ကချင်ပြည်နယ်အစိုးရကို အားမရကြောင်း ဝေဖန်ခံရ
အဲလိဇဘက်ဂျန်မာ
2020.01.01
2020.01.01
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်ရဲ့ ပထမအကြိမ်မြောက် ပုံမှန်အစည်း အဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်နေ့ကပြုလုပ်ခဲ့တဲ့ အစည်းအဝေး ထိဆိုရင် ၁၇ ကြိမ်မြောက်ရှိသွားပြီဖြစ်ပါတယ်။
ကချင်ပြည်နယ် လွှတ်တော်ထဲမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၄၆ ဦးရှိပါတယ်။ ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့တဲ့အဆိုတွေ၊ မေးခွန်းတွေအပေါ်မှာ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်အဆင့် လုပ်ဆောင်ပေးရတဲ့ကိစ္စမျိုးတွေမှာတော့ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့လို့ အားရတယ်လို့ ဆိုပေမယ့် ပြည်ထောင်စုအဆင့်ရှိတဲ့ကိစ္စတွေ ကိုတော့ အကောင်ထည်ဖော်ဆောင်ရွက်ပေးဖို့ အခက်အခဲတွေရှိခဲ့တယ်လို့ ဆိုကြပါတယ်။
ပြည်နယ်အတွင်းက အခက်အခဲတွေကို ပြည်နယ်အဆင့် အစိုးရအဖွဲ့ကနေတဆင့် ပြည်ထောင်စုအစိုးရအဖွဲ့က ဆောင်ရွက်ပေးဖို့ တိုက်တွန်းတဲ့အဆိုတွေကိုလည်း တင်သွင်းခဲ့ကြတာဖြစ်ပါတယ်။
ဆွမ်ပရာဘွမ် မဲဆန္ဒနယ် အမှတ်(၁)က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျေထုရော်ကတော့ လွှတ်တော်အစည်း အဝေး ၁၇ ကြိမ်အတွင်း မေးခွန်းပေါင်း ၄၆ ခုနဲ့ အဆို နှစ်ခုတင်သွင်းခဲ့ရာမှာ အစိုးရအနေနဲ့ ပြန်လည်ဆောင် ရွက်ပေးတဲ့အပေါ် အားရမှုရှိတယ်လို့ပြောပါတယ်။ ဒေါ်ဂျေထုရော်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။
အင်ဂျန်းယန်မဲဆန္ဒနယ် အမှတ်(၁) က လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးနော်ကတော့ အဆို နှစ်ခု မေးခွန်း ပေါင်း ၂၀ ကျော် မေးမြန်းခဲ့ရာမှာ ပြည်နယ်စီမံဘဏ္ဍာဌာနရဲ့ လုပ်ပိုင်ခွင့်အတွင်းက လုပ်ငန်းတွေကို အများဆုံး အကောင်အထည်ဖော်နိုင်ခဲ့ပြီး ပြည်ထောင်စု ဘက်ဂျတ်ထဲမှာပါတဲ့လုပ်ငန်းတွေကတော့ အကောင်အထည်ဖော်လို့ မရခဲ့ဘူးလို့ ပြောပါတယ်။ ဦးဇော်မိုးနော်ဟာ ကချင်ပြည်နယ် ဒီမိုကရေစီပါတီက လွှတ်တော်ကိုယ်စားလှယ်ဖြစ် ပါတယ်။
ကချင်ပြည်နယ်ထဲက ပြည်သူတွေရဲ့အခက်အခဲတွေကို အစိုးရအဖွဲ့က ဖြေရှင်းပေးလာအောင် လွှတ်တော်အစည်း အဝေးတွေမှာ သက်ဆိုင်ရာ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြခဲ့ကြတာဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ မေးမြန်း၊ တင်ပြချက်တွေကို အစိုးရအနေနဲ့ ဆောင်ရွက်ပေးနိုင်တာတွေရှိသလို မလုပ်ပေး နိုင်တဲ့ ကိစ္စတွေလည်းရှိခဲ့ပါတယ်။
ဆော်လော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက မေးခွန်း ၁၀၀ ခန့် မေးမြန်းခဲ့ရာမှာ ပြည်နယ်ဘက်ဂျတ်အတွက် ဆောင်ရွက်ပေးမှုမှာ အားရမှုမရှိဘူးလို့ ပြောပါတယ်။ ဒေါ်ခေါ်မာဝူဟာ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။
ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဒေသတွင်းဆောင်ရွက်ပေးမှုတွေမှာ ဘတ်ဂျက်ချထားပေးမှုတွေမှာ၊ လုပ်ငန်းတွေ ခွဲဝေဖို့ တင်ဒါချထားပေးမှုတွေမှာ မူဝါဒသတ်မှတ်ပြီး လုပ်ဆောင်ပေးတာမျိုးတွေက အားနည်းနေတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်။
ဘတ်ဂျက်ကိစ္စဝေဖန်တာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်းကို မေးမြန်းဖို့ RFA က ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
တချို့ဒေသတွေမှာတော့ လုပ်လက်စတွေ မပြီးသတ်သေးဘဲ အချိန်ဆိုင်းထားတဲ့ပုံစံမျိုးတွေရှိနေလို့ အားမရဘူးလို့ ဆော်လော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှီးဇော်လွမ်းလမ်းက ပြောပါတယ်။ ဒေါ်ရှီးဇော်လွမ်းလမ်းဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။
မံစီမဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအေးမင်းက မေးခွန်း ၁၀ ခုကျော် မေးမြန်းခဲ့ရာမှာ တချို့ကတော့ ဆောင်ရွက်မှုတွေကိုအားရမှုရှိသလို တချို့ဆောင်ရွက်မှုတွေက အားရမှုမရှိဘူးလို့ ပြောပါတယ်။ ဦးစိုင်းအေးမင်းဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။
လက်ရှိအစိုးရသက်တမ်း ၄ နှစ်တာကာလအတွင်း ကချင်ပြည်နယ်ထဲက ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ လိုအပ်နေသေးတဲ့ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ အခြေခံလိုအပ်ချက်တွေကတော့ ပြည်နယ်အစိုးရရဲ့ ဆောင်ရွက်ပေး မှုတွေကို အားမရဖြစ်ပြီး ဝေဖန်သုံးသပ်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေလည်းရှိပါတယ်။