တိုက်ပွဲတစ်ကျော့ပြန်ဖြစ်မှာ မြဝတီမြို့ခံတွေစိုးရိမ်

RFA Burmese
2024.10.24
တိုက်ပွဲတစ်ကျော့ပြန်ဖြစ်မှာ မြဝတီမြို့ခံတွေစိုးရိမ် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင်မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီ၏ (စွယ်တော်)အမြောက်ကုန်းတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်။
Citizen Photo

ကရင်ပြည်နယ် ကော့ကရိတ် -မြဝတီ အာရှလမ်းမှာ စစ်ကောင်စီက စစ်ရေးအရှိန်မြှင့်တိုက်ခိုက်နေသလို သင်္ဃန်းညီနောင်ကို ပြန်တိုက်ယူဖို့ ပြင်ဆင်နေလို့ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်လာမှာကို မြဝတီမြို့ခံတွေ စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်က လေးကေ့ ကော်စွယ်တော်အမြောက်ကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော်ဟာ မေတ္တာလင်းမြိုင်ကျေးရွာ အခြေစိုက်ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ အကူအညီ နဲ့ စစ်စခန်းစွန့်ခွာပြီး မြဝတီ ၂၇၅ တပ်ရင်းဘက်ကို တပ်ဆုတ်လာခဲ့ပါတယ်။

အဲဒီတပ်ဖွဲ့တွေအတွက် အောက်တိုဘာ ၂၀ ရက်နေ့မှာ လေကြောင်းက ထောက်ပံ့ပစ္စည်းတွေ ပေးပို့ခဲ့ပြီးနောက်ပိုင်း သင်္ဃန်းညီနောင်က စစ်တပ်ဗျူဟာအပါအဝင် တပ်ရင်းသုံးခုနေရာကို ပြန်သိမ်းဖို့ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ခလရ ၂၇၅ မှာ စစ်ရေးပြင်ဆင်မှုတွေ ရှိနေတာပါ။

အခုလို စစ်ရေးပြင်ဆင်မှုတွေကို မြင်နေရတာကြောင့် တိုက်ပွဲတွေ နောက်တစ်ကြိမ် ပြန်ဖြစ်လာမှာကို စိုးရိမ်နေရတဲ့အကြောင်း မြဝတီမြို့ခံအမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"လေးကေ့ကော်အမြောက်ကုန်းအဖွဲ့တွေ တစ်ရာဝန်းကျင်လောက်က ၂၇၅ မှာ လာပေါင်းတယ်။ ၂၇၅ မှာ အင်အားဖြည့်တယ်။ အဲ့ဒီလိုလာတာပေါ့။ စွယ်တော်ကုန်းက ဟာတွေ‌ပေါ့။ BGF က ပို့ပေးတယ်ပေါ့။ ဘယ်သူရှိမလဲ၊ ဘေးနားမှာမေတ္တာလင်းမြိုင်ရှိတာကိုး။ တကယ်လို့ ဒီမြဝတီဖြစ်မယ်ဆိုလို့ရှိရင်လည်း အရင် ၄ လပိုင်းထက် ပိုဆိုးသွားလိမ့်မယ်"

လက်ရှိမြဝတီမြို့မှာတော့ ကရင်နယ်ခြားစောင့်တပ်နယ် (၃) BGF လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့က မြို့နေရာတော်တော်များများမှာ ကင်းဂိတ်စခန်းတွေ ချထားပြီး လုံခြုံရေးတင်းကျပ်ထားပါတယ်။

ဒါ့အပြင် ခလရ ၂၇၅နဲ့ သင်္ဃန်းညီနောင်ဘက်ကို စစ်ကြောင်းထိုးတဲ့သတင်းတွေကြောင့် မြဝတီမှာ နေထိုင်သူတချို့ကတော့ အိမ်က မိဘနဲ့ကလေးငယ်တွေကို နေရာရွှေ့ပြောင်းထားရတယ်လို့ မြဝတီ-မော်လမြိုင်ကို ကုန်စည်ပို့တဲ့အမျိုးသမီးက ပြောပါတယ်။

"ကျွန်မတို့က ကုန်စည်ပို့တာဆိုတော့ မိသားစုက မြဝတီမှာပဲ နေတာများတယ်။ အခုကတော့ ၂၇၅ တို့ ညီနောင်တို့အခြေအနေက ပြန်ဖြစ်မယ်ပြောနေကြတယ်ဆိုတော့ အဖေ အမေနဲ့ ကလေးတွေကို မော်လမြိုင်ဘက် ပြန်ပို့ထားတယ်လေ။ ဒီမှာပါဆယ်နဲ့ အောက်ကတက်တဲ့ ကုန်ပဲ လက်ခံပို့နေတယ်။ ထိုင်းပစ္စည်းက ဖမ်းတယ်ဆိုတော့ ပါဆယ်လက်မခံဘူးလေ"


ဆက်နွှယ်သောသတင်းများ

တပ်စခန်းတွေပြန်သိမ်းမယ့် စစ်ကောင်စီမျှော်လင့်ချက် ပျက်ပြယ်ကြောင်း KNU ပြောကြား

ငြိမ်းချမ်းချင်လို့ စစ်တိုက်သူ

စစ်ကောင်စီ ငြိမ်းချမ်းရေး ကမ်းလှမ်းမှု တော်လှန်ရေးအင်အားစုတွေ ငြင်းပယ်


အခုရက်ပိုင်းအတွင်းမှာတော့ ကော့ကရိတ်မြို့က စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်တွေ အာရှလမ်းကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ အပြင်းအထန်တိုက်ခိုက်နေပေမဲ့ တောနော်ရေတံခွန်နေရာနဲ့ ရေတွင်းဖြူကုန်းနေရာကို ကျော်လွန်တိုက်ခိုက်လို့ မရသေးဘူးလို့ KNLA မဟာမိတ်စစ်ကြောင်း သတင်းအရင်းအမြစ်က ပြောပါတယ်။

"တောနော်ဘက်ကို မနေ့က တိုးတဲ့ကိစ္စရပ်က တပ်လန်ကျသွားတယ်လေ။ ဒီလိုအချိန်လောက်ပေါ့။ မနက်ပိုင်းကတည်းက တိုးတာ။ နေ့ခင်းပိုင်းအထိ ချတယ်။ ပြီးတော့ညနေပိုင်းကျတော့ ပြီးသွားတယ်။ အခုဒီနေ့မနက်မှာတော့ ကျွန်တော်တို့ ရှင်းလင်းရေးတွေ လုပ်နေတယ်"

လက်ရှိကရင်ပြည်နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ခံရတာ၊ စစ်ကြောင်းတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသလို ကရင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်ကို RFA က တယ်လီဖုန်းဆက်သွယ်ပေမဲ့ ဖုန်းလက်ခံမဖြေပါဘူး။

အောက်တိုဘာလအတွင်းမှာ စစ်ကောင်စီတပ်စခန်းနဲ့ စစ်ကြောင်းတွေရှိနေတဲ့ မြဝတီ-ကော့ကရိတ်-အာရှလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေသလို ကြာအင်းဆိပ်ကြီးစစ်ဗျူဟာ၊ ဘုရားသုံးဆူအနန်းကွင်း စစ်ဗျူဟာနဲ့ ဖာပွန်စစ်ဗျူဟာကုန်းနေရာတွေကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းကပါ နေ့စဉ်ပစ်ကူပေးပြီး ခုခံတိုက်ခိုက်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။