မြဝတီငွေလိမ်လုပ်ငန်းက အလုပ်သမားတွေ အပြင်ထွက်ခွင့် BGF ပိတ်ပင်

RFA Burmese
2024.10.18
မြဝတီငွေလိမ်လုပ်ငန်းက အလုပ်သမားတွေ အပြင်ထွက်ခွင့် BGF ပိတ်ပင် အွန်လိုင်းငွေလိမ်ဂိုဏ်းများရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင်ရှိသည့် အဆောက်အအုံများကို တွေ့ရစဉ်။
RFA

မြဝတီမြို့နယ်အတွင်းက တရုတ်ငွေလိမ်လုပ်ငန်းတွေမှာ အလုပ်ထွက်တဲ့သူ များလာတဲ့အတွက် ကျန်နေတဲ့အလုပ်သမားတွေကို ကရင်နယ်ခြားစာင့်တပ် (BGF) က အောက်တိုဘာလတစ်လ အပြင်ထွက်သွားလာခွင့် ပိတ်ပင်ထားတယ်လို့ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာဝန်ထမ်းတွေရဲ့ မိသားစုဝင်က RFA ကို ပြောပါတယ်။

အဲဒီလုပ်ငန်းတွေကို BGF က ထိန်းချုပ်ထားတာဖြစ်ပြီး အလုပ်သမားတွေက BGF ကို လစဉ်ကြေး ပေးနေရတာလို့ ဆိုပါတယ်။

မြဝတီမြို့နဲ့ ရွှေကုက္ကိုမြို့သစ်က ငွေလိမ်လုပ်ငန်းတွေ ပိတ်သိမ်းထွက်ခွာဖို့နဲ့ အောက်တိုဘာလနောက်ပိုင်း စစ်ဆေးဖမ်းဆီးမဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားတဲ့အပေါ် စိုးရိမ်ပြီး အလုပ်ထွက်ကြသူတွေနဲ့ နေရာပြောင်းရွှေ့ ရှောင်တိမ်းသွားကြသူတွေများလာလို့ ပိတ်ပင်ထားတာလို့ အလုပ်သမားမိသားစုဝင်တစ်ဦးက ပြောပါတယ်။

"ကျွန်တော့်ယောက်ဖနဲ့ ညီတစ်ယောက်ဆိုရင် ရွှေကုက္ကိုတရုတ်ဆိုက်မှာရှိနေတာပါ့၊ ဒီလက သူတို့အပြင်မထွက်ရဘူး၊ လော့ဒေါင်း (Lock down) ပိတ်ထားပြီး အထဲမှာ အလုပ်လုပ်‌နေရတယ်၊ အိမ်က စားစရာနဲ့ အဝတ်အစားတွေတော့ BGF တပ်ကတစ်ဆင့် သူတို့တရုတ်အဆောင်ကို သွားပို့ပေးထားတယ်၊ မြဝတီဘက်လည်း တရုတ်ဆိုက်တွေ လော့‌ဒေါင်းပိတ်ကြတာရှိတယ်၊ ဒီတစ်လပြီးရင် အလုပ်တွေ ပုံမှန်ပြန်ဖြစ်မယ်လို့ ပြောတယ်၊ လူသစ်တွေကတော့ ခေါ်နေတာပဲ တရုတ်ဆိုက်တိုင်းမှာ‌တော့”

ဒါ့အပြင် အလုပ်သမားတွေက BGF တပ်ကို အခွန်လိုင်းကြေးမပေးတော့တဲ့အပြင် လုပ်အားခ စာရင်းမရှင်းတော့ဘဲ အလုပ်ကနေ ထွက်ပြေးတိမ်းရှောင်ကြသူတွေ များလာတယ်လို့ ဆိုပါတယ်။

