မအိသဇင်အောင် ထိုင်းအစိုးရထံက ကျန်းမာရေးကုသခွင့် ရရှိနိုင်

ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမား ကိုစုရန်ပိုင်ဦးနဲ့ မပန်းအိဖြူတို့ရဲ့ အသက် ၁ နှစ်ခွဲအရွယ် သမီးငယ် မအိသဇင်အောင်ဟာ မွေးရာပါ အဆုတ်အားနည်းတဲ့ရောဂါနဲ့ နွမ်ထဘူရီခရိုင် ဖရာနန်ကလောင်းဆေးရုံကို ပြီးခဲ့တဲ့လအတွင်းက တက်ရောက်ပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။ ကလေးငယ်ရဲ့ရောဂါဟာ ရေရှည်ကုသရမှာဖြစ်ပြီး ခွဲစိတ်ကုသဖို့လည်း လိုအပ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
ကလေးမိဘတွေဟာ ထိုင်းနိုင်ငံရောက်ပြီး အလုပ်အကိုင် အဆင်မပြေတဲ့အတွက် ထိုင်းရောက်မြန်မာတွေ အလွယ်တကူခေါ်ကြတဲ့ ပတ်ကဆန် (Pra kan sang kom လူမှုဖူလုံရေး) အခွင့်အရေးဆုံးရှုံးသွားပြီး ကလေးအတွက် ဆေးကုသစရိတ် အခက်အခဲတွေ့ခဲ့ရပြီးနောက် ထိုင်းနိုင်ငံရောက် တခြားဘဝတူ မြန်မာအလုပ်သမားတွေထံ အကူအညီတောင်းခံခဲ့ပါတယ်။ သူတို့မိသားစုကို ကူညီခဲ့တဲ့ ဘန်ကောက်မြို့က လူမှုရေးအသင်းတစ်ခုကတော့ နှလုံးလှအဟာရ သွေးစည်းညီအစ်ကိုမောင်နှမများအဖွဲ့ဖြစ်ပြီး ဘတ်ငွေ ၇ သောင်းခန့် လှူဒါန်းခဲ့ပါတယ်။
ဒီသတင်းကို RFA က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ လွှင့်ထုတ်တင်ပြခဲ့ပြီးနောက်မှာ ထိုင်းနိုင်ငံရှိ မြန်မာတွေအပြင် စင်ကာပူနဲ့ ကိုရီးယားရောက် မြန်မာတချို့ကလည်း မိဘတွေကို ဆက်သွယ်လှူဒါန်းကြတဲ့အတွက် နောက်ထပ် ဘတ်ငွေ ၃ သောင်းကျော် လက်ခံရရှိခဲ့တယ်လို့ ကလေးဖခင် ကိုစုရန်ပိုင်ဦးက ပြောပါတယ်။
"စင်ကာပူက အစ်ကိုကြီးတစ်ယောက်ကတော့ ၂ သောင်း၊ ကိုရီးယားက တစ်ယောက်ကတော့ ၂၅ဝဝ။ ဒီထိုင်းနိုင်ငံထဲက လှူထားတဲ့ သူတွေလည်းရှိတာပေါ့။ ငါးရာ တစ်ထောင် အဲဒီလိုပေါ့။ စုစုပေါင်း ၃ သောင်း ၂ ထောင်လောက်တော့ ရတယ်။ အားလုံးပေါင်းဆိုရင် ၁ သိန်းလောက်တော့ ရတာပေါ့။ ဆေးရုံစရိတ်ကတော့ အားလုံးပေါင်းဆိုရင် ၄ သောင်းခွဲ ၅ သောင်းနီးပါးလောက် ကျတယ်။"
ဆေးရုံက ပြန်ဆင်းလာတဲ့ မအိသဇင်အောင်ဟာ အခုဆေးရုံကို ပုံမှန်သွားရောက်ပြသနေရတယ်လို့ မိခင် မပန်းအိဖြူက ပြောပါတယ်။
"ဆေးရုံကပြန်လာပြီး တစ်ပတ်လောက်နေတော့ တစ်ခါဖျားတယ်။ အခုလောလောဆယ် အကုန်လုံးကောင်းနေတယ်။ ဒီတစ်ခေါက် ဆေးရုံရက်ချိန်းသွားတော့ အကုန်လုံးကောင်းတယ် ပြောတယ်။ နောက်လ ၈ ရက်နေ့ ပြန်ချိန်းထားတယ်။ တခြားကလေးတွေ ဘာတွေ ဖျားနာနေရင် အဲဒီကို မသွားနဲ့ လူများတဲ့ နေရာတွေ ဘာတွေမသွားနဲ့ ဆေးရုံမဆင်းခင်ကတည်းက ဆရာဝန်ပြောထားတယ်။"
ထိုင်းမှာ တရားဝင်လုပ်ကိုင်တဲ့ အလုပ်သမားတွေအနေနဲ့ ပက်ကဆန်ခေါ် လူမှုဖူလုံရေးခံစားခွင့် ရရှိဖို့ အလုပ်ရှင်က ဆောင်ရွက်ပေးရပါတယ်။ အဲဒီကိစ္စအတွက် အလုပ်ရှင်နဲ့ အလုပ်သမားပူးတွဲပြီး အစိုးရကို လစဉ်ကြေး ပေးသွင်းရပါတယ်။ လူမှုဖူလုံရေးရှိတဲ့ အလုပ်သမားတွေရဲ့ မိသားစုဝင်တွေဟာ ဆေးရုံဆေးခန်းသွားပြီး ကုသမှုခံယူရတဲ့အခါ ဘတ်ငွေ ၃ဝ ပေးရပါတယ်။ မအိသဇင်အောင်ရဲ့ မိခင်ဟာ အခု ပြန်လည် အလုပ်ဆင်းနေပြီ ဖြစ်လို့ လာမယ့်လအတွင်း ကလေးအတွက် ဆေးကုသခွင့်ရရှိမယ်လို့ မျှော်လင့်ရကြောင်း ဖခင်ဖြစ်သူ ကိုစုရန်ပိုင်ဦးက ဝမ်းသာစကားပြောပါတယ်။
