မြန်မာ-ရုရှား အဏုမြူဆိုင်ရာ သဘောတူညီချက်နဲ့ ဒေသတွင်းအခြေအနေ
2022.07.14

မြန်မာအာဏာသိမ်း စစ်ကောင်စီနဲ့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင် အေဂျင်စီတို့ ပူးပေါင်းပြီး ငြိမ်းချမ်းတဲ့ အဏုမြူစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း တရားဝင်သတင်းမီဒီယာတွေက ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့ကြပါတယ်။
အဲဒီသဘောတူညီချက်ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မကြေညာဘဲ သွားရောက်ခဲ့တဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်း သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာပါ။
ဒီခရီးစဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဒုတိယမြောက် ပြည်ပခရီးစဉ်ဖြစ်ပါတယ်။
ခရီးစဉ်အတွင်း တနင်္လာနေ့က၊ မော်စကိုမြို့တော်က Rosatom နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းရဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့တွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံပြည်သူတွေရဲ့အကျိုးအတွက် အဏုမြူစွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ကြရေး၊ ဆွေးနွေးခဲ့ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်တဲ့ မြန်မာ့အလင်းသတင်းစာက ဖော်ပြပါတယ်။
ဒါ့ပြင် ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း Roscosmos ရဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့လည်း တွေ့ဆုံခဲ့ပြီး သိပ္ပံနဲ့နည်းပညာ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြကြောင်း၊ အလားတူ ရုရှားရဲ့ အဓိကနိုင်ငံပိုင်လက်နက်ပစ္စည်းတင်ပို့ရေးအဖွဲ့အစည်းဖြစ်တဲ့၊ Rosoboronexport ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ တွေ့ဆုံခဲ့ကြောင်းလည်း စပိန်အခြေစိုက် EFE သတင်းစာက ဖော်ပြပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံ မဟာမိတ်တွေက လူ့အခွင့်အရေးချိုးဖောက်ပြီး၊ စစ်တပ်အာဏာသိမ်း မြန်မာနဲ့ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ရုရှားကို အထီးကျန်ဖြစ်အောင် ပိတ်ဆို့အရေးယူတာတွေ တိုးမြှင့်ခဲ့ကြပေမယ့် မြန်မာနဲ့ရုရှားကြား နက်ရှိုင်းတဲ့ သံတမန်ရေး၊ ကုန်သွယ်ရေးတွေ ဆက်ရှိနေကြောင်းလည်း ဆိုပါတယ်။
ဒီအတွင်း ဒေသတွင်းနိုင်ငံတွေမှာလည်း ပြဿနာကိုယ်စီနဲ့ လှုပ်ရှားနေကြဆဲဖြစ်ပါတယ်။
တိုင်းပြည်ဆင်းရဲမွဲတေမှုနဲ့ ကြုံတွေ့နေရလို့ အစိုးရအပေါ် ပြည်သူတွေ ဆန့်ကျင်ဆန္ဒပြနေတဲ့ သီရိလင်္ကာနိုင်ငံမှာ၊ သမ္မတ ရာဂျာပက္ကရှာက ဇနီးဖြစ်သူနဲ့ လုံခြုံရေးဝန်ထမ်းနှစ်ဦးနဲ့အတူ စစ်လေယာဉ်နဲ့ မော်လဒိုက်နိုင်ငံကို ထွက်ပြေးသွားခဲ့ပါတယ်။ တတိယနိုင်ငံ တစ်ခုခုမှာ ခိုလှုံဖွယ်ရှိပါတယ်။
သူတို့ရဲ့ တခြားဆွေမျိုးမိသားစုဝင်တွေလည်း နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်သွားကြပါတယ်။ သမ္မတအိမ်တော်ဝင်းအတွင်းမှာ လည်း ဆန္ဒပြပြည်သူတွေ စခန်းချနေကြပြီး သမ္မတရဲ့ နုတ်ထွက်လွှာကို စောင့်ဆိုင်းနေကြပါတယ်။ ဝန်ကြီးချုပ်ကလည်း နိုင်ငံကို အရေးပေါ် အခြေအနေကြေညာထားပါတယ်။
ဂျပန်နိုင်ငံမှာ ရာသီဥတု ပြောင်းလဲမှုကြောင့်၊ ဝါဆားဘီ စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်နေပါတယ်။ ဂျပန်မှာ ၂၀၀၅ ခုနှစ်ကစပြီး၊ ဝါဆားဘီ ထုတ်လုပ်မှု ထက်ဝက်လျော့ကျခဲ့ပါတယ်။ မွန်ဂိုလီးယားမှာ သမိုင်းဝင် သူရဲကောင်း ဘုရင် ဂျင်ဂျစ်ခန်ရဲ့ အသက် ၈၆၀ ပြည့် မွေးနေ့ကို ကျင်းပခဲ့ပါတယ်။