မြန်မာ့အရေး အာဆီယံအခန်းကဏ္ဍအပေါ် မေးခွန်းထုတ်

ဦးသစ်ဆင်း(ဝါရှင်တန်ဒီစီ)
2022.10.18
မြန်မာ့အရေး အာဆီယံအခန်းကဏ္ဍအပေါ် မေးခွန်းထုတ် စစ်ကောင်စီကို မထောက်ခံရန် အာဆီယံကို ၂ဝ၂၁ ခုနှစ် ဧပြီ ၂၃ ရက်နေ့က ရန်ကုန်မြို့မှာ ပြည်သူတချို့ တောင်းဆိုဆန္ဒပြစဉ်။
Photo: RFA

ကမ္ဘောဒီးယားနိုင်ငံမှာ နိုဝင်ဘာလ ၁ဝရက်ကနေ ၁၃ရက်အထိကျင်းပမယ့် ၂ဝ၂၂ ခုနှစ် အာဆီယံညီလာခံဟာ နီးကပ်လို့လာနေပါပြီ။ ဒေသတွင်းမှာ မြန်မာနိုင်ငံရဲ့ ပြဿနာ အကျပ်အတည်းနဲ့ပတ်သက်ပြီး အာဆီယံရဲ့ အခန်းကဏ္ဍအပေါ် မေးခွန်းထုတ်လာကြတာကြောင့် ဒီပြဿနာကလည်း ဒေသတွင်းခေါင်းဆောင်တွေ ဖြေရှင်းကြရမယ့် ကိစ္စတစ်ရပ်လည်းဖြစ်ပါတယ်။

အာဆီယံရဲ့ မူဝါဒဟာ ၂ဝ၂ဝ ပြည့်နှစ် ဧပြီလအတွင်း အာဆီယံခေါင်းဆောင်တွေ ချမှတ်ခဲ့ကြတဲ့ အချက် ငါးချက်ပါ သဘောတူညီချက်ကို အခြေခံ ထားတာပါ။ ဒါပေမဲ့ အဲဒီသဘောတူညီချက်ကို ချမှတ်ခဲ့ပြီးတာနဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့အနေနဲ့ သူ့ရဲ့ စစ်ကောင်စီက ချမှတ်ထားတဲ့ အချက် ငါးချက်ပါ အစီအစဉ်ကို အသိအမှတ်မပြုသရွေ့ အာဆီယံ သဘောတူညီချက်ကို အကောင်အထည် မဖော်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ သူ့အစီအစဉ်ရဲ့ ရည်ရွယ်ချက်တစ်ခုလုံးက စစ်တပ်ရဲ့ ကိုယ်ပိုင်ရပ်တည်ရှင်သန်ရေးသာဖြစ်ပြီး ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး မဟုတ်ပါဘူး။ ဆွေးနွေးညှိနှိုင်းရခက်ခဲတဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ အာဆီယံနဲ့ အလေးအနက် စတင်ဆွေးနွေးဖို့ မလွယ်ကူဘဲဖြစ်နေပါတယ်။ နိုင်ငံမှာ စီးပွားရေး ပြိုလဲနေတာ၊ တစ်နိုင်ငံလုံး လက်နက်ကိုင်ခုခံရေးတွေ ပိုမိုအားကောင်းလာနေတာအပါအဝင် အရေးပေါ်အခြေအနေတွေနဲ့ ရင်ဆိုင်နေရပေမယ့် စစ်ကောင်စီဟာ အာဆီယံနဲ့ အလေးအနက် ဆွေးနွေးဖို့ အားထုတ်မှုတွေကို ငြင်းဆန်နေတာပါ။

ဒါပေမဲ့ နိုင်ငံကို အာဏာသိမ်းပြီးကတည်းက နိုင်ငံတစ်ဝန်း နေရာအတော်များများကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်ခဲ့ဘဲ မြို့တွေ၊ ရွာတွေ၊ ခုခံရေး အားကောင်းတဲ့ နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကိုသာ အားကိုးနေရပါတယ်။

ပြီးခဲ့တဲ့နှစ်လကျော်က နယူးယောက်မြို့၊ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အဆင့်မြင့်ဆွေးနွေးပွဲအပါအဝင် တခြားသောဆွေးနွေးပွဲတွေမှာ အချက် ငါးချက်ပါ သဘောတူညီမှုနဲ့ပတ်သက်ပြီး တိုးတက်မှုမရှိခဲ့တဲ့အတွက် စိတ်ပျက်ဖွယ် ဖြစ်ခဲ့ရပါတယ်။ ဒီနေ့လို ပတ်ဝန်းကျင် ဒေသတွင်း နဲ့ မြန်မြန်ဆန်ဆန်ပြောင်းလဲနေတဲ့ အခြေအနေမှာ အာဆီယံအနေနဲ့လည်း လက်ရှိမူဝါဒတွေ၊ လုပ်နည်းလုပ်ဟန်တွေနဲ့ ချိန်ညှိဖို့ လိုအပ်လာပါတယ်။

