မြဝတီမှာ တိုက်ပွဲပြင်းထန်ပြီး လူတစ်ထောင်ကျော် ထိုင်းဘက်ထွက်ပြေး
2024.04.09

[Update: 6: 15 PM, April 10, 2024]
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး ဧပြီ ၁၀ ရက် မနက်ပိုင်းကစလို့ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားကတစ်ဆင့် လူတစ်ထောင်ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဒေသခံတွေက ပြော ပါတယ်။
စစ်ကောင်စီရဲ့ မြို့စောင့်တပ် ခလရ -၂၇၅ အနီးမှာ ဧပြီ ၉ ရက်ညကစလို့ တိုက်ပွဲပြင်းထန်နေပြီး ဧပြီလ ၁၀ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲမှုကြောင့် မြဝတီမြို့ပေါ်က မြေနီကုန်းရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အေးသုခရွာနဲ့ စိမ်းလဲ့မြိုင် အဝေးပြေးကားဝင်းမှာ နေအိမ်နဲ့ အဆောက်အအုံတွေ မီးလောင်ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။
“အခြေအနေကတော့ စစ်ကောင်စီရဲ့ အထူးကုန်သွယ်ရေးဇုန်ကို သိမ်းပိုက်နိုင်တော့မယ့် အနေအထားမှာ ရောက်နေပြီပေါ့ဗျာ"
တိုက်ပွဲပြင်းထန်လွန်းတဲ့အတွက် ကျယ်လောင်တဲ့ အသံတွေကို အရင်တိုက်ပွဲတွေထက် ပိုကြားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အခု တစ်နာရီအတွင်းမှာပဲ လေယာဉ်ဗုံးချနေတာ ရှစ်လုံး၊ ကိုးလုံးလောက် ရှိပြီ။ ညကလည်း တစ်ညလုံး ကြဲနေတာ။ ကားကြီးကွင်းကို ညတုန်းကတော့ လေယာဉ်နဲ့ချသွားတာ အကုန်မီးတွေလောင်ကုန်ပြီ။ အရင်တုန်းကဆိုရင် အဲဒီလောက် အသံမကြားရဘူး မြို့ထဲမှာလေ။ လေယာဉ်သူ့ဟာသူ ဘယ်လိုပဲချချ အသံအဲလောက် မကျယ်ဘူး။ အခုက အသံတော်တော်ကျယ်တယ်။ တိုက်ပွဲက အခုချိန်ထိ ပြင်းထန်နေတုန်းပေါ့။ လောလောဆယ်မှာ တံတားကနေ ဟိုဘက်ကမ်းကို ပြည်သူတွေ ရှောင်သွားကြတာပေါ့”
တိုက်ပွဲအခြေအနေ အသေးစိတ်သိနိုင်ဖို့ KNU ပြောခွင့်ရပုဂ္ဂိုလ်တွေဖြစ်တဲ့ ပဒိုစောကလယ်စေးနဲ့ ပဒိုစောတော နီးတို့ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
စစ်တပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေချိန်မှာပဲ စစ်ကောင်စီတပ်ရဲ့ မဟာမိတ် DKBA နဲ့ KNA တစ်ဖြစ်လဲ BGF တပ်တွေက မြ၀တီမြို့ အဝင်အထွက်လမ်းတွေကို ပိတ်ထားလိုက်ပြီး မြို့ပေါ်မှာ အဆက်မပြတ် ကင်းလှည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထိုင်းဘက်ကိုသွားနိုင်တဲ့ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားကိုတော့ ဆက်ဖွင့်ထားတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် မြ၀တီမြို့မှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ယန္တရားအားလုံးနီးပါး ရပ်ဆိုင်းသွားပြီး လူဝင်မှု ကြီးကြပ်ရေး (လ.