နှစ်ဆန်းတစ်ရက်နေ့မှာ မီးပိတ်သပိတ်မှောက်ကြဖို့ တက်ကြွလှုပ်ရှားသူတွေတိုက်တွန်း

RFA Burmese
2023.04.16
နှစ်ဆန်းတစ်ရက်နေ့မှာ မီးပိတ်သပိတ်မှောက်ကြဖို့ တက်ကြွလှုပ်ရှားသူတွေတိုက်တွန်း ၂ဝ၂၃ ခုနှစ် ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့က ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်‌လှုပ်ရှားမှုပြုလုပ်ခဲ့စဉ်။
Democracy Movement Strike Committee-Dawei

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ နှစ်ဆန်းတစ်ရက် ဒီကနေ့ ည ၈ နာရီကနေ ၈ နာရီ ငါးမိနစ်အတွင်းမှာ ၅ မိနစ်ကြာအောင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမှောင်ချ မီးပိတ်သပိတ်ဆင်နွဲကြဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။

နှစ်ဆန်းတစ်ရက်နေ့ ဒီကနေ့ဟာ စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပဇီကြီးရွာက အရပ်သားပြည်သူ ၁၆၈ ဦးရဲ့ ရက်လည်နေ့လည်းဖြစ်ပါတယ်။

ဒါကြောင့် ဒီနှစ်ဆန်းတစ်ရက်နေ့ ပြုသမျှကုသိုလ်တိုင်းမှာ သေဆုံးသူတွေကို ရည်စူးပေးကြဖို့ ရန်ကုန်က ဆန္ဒပြသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုနန်းလင်းက အခုလို တိုက်တွန်းပါတယ်။

"အဲ့ဒီနေ့မှာ ရပ်ကွက်တွေ၊ လမ်းဆုံ လမ်းခွတွေမှာ အန္တရာယ်ကင်း ပရိတ်ပဋ္ဌာန်းရွတ်ပြီး အမျှဝေ သာဓုခေါ်တဲ့ ရိုးရာအလေ့အထရှိပါတယ်။ ပဇီကြီးရွာက ကျဆုံးတဲ့ အရပ်သားပြည်သူတွေအတွက် ရည်ရွယ်ပြီး အမျှဝေ သာဓုခေါ်တဲ့ လှုပ်ရှားမှုတွေကို မိဘပြည်သူတွေအနေနဲ့ ကိုယ့်ရိုးရာကို ဆောင်ရွက်ရင်းနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ပဇီကြီးကျေးရွာအတွက် ရပ်တည်မှုကိုပြတဲ့ လှုပ်ရှားမှုတွေအဖြစ် ပုံဖော်ဖို့ ကျွန်တော်တို့ တိုက်တွန်းတယ်။ ကျွန်တော်တို့ရိုးရာဓလေ့မှာ သံပုံးတီးတာက မကောင်းဆိုးဝါး နှင်ထုတ်တယ် ဆိုတဲ့ အယူအဆရှိတယ်။ သံပုံးတီးခြင်းဟာ မြန်မာပြည်သူတွေကို ဒုက္ခပေးနေတဲ့ တိုင်းပြည်ကို ဒုက္ခပေးနေတဲ့ မကောင်းဆိုးဝါး မိစ္ဆာတွေကို နှင်ခြင်းဆိုတဲ့ လှုပ်ရှားမှုတစ်ခုအနေနဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ ပုံဖော်ဖို့။ နောက်ဆုံးကတော့ ည ၈ နာရီမှာ မီးပိတ်သပိတ်လုပ်ပြီး အရပ်သားပြည်သူတွေ ထိခိုက်ကျဆုံးမှုအတွက် ကျွန်တော်တို့ ပြည်သူတွေက လက်မခံဘူး။ ကန့်ကွက်တယ်။ ဆန့်ကျင်တယ်။ စစ်အာဏာရှင်ကို ဆက်ပြီး တိုက်ပွဲဝင်သွားမယ် ဆိုတာကို ပြသဖို့ပေါ့နော်။ နှစ်ဆန်းတစ်ရက်နေ့မှာ ပြည်သူတွေရဲ့ ပြုဖွယ်သော ကောင်းမှုအစုစု ရိုးရာဓလေ့တို့သည် ပဇီကြီးအတွက် ဖြစ်တယ်။ အမျှဝေသံတွေသည် ပဇီကြီးအတွက် ဖြစ်တယ်ဆိုတာကို ပုံဖော်ကြဖို့ မိဘပြည်သူတွေကို အလေးအနက်တိုက်တွန်းချင်ပါတယ်"

ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာရဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲကို တက်ရောက်ဖို့ လူ ၈ဝဝ လောက် စုဝေးနေချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၈၆ ယောက်သေဆုံးခဲ့ရပြီး၊ အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေး အယောက် ၄ဝ အထိပါတယ်လို့ အမျိုးသားညီညွတ်ရေး NUG က သေဆုံးသူတွေရဲ့ နာမည်စာရင်းတွေနဲ့ တကွ ထုတ်ပြန်ထားပါတယ်။

image (6).jpg
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသူများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအား ဧပြီလ ၁၃ ရက်နေ့က မီးရှို့သင်္ဂြိုဟ်ပေးနေစဉ်။ (Photo: Citizen Journalist)

လက်ရှိအဲဒီရွာထဲမှာ စစ်ကောင်စီက တပ်စွဲထားလို့ ဒေသခံတွေက ဘေးလွတ်ရာ တောတောင်တွေထဲ ပုန်းရှောင်နေရပါတယ်။

ပဇီကြီးဒေသခံတစ်ဦး ပြောပြတာက ...

"ခံစားရပါတယ်။ ဖြစ်နိုင်မယ်ဆို ကိုယ့်အသက်သေပြီး သူတို့အသက်ပြန်ရှင်မယ်ဆိုရင် ကိုယ်သေပြီး ရှင်အောင်ပြန်လုပ်ပေးချင်ပါတယ်။ မကျေနပ်ပါဘူး။ နောက်ထပ်လည်း ကြောက်လန့်နေရပါတယ်။ ကျန်တဲ့သူတွေအတွက်လည်း ပူပန်ရပါတယ်။ ကောင်းကောင်းမွန်မွန်လေး၊ အန္တရာယ်ကင်းကင်းနဲ့ လုံလုံခြုံခြုံလေးနေချင်တာပါ။ ကြောက်ကြောက်လန့်လန့်နဲ့လာခဲ့ရလို့ ဆေးဝါးလည်း မပါခဲ့ပါဘူး။ သောက်ရေ သုံးရေကစလို့ အစစအရာရာ အခက်အခဲရှိပါတယ်။ အဲဒါတွေ လိုအပ်ပါတယ်"

လက်ရှိ ပဇီကြီးရွာထဲမှာ စစ်ကောင်စီက တပ်စွဲထားတာကြောင့် တောတောင်တွေထဲမှာ လူပေါင်း ၃ဝဝ ကျော် ပုန်းရှောင်နေရဆဲဖြစ်ပါတယ်။

ဒီကနေ့ ရက်လည်ဆွမ်းသွပ်ကိုလည်း ဒီတောတွေထဲမှာပဲ စုပေါင်းလုပ်သွားမယ်လို့ ဒေသခံတွေကို အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

"ရွာထဲမှာတော့ ဘယ်သူမှတော့ မရှိဘူးခင်ဗျ။ လွတ်ရာကျွတ်ရာ တောနေရာမှာပဲ နေကြတာများတယ်။ လူက ၃ဝဝ ကျော်မယ်။ အခုက ဖြစ်သလို မိုးကာတဲလေးထိုးပြီး နေနေရတဲ့ ပုံစံမျိုးဖြစ်နေတော့ အဓိကကတော့ ဆေးဝါးနဲ့ စားနပ်ရိက္ခာ လိုအပ်တယ်။ ရွာထဲကို လောလောဆယ် မပြန်နိုင်သေးဘူး။ စစ်ကောင်စီက ဒီရက်ပိုင်းမှာ စစ်ကြောင်းထိုးပြီး ချေမှုန်းမယ့်သဘောနဲ့ ပြောဆိုထားတာတွေ ရှိတော့ လုံးဝရွာထဲကို မပြန်နိုင်သေးတာ။ သေဆုံးသွားတဲ့ ၁ဝဝ ကျော်အတွက် အကုန်လုံးကို စုပေါင်းပြီး ရက်လည်ဆွမ်းသွပ်မယ့်သဘော လုပ်ထားတာတော့ရှိတယ်"

ပဇီကြီးရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီဘက်ကဝန်ခံထားပါတယ်။ ဒီတိုက်ခိုက်မှုဟာ စစ်အာဏာသိမ်းပြီးနောက် လူပေါင်းအများဆုံး သေဆုံးရတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း နိုင်ငံတကာက ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။