မြန်မာပြည်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တိုးလာမယ့် အန္တရာယ်ရှိနေပြီလား
2020.09.04
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆ ဦးပဲ ရက်အတန်ကြာရှိခဲ့ရာကနေ ဒီရောဂါနဲ့ ၇ ဦးမြောက်လူနာတစ်ဦး မနေ့က သေဆုံးသွားခဲ့ပါတယ်။ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ပြည်တွင်းကူးစက်မှုများလာတာဟာ အထူးသတိထားရမယ့်အခြေအနေဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ဆိုးလည်းဆိုးလာနေပြီ မြို့နယ်တော်တော်များများကို အခုရောက်လာပြီ internal transmission ပြည်တွင်းကူးစက်မှု ရှိလာပြီဆိုတဲ့အခါကျတော့ အရင်က ကျနော်တို့ပြောလို့ရတာက ဒီရောဂါက နိုင်ငံခြားကလာတာပဲ။ ငါတိုပြည်တွင်းဝင်မယ့် ဂိတ်တွေကို လုံအောင်ပိတ်လိုက်ရင် ရပြီပေါ့နော်။ အခုတော့ အဲဒီလို မဟုတ်တော့ဘူး။ ရန်သူက အတွင်းထဲရောက်လာပြီ။ ဒီရန်သူကို ထိန်းချုပ်ရတာ ပိုပြီး ခက်တာပေါ့နော်။”
ဒီရက်ပိုင်းမှာဖြစ်ပွားသူဦးရေ တော်တော်များလာတဲ့အတွက် စိုးရိမ်ပူပန်မှုတွေရှိပေမယ့် လူထုအနေနဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုအားနည်းနေတယ်လို့ ပြောပါတယ်။
“ပြည်သူတွေက social distancing ကို တော်တော်လေး လျော့ရဲတာတွေ့တယ်။ mask တပ်တာတွေမှာလည်း တော်တော်လေး လျော့ရဲလာတာတွေ့တယ်။ တချို့ကထင်တယ် ဒီကိုဗစ်က ကူးသာကူးတာ မသေပါဘူးကွာ။ မကြောက်ပါနဲ့။ မှန်ပါတယ် လူငယ်တွေအတွက်တော့ မသေဘူးပေါ့၊ ရောဂါအခံရှိတဲ့သူတွေရယ် အသက်ကြီးသူတွေရယ် ဒီဒဏ်ကို မခံနိုင်တော့ သေနိုင်ပါတယ်။ အဲဒီတော့ ကျနော်တို့က ငါလွတ်ရင်ပြီးရော ကျန်တဲ့သူတွေ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ စိတ်မျိုးထားလို့ မကောင်းဘူးလို့ ထင်ပါတယ်။ ကျနော်တို့က ကိုယ့်တိုင်းပြည်ထဲမှာ ၇ ယောက်ပဲ သေဆုံးတာမြင်သေးတဲ့အခါကျတော့ သိပ်မကြောက်ဘူးဖြစ်နေတယ်။ ဖြစ်ပွားသူ လူတစ်ရာမှာ နှစ်ဦးကနေ ငါးဦးလောက် သေတယ်လို့ ကမ္ဘာက ပြောပါတယ်။ positive ဖြစ်နှုန်း များလာလေလေ သေတဲ့နှုန်းက များလာလေလေ ဖြစ်မှာပေါ့။ positive နှုန်း ကျဖို့ဆိုတာကလည်း တစ်ယောက်ချင်းရဲ့ စည်းကမ်းလိုက်နာမှုတွေ mask တပ်တာတို့ social distancing တို့ လူစုလူဝေးကို ရှောင်တာတို့ အဲဒါတွေက အင်မတန်မှ အရေးပါတဲ့ အနေအထားမှာ ရှိနေပါတယ်။"
ရန်ကုန်မြို့က မစန္ဒာဆိုတဲ့ အိမ်ရှင်မတစ်ဦးကတော့ တခြားပြည်နယ်တွေက လာရောက်သူတွေကို စောင့်ကြည့်သတိပေးမှု အားနည်းနေတယ်လို့ ပြောပါတယ်။
“သက်ဆိုင်ရာရပ်ကွက်လူကြီးတွေကလည်း ပေါ့ဆတာရှိတယ်။ အမုန်းခံပြီး တင်းတင်းကျပ်ကျပ် မလုပ်ချင်ဘူး။ နောက်ပြီး ရခိုင်ပြည်နယ်ဘက် စစ်တွေဘက်က ဝင်လာသူတချို့ကလည်း ကွာရန်တင်း ဝင်ရမှာကြောက်လို့ ပုန်းနေတာမျိုးတွေရှိတယ်။”
မရမ်းကုန်းမြို့နယ်မှာနေထိုင်တဲ့ ကိုအောင်ကျော်မိုး ဆိုသူကလည်း
“လူတွေကစိုးရိမ်မှုတော့ရှိတယ်။ အာဏာပိုင်တွေဘက်ကလည်း တတ်နိုင်သမျှ ပြည့်စုံအောင်လုပ်နေတာပဲ။ ပြည်သူတွေကလည်း တတ်နိုင်သမျှ ပါဝင်ပူးပေါင်းပါတယ်။ဒါပေမဲ့ စနစ်တကျ မဟုတ်ဘူး။ နှာခေါင်းစည်းတပ်ပေမယ့် မေးစေ့ချိတ်တာတွေ၊ နဖူးတင်ထားတာတွေ ရှိတယ်။ အသက်ရှူလို့ မွန်းတာလည်း ရှိတာကိုး။ ကြောက်တာတော့ ကြောက်ပါတယ်။ ဒါပေမဲ့ စားဝတ်နေရေးအတွက် အပြင်မထွက်လို့ကလည်း မရဘူး။ ဒါက ဒုတိယအကြိမ်ဆိုတော့ ပထမ အကြိမ်ကတည်းက လူတချို့က တော်တော်မျော့နေပြီ။ အခုဟာက ဒုတိယအကြိမ် အခုကြုံလာရတော့ လူတွေက တောင့်ခံဖို့ရပ်တန့်ထားလို့ မရတော့ဘူးလေ။ ကျနော်တို့ မြန်မာတွေဆိုတော့ ကံစီမံရာပဲဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။”
ရန်ကုန်မြို့ခံတချို့ကလည်း ဒီရောဂါပိုးတွေ့ရှိသူတွေကို သီခြားထားစောင့်ကြည့်ဖို့ သက်ဆိုင်ရာတွေက လာရောက်ခေါ်ဆောင်ရာမှာ ပတ်ဝန်းကျင်က အထိတ်တလန့်ဖြစ်အောာင် လုပ်ဆောင်မှုတွေရှိကြောင်းနဲ့ ရပ်ကွက်လူထုကလည်း အဲဒီလို လာရောက်ခေါ်ဆောင်ခြင်းခံရသူတွေနဲ့ စောင့်ကြည့်ခံရသူတွေရဲ့ နေအိမ်တွေကို အန္တရာယ်ရှိတယ်ဆိုပြီး မဆက်ဆံဘဲဖယ်ကြဉ်မှုတွေရှိနေတယ်လို့ ပြောပါတယ်။