၀.က) ရုံးပဲ ဆက်ဖွင့်ထားတာ တွေ့ရတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။ အဲဒီ လ.က.၀ ရုံးမှာ လူတွေတန်းစီတိုးနေပြီး တံတားပေါ်ကတစ်ဆင့် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ထုတ်ယူနေကြတယ်လို့ ပြောပါတယ်။
ချစ်ကြည်ရေး အမှတ် (၁) တံတားပေါ်မှာ ဒီနေ့ ထိုင်းဘက်ကူးမယ့်လူတွေ တန်းစီတိုးနေတယ်လို့ နောက်ထပ် မြ၀တီမြို့ခံတစ်ဦးက ပြောပါတယ်။
“မြို့ပေါ်က အခြေအနေက ဒီမနက် ကျွန်တော်ကြည့်ရသလောက်က အမှတ် (၁) ရော၊ အမှတ် (၂) ရော တံတားနှစ်ခုလုံး ဖွင့်ထားတယ်။ တံတားပေါ်မှာ ဟိုဘက်ကမ်း ကူးမယ့်လူကတော့ လူတွေအရမ်းများတယ် ပုံမှန်ထက်ကို များနေတယ်။ အရင်ဆိုလို့ရှိရင် (တစ်နေ့ကို) နှစ်ရာပတ်ချာလည် အများဆုံး တွေ့နေရတာ။ အခုဟာက လူတစ်ထောင်နီးပါးလောက်ကို တွေ့နေရတာ။ တံတားအပြင်ဘက်ထိ တန်းစီနေကြတယ်”
မြ၀တီမြို့က အခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့် ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ အခမ်းအနားတစ်ခုကို ရောက်နေတာကြောင့် ပြန်မဖြေနိုင်သေးဘူးလို့ ပြောပါတယ်။
ထိုင်းနယ်စပ် မဲဆောက်မြို့မှာတော့ မြဝတီက အခြေအနေတွေကြောင့် ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ပြီး မြန်မာဘက်ကအခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်လို့ မဲဆောက်ရောက် မြန်မာတစ်ဦးက ပြောပါတယ်။
မဲဆောက်မြို့ကို ထွက်ပြေးရောက်ရှိလာသူ မြန်မာနိုင်ငံသားတစ်ဦးက ဧပြီလ ၁၀ ရက် ဒီနေ့ နေ့လယ်ပိုင်းက မြ၀တီ-မဲဆောက် နယ်စပ်တံတားပေါ်မှာ ထွက်ပြေးလာသူတွေနဲ့ ပြည့်ကျပ်နေတယ်လို့ RFA ကို ပြောပါတယ်။
“မြဝတီ အခြေအနေကတော့ ဒီဘက်မှာ အကုန်လုံးပြေးလာကြပြီ။ ရဟတ်ယာဉ်တွေလည်း ဝဲနေတယ်။ ဗုံးတွေလည်းကျတယ်။ ကားပေါ်က လှမ်းကြည့်လိုက်တော့ မီးခိုးတွေ တလူလူနဲ့။ အဲဒီကလူတွေ အကုန် ပြေးကုန်ပြီ။ တံတားရောက်တော့လည်း ဒီမှာ ကျပ်ပိတ်သိပ်နေတာပဲ။ မြို့ပေါ်လည်း ရောက်နေပြီ။ အများကြီးပဲ။ လေယာဉ်သံတွေရော။ ဒီဘက်ကို အကုန်လုံး ပြေးလာရတာပေါ့။ ဟိုဘက်မှာနေလို့မှ မရတော့တာ“
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ထိုင်း-မြန်မာနယ်စပ်က ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြ၀တီမြို့ကို သိမ်းယူနိုင်ခဲ့ရင် ဒီစစ်ပွဲမှာ KNU ဘက်က ပိုပြီး အရေးသာလာလိမ့်မယ်လို့ သုံးသပ်ပါတယ်။
