ဒီးမော့ဆို စစ်ဘေးဒုက္ခသည် ခုနစ်သောင်းနီးပါး စားဝတ်နေရေး အခက်အခဲဖြစ်နေ

2021.12.17
ဒီးမော့ဆို စစ်ဘေးဒုက္ခသည် ခုနစ်သောင်းနီးပါး စားဝတ်နေရေး အခက်အခဲဖြစ်နေ KNPP ထိန်းချုပ်နယ်မြေမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းက စာသင်ကျောင်းမှာ ကျောင်းတက်နေတဲ့ ကလေးငယ်တွေကို ၂၀၂၁၊ သြဂုတ် ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: RFA

စစ်အာဏာရှင်ကို အပြင်းထန်ဆုံး ခုခံနေတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကတည်းက တိုက်ပွဲတွေ စတင်ခဲ့တာကြောင့် အခုချိန်မှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်း ရှစ်ထောင် ကျော်ရှိနေပြီလို့ ကရင်နီလူမှုကွန်ယက်အဖွဲ့ (KCSN) က ပြောပါတယ်။

အဲဒီဒုက္ခသည်တွေဟာ မြို့အနောက်ခြမ်းရှိ တောနက်တွေထဲမှာ ဖြစ်သလို ခိုလှုံနေရတာမို့ အချိန်ကြာလာတာ နဲ့အမျှ အစားအစာနဲ့ ဆေးဝါးမလုံလောက်တဲ့အပြင် အခုလို ဆောင်းရာသီမှာ အအေးဒဏ်ကို အပြင်းအထန် ခံစားနေရတယ်လို့ ဆိုပါတယ်။

မြို့ပေါ်က အသက်မွေးဝမ်းကျောင်းအလုပ်တွေကို ပစ်ထားပြီး တောထဲမှာ ဖြစ်သလိုနေထိုင်ရတာမို့ ပြေးရင်း လွှားရင်း ယူလာခဲ့တဲ့ငွေလည်း ကုန်သလောက်ဖြစ်နေပြီလို့ ကရင်နီဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

"ဝယ်ဖို့ဆိုလည်း ပိုက်ဆံတွေ ဘယ်ကနေ သွားယူရမှန်းလည်း မသိဘူး။ နောက်ပြီး ဝယ်ဖို့ဆိုလည်း သွားဖို့လာဖို့လည်း ခက်ခဲတယ်။ စားဝတ်နေရေးကိုတော့ ချွေတာနေရတယ်"

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းတွေအရ စစ်မဖြစ်ခင်က မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာ ၂၀၀ ကျော်အပါအဝင် ဒီးမော့ဆိုမြို့နယ်တစ်ခုလုံးမှာ အိမ်ခြေ တစ်သောင်းခြောက်ထောင်ကျော်ရှိပြီး လူဦးရေ ကိုးသောင်းကျော် နေထိုင်ပါတယ်။ မေလကုန်ပိုင်းကစလို့ ဒီးမော့ဆို မြို့ပြတိုက်ပွဲနဲ့ ကျေးရွာတချို့မှာပါ တိုက်ပွဲ ဆက်တိုက်ဖြစ်လာတာကြောင့် လူဦးရေ ခုနစ်သောင်းနီးပါး စစ်ဘေးဒုက္ခသည်တွေအဖြစ် ဘေးလွတ် ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

အခု စစ်ရှောင်လာတာ ခုနစ်လနီးပါးရှိပြီမို့ နေရပ်မှာ ပစ်ထားခဲ့ရတဲ့ စိုက်ပျိုးသီးနှံတွေလည်း ပျက်စီးကုန်ပြီလို့ ဒုက္ခသည်တွေက ပြောကြပါတယ်။

"အလှူရှင်လာမှပဲ သူတို့ စားတော့မယ်ဆိုတဲ့စိတ်မျိုးရှိတော့တယ်။ ဘယ်ကနေမှ ပိုက်ဆံရှာလို့မှ မရတော့တာပေါ့နော်"

ပါလာတဲ့ငွေလည်းကုန်၊ နောက်ထပ်ဝင်ငွေလည်းမရှိတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ လတ်တလောမှာ အလှူရှင်တွေဆီကရတဲ့ ဆန်၊ ဆီ၊ ဆား အနည်းငယ်လောက်နဲ့ပဲ အသက်ရှင်သန် နေထိုင်ရတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ မဂျိုးစဖင်းဖိုးမူ က ပြောပါတယ်။