"ကလေးရဲ့ ဆေးကုသလက်မှတ် အဲဒီလက်မှတ်ရှိရင် ကလေးက ဘယ်လောက်ပဲကုကု ဘတ် ၃ဝ ပဲ ကုန်တော့တာပေါ့။ အမေအလုပ်လုပ်မှပဲ အဲဒီ ၃ဝ က သက်တမ်း တိုးတိုးသွားရတာပေါ့။ အဲဒီဟာက ၁၁ လပိုင်း ၁၂ ရက် ၁၃ ရက် လောက်ဆိုရမယ်။ ကျွန်တော်တို့ကို လိုက်လုပ်ပေးနေတဲ့ ဆရာမဒေါ်နန်းမိုး ကိုယ်တိုင်ပြောတာ ကျွန်တော်တို့ကို။"
သူတို့ကို ကူညီပေးနေတဲ့ သူနာပြုဆရာမ ဒေါ်နန်းမိုးကလည်း ကလေးမိခင် မပန်းအိဖြူ လူမှုဖူလုံရေး ခံစားခွင့်ရရှိတဲ့အခါ ကလေးအတွက် ဆေးကုသခွင့်ရရှိဖို့ ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုပါတယ်။
"သူ့မိန်းမမှာက ပတ်ကဆန် (Pra kan sang kom လူမှုဖူလုံရေး) စာအုပ်ရှိတယ်လေ။ အဲဒါက မပြည့်သေးတာ။ သူက ၂၅ ရက်နေ့ ၇ လပိုင်းမှ စသွင်းတော့ ၁ဝ လပိုင်း ၂၅ လောက်မှာမှ ၃ လပြည့်မှာ။ ၃ လပြည့်လို့ ၄ လ လောက်မှာမှ ခံစားခွင့် ကျန်းမာရေးကုသခွင့်ရမှာ။ သူ့အမေကနေ အဲဒီကုသခွင့်ရပြီဆိုမှပဲ ကလေးဟာ သွားဆက်လို့ရမယ်။ သူ့အမေဟာ ပြတ်နေရင် သူ့ကလေးဟာလည်း ဆက်လို့ မရသေးဘူးပေါ့။ သူ့အမေရဲ့ ဆေးရုံကတ်ရပြီဆိုတဲ့အကြောင်းကို ဆေးရုံသွားပြန်ပြောမှပဲ သူ့ကလေးရဲ့ ဆေးရုံကဒ်ခံစားခွင့်ကို တစ်ခါပြန်ပြီး လုပ်ရမယ်။"
ဒီမိသားစုရဲ့ အခက်အခဲကို RFA က အသံလွှင့်တင်ပြခဲ့ပြီးနောက် စင်ကာပူနိုင်ငံရှိ မေတ္တာရေစင်လူမှုရေးအဖွဲ့က ထိုင်းဘတ်ငွေ တစ်သောင်းခွဲခန့် လှူဒါန်းခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင်ကတော့ ဦးကျော်မျိုးပါ။
"မိဘကနေရာက ကြည့်ရင် ကလေးအတွက် ဘယ်လောက်သောကများနေမလဲ။ အဲ့ကိုယ်ချင်းစာစိတ်ပါပဲ။ ကိုယ်နိုင်တဲ့ တစ်ခုတော့ ကိုယ်စိတ်ထဲက လှူချင်စိတ်ပေါက်တာနဲ့ လှမ်းပြီးတော့ ဆက်သွယ်လိုက်ထာ။ နောက်တစ်ခုက ကျွန်တော်က RFA အမြဲ ဝင်ဝင်ကြည့်တယ်။ ဟိုးအရင်ကတည်းက။ သားသမီးအတွက်ဆိုတော့ သူတို့လည်း သောကဗျာပါရ များနေမှာပဲ ကျွန်တော်တို့ အပေါင်းအသင်း သူငယ်ချင်းတွေ စင်ကာပူမှာရှိနေတဲ့ အပေါင်းသင်း သူငယ်ချင်းတွေကို မေးလိုက်တဲ့ အခါကျတော့ သူတို့ကလည်း သူတို့တတ်နိုင်သလောက် လှူမယ်ဆိုတာနဲ့ ဒါလေး လုပ်ဖြစ်သွားတာ။"
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဖြစ်ကြတဲ့ ကိုစုရန်ပိုင်ဦးတို့ မိသားစုဟာ အလှူရှင်တွေရဲ့ ကူညီမှုကြောင့် လတ်တလောမှာတော့ ကလေးဆေးကုခွင့်အတွက် မပူပန်ရတော့ပါဘူး။ ဒါပေမဲ့လည်း အချိန်ယူ ခွဲစိတ်ကုသရမယ့်ကိစ္စဖြစ်တဲ့အတွက် သောက မအေးနိုင်ကြသေးသလို သမီးငယ်ဆေးကုသဖို့ အရင်က ယူထားခဲ့တဲ့ အကြွေးတွေကိုလည်း ပြန်လည်ပေးဆပ်ဖို့ အခက်တွေ့နေဆဲဖြစ်ပါတယ်။