကာလမှာ အသက်အန္တရာယ် ထိခိုက်နိုင်မယ့်နေရာ တွေကို မသွားသင့်ဘူးလို့ သူက ဆိုပါတယ်။
မန္တလေးသင်္ကြန်နဲ့ ခွဲခြားလို့မရတဲ့ မြို့မတီးဝိုင်းကတော့ ဒီနှစ်သင်္ကြန်မှာ အရင်လို တစ်မြို့လုံးအနှံ့ လှည့်လည်ဖျော်ဖြေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ မလွှဲသာတာကြောင့် စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းက တောင်းလာတဲ့ မြို့မ အမှတ်တံဆိပ် ဆိုင်းဘုတ်ကို သင်္ကြန်ကာလမှာ ပေးသုံးဖို့ ခွင့်ပြုလိုက်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့မတေးဂီတအဖွဲ့ဝင် အဆိုတော်တစ်ဦးက RFA ကို ရှင်းပြပါတယ်။
“ဒီဘက်ကလည်း ကျနော်တို့မှာလည်း တော်တော်လေးကို ဆုပ်လည်းဆူး စားလည်း ရူးပါပဲ။ မြို့မအဖွဲ့က မင်းပေါက်စိုးပေါက် အဖွဲ့ဖြစ်တော့ အကုန်လုံးရှောင်ဖို့ကလည်း ခက်တယ်။ အလိုက်အထိုက် လုပ်ရတာရှိတယ်။ အရင်က သင်္ကြန်တွင်းဆို အပျော် တမ်းတွေလည်း ဆိုကြရတယ်။ ဒီနေ့ထိ ဆက်သွယ်ခြင်းမရှိတော့ ပွဲလက်ခံတဲ့သဘော မဟုတ်တာ သေချာတယ်။ အခုကတော့ အပြင်လူတွေနဲ့ တီးလုံးတိုက်နေတယ် ကြားတယ်။ မြို့မတံဆိပ်ပါတဲ့ ဒူးကာ (ဆိုင်းဘုတ်) တော့ ငှားလိုက်ရတယ် “
ဒီနှစ်သင်္ကြန်ပွဲတော်မှာ မြို့မတေးဂီတအဖွဲ့ကို ပါဝင်ဖို့ စစ်ကောင်စီက ဖိတ်ကြားခဲ့ပေမဲ့ လက်မခံခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။
တကယ်တော့ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် သင်္ကြန်ကာလကို မြန်မာပြည်သူတွေ ဖြတ်သန်းရတာ ဒါဟာ ဒုတိယအကြိမ်ပါ။ အာဏာသိမ်းပြီး နှစ်လကျော်အကြာ ၂၀၂၁ ဧပြီလမှာ ပထမဆုံးသင်္ကြန်ကာလကို ဖြတ်သန်းခဲ့ရပေမဲ့ အာဏာသိမ်းနောက်ဆက်တွဲ ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ကြောင့် မြန်မာပြည်သူတွေဟာ ၂၀၂၀ သင်္ကြန်ကို လုံးလုံးလျားလျား မေ့လျော့နေခဲ့ကြပါတယ်။
အခု ၂၀၂၂ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုကနေ ၁၆ ရက် အတက်နေ့ထိ ကျင်းပမယ့် နှစ်ကူးသင်္ကြန်ကို စစ်ကောင်စီက စည်စည်ကားကား ကျင်းပဖို့ ပြင်ဆင်နေပေမယ့် ပြည်သူအများစုကတော့ ဆန့်ကျင် သပိတ်မှောက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။