"သူတို့အတွက် အိမ်ကနေပါလာတဲ့ ဆန်တွေ၊ စပါးတွေ ဆိုလို့ရှိရင် သူပြန်ယူပြီး ရောင်းတယ်။ ရောင်းတော့ သူ့ဟာလည်း ဈေးမရှိဘူး။ ဈေးမရှိတော့ မရောင်းဖြစ်တော့ဘူး။ မရောင်းတော့ သိုလှောင်တယ်။ သိုလှောင် ပြန်တော့လည်း အဲဒီသိုလှောင်ထားတဲ့ပစ္စည်းတွေကလည်း ပြတ်သွားတာတွေလည်း ရှိတယ်ပေါ့နော်။ နောက်မှ သူတို့ဝယ်စားဖို့ ပိုက်ဆံတွေမရှိတော့ သူတို့ဒီအတိုင်းပဲ နေလိုက်တယ်။ သူတို့အလှူရှင်လာမှပဲ သူတို့ စားတော့မယ်ဆိုတဲ့စိတ်မျိုး ရှိတော့တယ်။ ဘယ်ကနေမှ ပိုက်ဆံရှာလို့မှ မရတော့တာပေါ့နော်။ အခုဆို ဘယ်နားမှာမှ ပိုက်ဆံဝင်ငွေ မရှိဘူး"

သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ ဖျားနာတဲ့အခါ အာဟာရဖြစ်မယ့် အစားအစာတွေနဲ့ ဆေးဝါး အနည်းငယ် လိုချင်လို့ ဒီမော့ဆိုမြို့ထဲပြန်သွားပြီး ဝယ်ဖို့ရာမှာလည်း စစ်တပ်က စစ်ဆေးမေးမြန်းတာ၊ သံသယနဲ့ ဖမ်းဆီးတာတွေအပြင် မိုင်းထိမယ့် အန္တရာယ်နဲ့ပါ ကြုံတွေ့နေရတယ်လို့ စစ်ဘေးဒုက္ခသည် ဒေါ်အာဂုစတာက ပြောပါတယ်။

"လမ်းကလည်း လုံးဝ စိတ်မချရတဲ့လမ်းတွေပဲ။ ဘာဖြစ်လဲဆို အဲမှာ မိုင်းတွေထောင်ထားတဲ့လမ်းတွေ ဖြစ်မှာမိုလို့ သွားလာလှုပ်ရှားရတာကလည်း အခက်အခဲ တွေ့ရတယ်။ အန္တရာယ်တွေများစွာ ကြုံနေရတယ်။ ဖမ်းဆီးတာ စစ်ကောင်စီက ကျမတို့ကို ဖမ်းဆီးနေတာတွေ ကြုံတွေ့ရတယ်။ စစ်ဆေး မေးမြန်းတာတွေရော များစွာ ကြုံနေရတဲ့ဘဝ"

ဒီဒုက္ခသည်တွေဟာ မြို့အရှေ့ခြမ်းမှာရှိတဲ့ ပိုပြီး လုံခြုံစိတ်ချရတဲ့ ထိုင်း-မြန်မာနယ်စပ်က ကရင်နီ ဒုက္ခသည် စခန်းတချို့ကို သွားရောက်ဖို့ဆိုရင်လည်း လုံခြုံရေးတင်းကျပ်ထားတဲ့ ဒီးမော့ဆိုမြို့ကို ဖြတ်သန်းပြီးမှ သွားရမှာမို့ ဒီးမော့ဆို အနောက်ခြမ်းမှာပဲ ပိတ်မိနေတာလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

kayah-refugee-flee.jpg
(KNPP ထိန်းချုပ်နယ်မြေထဲ ထွက်ပြေးနေကြတဲ့ ကယားစစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁၊ ဇွန်လက တွေ့ရစဉ်)

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က မြန်မာစစ်တပ်ဟာ လက်နက်ကိုင် ခုခံတော်လှန်သူတွေကို ဖိအားပေးတဲ့အနေနဲ့ အကူအညီလိုအပ်နေတဲ့ အရပ်သားတွေထံ အရေးကြီးတဲ့ အစားအစာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီလို့ မရအောင် ထိန်းချုပ်တားဆီးနေကြောင်း ဒီဇင်ဘာ ၁၇ ရက် ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး ပြစ်တင်ဝေဖန်ထားပါတယ်။

မြို့ပြတိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်လတွေကဆိုရင် ဒီးမော့ဆိုမြို့ပေါ်မှာ မြို့လုံးကျွတ်နီးပါး ထွက်ပြေးသွားတဲ့အတွက် သေဆုံးတဲ့ ရုပ်အလောင်းတွေကိုတောင် ကောက်ယူသင်္ဂြိုဟ်မယ့်သူမရှိဘဲ သုသာန်တစပြင်လို ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့နယ်မှာ ခရစ်ယာန်ဘုရားကျောင်း လေးကျောင်းနဲ့ လူနေအိမ် ၂၅၆ လုံး ထိခိုက်ပျက်ဆီးခဲ့ပြီး၊ ဒီးမော့ဆိုမြို့နယ်က ဒုက္ခသည်တွေအပါအဝင် ကယားပြည်နယ်တစ်ခုလုံးမှာ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ တစ်သိန်းခွဲနီးပါးရှိနေကြောင်း ကရင်နီလူမှု ကွန်ယက်အဖွဲ့ (KCSN) က ဒီဇင်ဘာ ၇ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။