လက်ရှိငွေလိမ်လုပ်ငန်းမှာ အလုပ်ဆက်လုပ်နေတဲ့သူတွေကို တရုတ်လုပ်ငန်းရှင်တွေက အလုပ်ခန့်စဉ်က BGF တပ်ကို ကြိုပေးသွင်းထားရတဲ့ အလုပ်သမားအခွန်ငွေတွေကို နုတ်ယူနေပြီး လစာအပြည့်မပေးတော့လို့ အလုပ်သမားတွေ အခက်တွေ့နေတယ်လို့ ငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့သူတစ်ဦးက ပြောပါတယ်။

"လော့ဒေါင်း (Lock down) ချမှာဆိုတော့ သူတို့လောလောဆယ် ထွက်မဲ့သူတွေဆိုလို့ရှိရင် ပေးထွက်တယ်၊ ပေးထွက်ပြီးရင် လစာမပေးတာတို့၊ သူတို့အခွန်ဆောင်တဲ့ဟာကို ဖြတ်ထားမှာတို့၊ တချို့ကုမ္ပဏီတွေဆိုလို့ရှိရင် စိုက်ဆောင် ပေးထားတယ်ဆိုပြီးတော့ တစ်ဝက်ကို စိုက်ပေးထားတယ်၊ ဒါပေမဲ့ သူတို့အခုထွက်မယ်ဆိုရင် ပြန်ဖြတ်မှာ အဲ့လိုမျိုး တချိုကျတော့လည်း ကုမ္ပဏီကတစ်ခါတည်း လစာထဲကနေ အကုန်ဖြတ်ထားတယ်၊ တစ်နှစ်နေလို့ရှိရင် ပြန်ထုတ်ပေးမယ် အဲ့ဒီဟာကို အခုသူတို့ တစ်နှစ်မပြည့်သေးဘူးဆိုတော့ သူတို့အဲ့ဒီဟာကို ဖြတ်ထားမှာပဲ"

အခုလို အလုပ်သမားတွေအပေါ် သွားလာခွင့်ပိတ်ပင်ထားတဲ့အခြေအနေနဲ့ ပတ်သက်ပြီး (ရထိုက်) ကုမ္ပဏီရုံးနဲ့ BGF စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်တို့ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေခဲ့မယ့် ဖုန်းလက်ခံမဖြေပါဘူး။


ဆက်နွှယ်သော သတင်းများ

မြဝတီက ကျားဖျန့်ဝန်ထမ်းတွေကို ကမ္ဘောဒီးယားနယ်စပ် ရွှေ့ပြောင်း

မြဝတီမြို့က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ထွက်ခွာဖို့ BGF သတိပေး

မြဝတီမြို့ လောင်းကစားလုပ်ငန်းက တရုတ်နိုင်ငံသားတွေ နေရာရွှေ့ပြောင်း


လတ်တလော အလုပ်ထွက်ရှောင်တိမ်း ရွှေ့ပြောင်းကြတဲ့အလုပ်သမားတွေဟာ ကမ္ဘောဒီးယားနိုင်ငံနယ်စပ်၊ လာအိုနိုင်ငံနယ်စပ်နဲ့ ဘုရားသုံးဆူမြို့၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့ဘက်တွေက ငွေလိမ်လုပ်ငန်းနေရာတွေကို ပြောင်းရွှေ့လုပ်ကိုင်နေကြတယ်လို့ အဲဒီငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့ဖူးသူက ပြောပါတယ်။

အခုရက်ပိုင်းတွေမှာတော့ မြဝတီမြို့နဲ့ ရွှေကုက္ကိုမြို့သစ်ဘက်မှာ BGF က နယ်မြေလုံခြုံရေးအတွက် စစ်အင်အားတိုးချထားပေမဲ့ ဒေသခံတွေအပါအဝင် BGF တပ်မိသားစုဝင်တွေ၊ တရုတ်ငွေလိမ်လုပ်ငန်းရှင်တွေ ဝင်ထွက်သွားလာမှုကိုတော့ ကန့်သတ်စစ်ဆေးပိတ်ပင်တာမျိုး မရှိဘူးလို့ ရွှေကုက္ကိုဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။