ညီလာခံမှာ မြန်မာနဲ့ပတ်သက်ပြီး အချက်ငါးချက်ပါ သဘောတူညီချက်ဆိုင်ရာ တိုးတက်မှု ကင်းမဲ့နေတာဟာ လက်ခံနိုင်စရာမရှိဘဲဖြစ်နေပါတယ်။ အာဆီယံအဖွဲ့ဝင်တွေကြားမှာ မလေးရှားကသာ ညီလာခံပြင်ဆင်မှုတွေကို ဦးဆောင်နေတာပါ။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း အာဆီယံရဲ့မူဝါဒ ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်စစ်ဆေးဖို့ မြန်မာနိုင်ငံရဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံအဖွဲ့ (NUCC) အပါအဝင်၊ မြန်မာနိုင်ငံတွင်းက ပါဝင်သင့်သူတွေနဲ့ ပြန်လည်စစ်ဆေးဖို့ တိုက်တွန်းခဲ့ပါတယ်။

_H_L0090-a.jpg
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် ၂ဝ၂၁ ခုနှစ် မတ်လ ၁၂ ရက်နေ့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူများ။ (Photo: RFA)

အင်ဒိုနီးရှားကလည်း တက်ကြွတဲ့အခန်းက ပါဝင်နေပြီး မြန်မာနိုင်ငံဆိုင်ရာ မဟာဗျုဟာကို ပြန်လည်သုံးသပ်ဖို့၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးစည်းဝေးပွဲကို ဒီလကုန်ပိုင်းမှာ ခေါ်ယူဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ဖိလစ်ပိုင်သမ္မတသစ်ကလည်း အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်ဖို့ စိတ်ဝင်စားကြောင်း ပြောဆိုခဲ့ပေမယ့် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တကယ်လို့ လာမယ့် အာဆီယံညီလာခံဟာ တကယ့်တိုးတက်မှုအတွက် နှစ်မြှုပ်ဆောင်ရွက်မယ်ဆိုရင် အာဆီယံရည်မှန်းချက်နဲ့ မကိုက်ညီဘဲ လွဲချော်နေတဲ့ လက်ရှိ အချက် ငါးချက်ပါ သဘောတူညီမှုကို ကျော်လွန်သွားရတော့မှာဖြစ်ပါတယ်။ ဒီနေရာမှာ အာဆီယံအပေါ် ပြန်လည်သုံးသပ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်သစ် တစ်ရပ်ချမှတ်ရေးဆိုတဲ့ မလေးရှားရဲ့ အဆိုပြုချက်အပေါ် အလေးအနက် စဉ်းစားထိုက်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ်ဖြေရှင်းရမယ့် ပြ၁သနာတွေထဲမှာ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ အဆင့်အတန်း၊ တခြားနိုင်ငံတကာကိုယ်စားလှယ်တွေ နဲ့ ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာစစ်ကောင်စီရဲ့ လာမယ့်နှစ် ရွေးကောက်ပွဲ အစီအစဉ်၊ လူသားချင်းစာနာကူညီရေး ဆောင်ရွက်မှုတွေ ပါဝင်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးကြီးတဲ့အချက်က မြန်မာပြည်သူတွေရဲ့ အသံကို ကြားကြရဖို့နဲ့ လိုအပ်သလို ကူညီဆောင်ရွက်ပေးကြဖို့ ဖြစ်ပါတယ်။

အဲဒီအချက် မရှိရင် သဘောတူညီထားတဲ့အချက်တွေ သဲထဲရေသွန် ဖြစ်သွားမှာပါ။ ဒါဟာ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင်၊ တခြားမြန်မာပြည်သူတွေရဲ့ အဓိကကိုယ်စားလှယ်တွေအပေါ် အဓိကကျတဲ့ သက်ရောက်မှုတွေလည်း ဖြစ်ပါတယ်။

အခုထိတော့ အာဆီယံရဲ့ ဦးဆောင်မှုအခန်းဟာ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းရဲ့ ထောက်ခံမှုရရှိထားဆဲဖြစ်ပါတယ်။ ဒါပေမဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ တိုးတက်မှု တစ်စုံတစ်ရာမရှိဘဲ အချိန်ကာလ ၁၈ လ ကြာခဲ့ပြီးတဲ့နောက်၊ လူထုထောက်ခံမှုလည်း ကျဆင်းလာခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။ အာဆီယံအနေနဲ့ တခြားအဖွဲ့တွေနဲ့အတူ၊ အပြောင်းအလဲတွေ အစဉ်မပြတ်ဆောင်ရွက်ဖို့၊ ထောက်ခံ အားပေးသူ အမျိုးမျိုးလိုအပ်လာကြောင်း အများက ယုံကြည်လာနေကြကြောင်း သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။