“အခြေအနေကတော့ စစ်ကောင်စီရဲ့ အထူးကုန်သွယ်ရေးဇုန်ကို သိမ်းပိုက်နိုင်တော့မယ့် အနေအထားမှာ ရောက်နေပြီပေါ့ဗျာ။ မြ၀တီဘက်က အရေးကြီးဆုံး မြန်မာပြည်ရဲ့ ကုန်သွယ်ရေးဂိတ်ကို သိမ်းလိုက်ခြင်းအားဖြင့် တော်လှန်ရေးအင်အားစုတွေနဲ့ အဲဒီဘက်က ပြည်သူတွေအတွက်တော့ စီးပွားရေးနဲ့ ငွေရေးကြေးရေးဆိုင်ရာ အခွင့်အလမ်းသစ်တွေ ပေါ်ထွန်းလာမှာပေါ့ဗျာ။ ဒါကြောင့် အဲဒါတွေသိမ်းတာပေါ့”
မြ၀တီမြို့က သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းကို ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်း တပ်တွေက ဧပြီလ ၅ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီးနောက် မြ၀တီမြို့စောင့်တပ် ခလရ-၂၇၅ တပ်ရင်းက တပ်ဖွဲ့ ဝင်တွေကို လက်နက်ချဖို့ ညှိနှိုင်းခဲ့ပါတယ်။
ဒါပေမဲ့ လက်နက်မချတာကြောင့် လေးရက်အကြာ ဧပြီလ ၉ ရက်ညမှာ KNU/KNLA ပူးပေါင်းတပ်တွေက စတင် တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ လက်တုံ့ပြန် တိုက်ခိုက်နေတာပါ။
လတ်တလောမှာတော့ KNU/KNLA ပူးပေါင်းတပ်တွေက မြ၀တီမြို့အနီးတစ်၀ိုက်က တပ်စခန်းတွေအပါအဝင် KNU တပ်မဟာ (၆) နယ်မြေထဲက သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချစခန်း၊ ခမရ-၃၅၅၊ ၃၅၆၊ ၃၅၇၊ ဖလူးစခန်းနဲ့ ကျိုက်ဒုံဗျူဟာကုန်း စခန်းတွေကို သိမ်းယူထားပါတယ်။
သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချစခန်းကို သိမ်းယူစဉ်မှာတော့ စစ်ကောင်စီတပ်ရဲ့ အရာရှိအဆင့် (၆၇) ဦး၊ အခြားနဲ့တပ်သားအဆင့် (၄၁၀) ၊ ရဲမေ (၅၉) ဦး နဲ့ တပ်မိသားစုဝင် (၈၁) ဦး စုစုပေါင်း (၆၁၇) ဦး လက်နက်ချခဲ့တယ်လို့ KNU ဘက်က ပြောထားပါတယ်။
အဲဒီလူတွေကို မဲဆောက်ကတစ်ဆင့် မြန်မာနိုင်ငံကို လေယာဉ်သုံးစင်းနဲ့ ပြန်ခေါ်ယူဖို့အတွက် ဘန်ကောက်ရှိ မြန်မာသံရုံးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ဧပြီ ၆ ရက်နေ့မှာ အကူအညီတောင်းခဲ့ကြောင်း၊ ထိုင်းဘက်ကလည်း လူသားချင်းစာနာမှုပေါ် အခြေခံပြီး လက်ခံခဲ့ကြောင်း၊ ဧပြီ ၇ ရက်နေ့မှာ မြန်မာဘက်က လေယာဉ်တစ်စင်းရောက်လာပြီး လူနဲ့ စစ်လက်နက်တွေမပါဘဲ ပြန်ထွက်သွားကြောင်း ထိုင်းအစိုးရက ဧပြီ ၈ ရက်နေ့က ကြေညာချက်ထုတ်ပြီး ပြောထားပါတယ်။
အဲဒီနောက် ဧပြီ ၉ ရက်နေ့မှာ ထိုင်းအစိုးရတာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲလုပ်ပြီး မြန်မာနိုင်ငံက ပဋိပက္ခတွေမှာ ထိုင်းနိုင်ငံက ကြားနေကြောင်းနဲ့ ကရင်ပြည်နယ်က ဒုက္ခသည်တစ်သိန်းကို လက်ခံဖို့ ပြင်ဆင်ထားကြောင်း သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။