တရုတ်သွင်းကုန်ကြောင့် အခက်တွေ့နေတဲ့ အာလူးဈေးကွက်

ကျော်လွင်ဦး
2020.05.28

မြန်မာ့ဈေးကွက်ထဲကို တရုတ်နိုင်ငံက အာလူးတွေ ဝင်ရောက်နေတာကြောင့် ဈေးကွက် ကမောက်ကမဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်းက အာလူးစိုက်တောင်သူတွေ အခက်အခဲ ဖြစ်နေပါတယ်။ 

ရှမ်းပြည်တောင်ပိုင်း နောင်တယား၊ ဟဲဟိုး၊ ညောင်ရွေသိမ်ကုန်းနဲ့ တောင်ကြီးမြို့နယ် တောင်နီကျေးရွာတွေမှာ အာလူးအဓိက စိုက်ပျိုးအသက်မွေးဝမ်းကျောင်းပြုသူတွေ အများအပြားရှိပါတယ်။

ပြီးခဲ့တဲ့လပိုင်းက အာလူးဈေးဟာ တပိဿာကို ကျပ် ခြောက်ရာကျော်ရှိပေမယ့် တရုတ်နိုင်ငံဘက်က အာလူးတွေ ဝင်ရောက်လာတာကြောင့် အာလူးစိုက်တောင်သူတွေ အခက်အခဲတွေ ဖြစ်နေကြပါတယ်။

တရုတ်အာလူးတွေဝင်လာပြီး ဈေးထိုးကျသွားတယ်လို့ နောင်တယားဒေသက အားလူးစိုက်တောင်သူ ခွန်စန်းဦးက ပြောပါတယ်။

ဟဲဟိုး၊ နောင်တယားဒေသဘက်မှာ အာလူးတစ်ဧကကို ပိဿာ ငါးထောင်ကနေ ရှစ်ထောင်လောက် အထိထွက်ပြီး တရုတ်နိုင်ငံမှာတော့ နည်းပညာမြင့်တာကြောင့် တစ်ဧကကို ပိဿတစ်သောင်းလောက်ထိထွက်တယ်လို့ အာလူး စိုက်တောင်သူတွေ ပြောပြချက်အရ သိရပါတယ်။

မြန်မာပြည်က အာလူးစိုက်တောင်သူတွေဟာ မျိုးစေ့နဲ့ မြေသြဇာကို တရုတ်က ဝယ်ယူရတာကြောင့် စိုက်ပျိုး စရိတ်ဟာ တပိဿာကို ကျပ်လေးရာကနေ ကျပ် ငါးရာလောက်အထိ ကုန်ကျပါတယ်။

အာလူးမျိုးကောင်းအသုံးပြုနိုင်ပြီး နည်းပညာပိုမြင့်တဲ့ တရုတ်ပြည်မှာ အထွက်နှုန်းကောင်းတာကြောင့်   မြန်မာ ပြည်မှာလောက် စရိတ်မကုန်ကျပါဘူး။

တရုတ်အာလူး မြန်မာပြည်ကို ဝင်ရောက်ပြီဆိုရင် ဈေးကွက်မှာ မယှဉ်နိုင်ဘဲ အမြဲအရှုံးပေါ်နေတယ်လု့ိ အာလူးစိုက်တောင်သူတွေက ပြောပါတယ်။

လက်ရှိ ရန်ကုန် ဘုရင်နောင်ဈေးကွက်မှာ  အရောင်၊ အရွယ်အစားပိုင်း ရောင်းပန်းလှတဲ့ တရုတ်အာလူးကို ဝယ်သူများတယ်လို့ ဘုရင်နောင်ပွဲရုံ အာလူးကုန်သည်တွေက ပြောပါတယ်။

ဈေးနှုန်းသက်သာတဲ့ တရုတ်အာလူးရဲ့ အားသာချက်တွေထဲမှာ  နယ်စပ်အခွန်နည်းပြီး တရားမဝင်တင်သွင်း လို့ရတဲ့အချက်တွေလည်း ပါဝင်ကြောင်း အာလူးစိုက်တောင်သူတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

ပြည်တွင်းမှာ စားသုံးဖို့ လုံလုံလောက်လောက် ထွက်နေတဲ့အချိန်မှာ တရုတ်ကနေ အာလူးဝင်လာမှာကို  အာလူးစိုက်တောင်သူတွေက မလိုလားကြပါဘူး။

အာလူးတောင်သူတွေဟာ သူတို့ရဲ့ စိုက်ပျိုးရေးထွက်ကုန်ကို သိုလှောင်ရာမှာ ကမ္ဘာ့အာလူးတင်ပို့မှု အများဆုံး နိုင်ငံတခု ဖြစ်တဲ့ တရုတ်နိုင်ငံမှာလို အပူချိန်ထိန်းတဲ့အခန်းတွေနဲ့ မဟုတ်ဘဲ ဂိုထောင်မှာပဲထားရတာကြောင့်  သိုလှောင်ချိန်ကြာလာတာနဲ့အမျှ ပျက်စီးဆုံးရှုံးနိုင်ပါတယ်။

နိုင်ငံအတွင်းစားသုံးဖို့ ဖူလုံအောင် နိုင်ငံအတွင်းမှာ ထုတ်နိုင်တဲ့အချိန်မှာ အစိုးရအနေနဲ့လည်း တရုတ်ကနေ တင်သွင်းခွင့် ပိတ်လိုက်ဖို့ တောင်သူတွေက လိုလားနေကြသလို အားလူးစိုက် တောင်သူအသင်းတွေကနေ အစိုးရကို တင်ပြတောင်းဆိုဖို့ ပြင်ဆင်နေပါတယ်။

တရားဝင်တင်သွင်းခွင့် ပေးထားခြင်း ရှိမရှိနဲ့ အာလူးဝင်ရောက်တာကို ကန့်သတ်ရေး အစီအစဉ် ရှိ၊ မရှိ သိရဖို့ RFA သတင်းဌာနက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ရှမ်းပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် ကတော့ နယ်စပ်ကနေ တင်သွင်းခွင့် ပေးထားတဲ့ ကုန်စည်ထဲမှာ အာလူး မပါဘူးလို့ RFA ကို ပြောပါတယ်။

ထုတ်လုပ်စရိတ် အနိမ့်ဆုံး ကျပ် ၅၀၀ လောက် ရှိတာကြောင့် ကျပ် ၆၀၀ အထက် ဈေးရမှာသာ အဆင်ပြေပြီး မရောင်းရဘဲ ကြာရှည်ထားရမယ်ဆိုရင် ပျက်စီး ဆုံးရှုံးနိုင်တယ်လို့ အာလူးစိုက်တောင်သူတွေက ပြောပါတယ်။

တစ်နိုင်ငံလုံး  အာလူးစိုက်ဧက ကိုးသောင်းကျော်ရှိပြီး  အဲဒီထဲက ထက်ဝက်ကျော်ဟာ ရှမ်းပြည်နယ်မှာ ရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာန အချက်အလက်တွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။