ငပလီမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ
2024.07.05
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ - ၅၆၆ နဲ့ ခလရ - ၅၅ တပ်တွေကို ရက္ခိုင့်တပ်တော် (AA) တပြိုင်နက်တည်း အပြင်းအထန်ထိုးစစ်ဆင်တိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။ အဲဒီတပ်စခန်းဟာ ငပလီမြို့ကို အဓိကထိန်းချုပ်ထားတဲ့ တပ်စခန်းတွေဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော် (AA) ရဲ့ ဇူလိုင်လ ၂ ရက်နေ့ထုတ်ပြန်ချက်မှာလည်း သံတွဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို သိမ်းပိုက်နိုင်ဖို့အတွက် မရပ်မနားထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း ကြည်း၊ ရေ၊ လေ အင်အားတွေသုံးပြီး အပြင်းအထန် ခုခံကာကွယ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သံတွဲဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ငပလီဖက်မှာတော့ တိုက်ပွဲတော်တော်ပြင်းထန်နေတယ်။ အပေါ်က လေယာဥ်ပစ်ကူတာတို့ ဒရုန်းနဲ့ လာပစ်တာတို့ နေဗီကလှန်းပစ်တာတို့တော့ ရှိတယ်။ အဓိကတော့ ဂေါ့၊ မဇင်၊ ငပလီ၊ ဇီးဖြူကုန်း အဲဒီဘက် တစ်ကြောပါ။ ၅၅ နဲ့ ၅၆၆ တပ်ရင်းနှစ်ခုကို သိမ်းဖို့ကြိုးစားတယ်။ တိုက်ပွဲဖြစ်နေတာကတော့ ၆ လပိုင်းထဲမှာ ဂေါ့ကို စတိုက်ပြီးတော့ ငပလီမှာဖြစ်နေတာလေ”
တိုက်ပွဲအရှိန်မြင့်နေတာကြောင့် ငပလီမြို့မှာရှိတဲ့ ဂေါ့၊ မဇင်၊ ဇီးဖြူကုန်းစတဲ့ ရပ်ကွက်တွေအပါအဝင် ဒေသခံအများအပြားဟာ ကျိန္တလီနဲ့ ဂွမြို့နယ်အပြင် ရန်ကုန်ဘက်တွေကိုပါ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ ခုရှိတဲ့အနက် မြို့နယ် ၉ ခုကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပြီး သံတွဲမြို့နယ်ကိုပါ ဆက်လက်သိမ်းပိုက်နိုင်ဖို့ ပြီးခဲ့တဲ့ ဇွန်လလောက်ကစလို့ ငပလီကမ်းခြေအနီးမှာ ထိုးစစ်ဆင်နေတာ လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ခလရ - ၅၅ တပ်က စစ်ကောင်စီတပ်သားတွေကတော့ အဲဒီတပ်ကနေ ဆုတ်ခွာတာတွေ ရှိနေတယ်လို့လည်း ဒီအခြေအနေတွေကိုသိရှိထားတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ဒေသခံတစ်ဦးက RFA ကို မနေ့ကပြောပါတယ်။
“မနေ့ကကျတော့ အဲဒီပိတ်မိနေတဲ့ ၅၅ က အဖွဲ့တွေဆိုလား အင်အား ၁၅၀၊ ၂၀၀ လောက်ရှိတဲ့ စစ်သားတွေက လုံးသာဆုံးကမ်းဘက်ကို ပြေးတယ်လို့ သိရတယ်။ မနေ့က ညနေပိုင်းလေးနာရီ ငါးနာရီလောက်မှာပေါ့။ နောက်ပြီးတော့ ဒီနေ့ ဂျိတ္တောလမ်းဆုံမှာလည်း တစ်ရာ နှစ်ရာလောက်ရှိတယ်ပြောတယ်။ အဲဒါက ထပ်ဝင်လာတာလား ၅၅ က ပြေးတဲ့အဖွဲ့တွေလား တော့မသိဘူးနော်။ ဒီနေ့မနက်ပိုင်းကတော့ ပစ်သံခတ်သံတွေ တိတ်သွားတာပေါ့။ လက်နက်ကြီးနဲ့ နှစ်ချက်သုံးချက်လောက်ပဲ ကြားရတော့တယ်”
ဇူလိုင်လ ၄ ရက် မနေ့က ငပလီကမ်းခြေ ဂျိတ္တောရပ်ကွက်ကို အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ဆိုပါ တယ်။
တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဇူလိုင်လ ၁ ရက်နေ့က ငပလီကမ်းခြေနဲ့ ခြောက်မိုင်ခန့်အကွာမှာရှိတဲ့ ရွှေကျောင်းပြင်ရွာကို ဗုံးကြဲမှုမှာ ဘုန်းကြီးကျောင်း ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အလားတူ ဇူလိုင်လ ၂ ရက်နေ့ညကလည်း သံတွဲမြို့အနောက်ဘက် သုံးမိုင်ခန့်အကွာ သံတွဲ-တောင်ကုတ် ကားလမ်းမပေါ်က အိမ်ခြေ ၁၆၀ ခန့်ရှိတဲ့ မြုံပြင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာခံအမျိုးသမီးလေးဦး ဗုံးစထိမှန် ဒဏ်ရာရရှိသွားပြီး လူနေအိမ်နှစ်လုံး ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
ငပလီမြို့ကမ်းခြေမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို လက်ရှိသံတွဲမြို့မှာလည်း သေခံတွေ ထွက်ပြေးတိမ်းရှောင် နေကြရတာကြောင့် လူသံတိတ်ဆိတ်နေတယ်လို့ အမည်မဖော်လိုတဲ့ နောက်ထပ် သံတွဲဒေသခံတစ်ဦးကပြော ပါတယ်။
“သံတွဲမြို့မှာတော့ လူကတော့ အနည်းအကျန်းလောက်ပဲ ကျန်တယ်ပေါ့။ အခုကတော့မြို့ပျက်ကြီးနဲ့ တူနေတာပေါ့။ ဆိတ်သုန်းပြီးတော့လေ။ အသံလည်း တိတ်ဆိတ်နေတာပေါ့နော်။ ဒွါရာဝတီတံတား သံတွဲမြို့ဖက်အခြမ်း စစ်ကောင်စီ ရှိတယ်”
သံတွဲမြို့ပေါ်မှာတော့ မြို့မရဲစခန်းနဲ့ ခရိုင်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တချို့ဟာ ဇွန်လ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေက ထွက်ပြေးတိမ်းရှောင်းသွားကြတာကြောင့် အဲဒီနေရာတွေကို စစ်ကောင်စီတပ်က နေရာယူထားတယ်လို့ မြို့ခံတွေကပြောပါတယ်။
သံတွဲမြို့နယ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။