အာဆီယံသံတမန် ဘယ်လို NLD ပါတီဝင်နဲ့ တွေ့ခွင့်ရမှာလဲ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.02.07
အာဆီယံသံတမန် ဘယ်လို NLD ပါတီဝင်နဲ့ တွေ့ခွင့်ရမှာလဲ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့ NLD ရုံးချုပ်ရှေ့တွင် တွေ့ရသော စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြကြသူများ။
Photo: AFP

အာဆီယံအလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်နဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ က အွန်လိုင်းက ပြောခဲ့စဉ်မှာ သူ စေလွှတ်မယ့် သံတမန် Prak Sokhonn ကို NLD ပါတီဝင်တွေနဲ့ တွေ့ခွင့်ပေးမယ်လို့ အာဏာသိမ်းအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံး အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို မနေ့က ပြောပါတယ်။

အရင် ဂျပန်အစိုးရကိုယ်စားလှယ် နိပွန်ဖေါင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါ ပြီးခဲ့တဲ့ နိုဝင်ဘာလက မြန်မာပြည် လာရောက်စဉ်ကလည်း NLD ပါတီက လူတွေကို တွေ့ဆုံ ခဲ့တယ်လို့ ပြောပေမယ့် ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတာ မသိရပါဘူး။ အခု အာဆီယံ သံတမန်လာရင် တွေ့မယ့်သူဟာ NLD ကတရားဝင် ဖွဲ့ထားတဲ့ အလုပ်ကော်မတီနဲ့ ဆက်သွယ်ဖို့လိုတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က RFA ကိုပြောပါတယ်။

“NLD ပါတီနဲ့တွေ့မယ်ဆိုရင် NLD ပါတီအတွက် တကယ်အလုပ်လုပ်နေတဲ့ အလုပ် ကော်မတီ CWC ဆိုပြီး ဖွဲ့ထားတာရှိတယ်၊ အဲဒါက အရင်ကျနော်တို့ CEC ရှိနေစဉ် ကာလမှာ ဖွဲ့စည်းခဲ့တဲ့ Standing committee နဲ့ ကျနော်တို့ ဒီမှာအလုပ်လုပ်နေတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ နဲ့ တွဲပြီးဖွဲ့ထားတာ။ လက်ရှိ တကယ်တမ်း အလုပ်လုပ်နေတာ ပါတီဆိုင်ရာကိစ္စရပ်တွေရော အကုန်လုံးကို တကယ်လုပ်နေတာ ဒီအဖွဲ့ပဲ၊ တကယ်တော့ NLD ကို တွေ့မယ်ဆိုရင် လက်ရှိတကယ် အလုပ် လုပ်နေတဲ့ သူကို တွေ့မှသာ NLD ပါတီနဲ့ တွေ့တယ် ပြောလို့ ရပါ့မယ်။ လက်ရှိအခြေအနေမှာ ဘယ်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမှ NLD ပါတီကိုယ်စား ပြောခွင့်ဆိုတာ ကျနော်တို့ ပေးထားတာ မရှိသေးဘူး၊ CEC တွေလည်း လွတ်လွတ်လပ်လပ် အစည်းအဝေး ထိုင်နိုင်ခြင်းမရှိသေးတဲ့ ကာလအတွင်းမှာလေ။ အဲဒီတော့ ရိုးရိုး NLD ပါတီဝင် တစ်ယောက်ယောက်နဲ့တွေ့လိုက်တာနဲ့ ဒါ NLD နဲ့ တွေ့တာလို့ ပြောလို့ မရနိုင်ဘူး။”

အမေရိကန်ပြည်ထောင်စု မင်နီဆိုတားပြည်နယ် ကာလ်တန်ကောလိပ်မှာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဘာသာရပ်ကို သင်ကြားပို့ချနေတဲ့ ပါမောက္ခ ဦးထွန်းမြင့်ကလည်း ဒီကိစ္စရဲ့နောက်ကွယ်မှာ မရိုးမသားမှုတွေရှိနိုင်တယ်လို့ သုံးသပ် ပါတယ်။

“တကယ်တမ်း ရိုးသားတယ်၊ ပြဿနာကို တကယ်ဖြေရှင်းချင်တယ်ဆိုရင် မြန်မာ နိုင်ငံတောင် သွားစရာမလိုဘူး။ လွတ်လွတ်လပ်လပ် ဘန်ကောက်မှာ NUG အစိုးရ ခေါင်းဆောင်တွေ၊ CRPH ခေါင်းဆောင်တွေ တွေ့လို့ရတယ်။ NLD နဲ့ တွေ့ချင်တယ် ဆိုရင် မင်းအောင်လှိုင်တောင် ခွင့်တောင်းစရာမလိုဘူး ရှင်းရှင်းလေးပဲ။ အခုက မင်းအောင်လှိုင်ကို သွားတွေ့ပြီး သူဖိနှိပ်ထားတဲ့ NLD လူတွေနဲ့ သွားတွေ့မှာဆိုတော့ ဒါရှင်းရှင်းပြောရရင် မရိုးသားဘူး၊ ဖြစ်နိုင်တာကတော့ ဟွန်ဆန် နဲ့ ကမ္ဘောဒီးယား နဲ့ မြန်မာ စီးပွားရေးသမားတွေ၊ တရုတ် စီးပွားရေးသမားတွေ နဲ့ စင်္ကာပူ စီးပွားရေးသမား တွေ ချိတ်ဆက်ထားတဲ့ network ကနေ နောက်ကနေ push လုပ်နေတဲ့ ပုံစံဖြစ်ပါတယ်။ အဲဒီကြားထဲမှာ ခရိုနီတွေရှိမယ်။ စစ်တပ်ကိုထောက်ခံနေတဲ့ တချို့ NLD တွေလည်း ရှိကောင်းရှိနိုင်တယ် ပြောလို့မရဘူး၊ ဒါတွေအကုန်လုံးကို သူတို့ဆွဲစိပြီး စားဖို့ လုပ်နေတဲ့ သဘောပါပဲ”

အာဆီယံသံတမန်ရဲ့ ခရီးစဉ်မှာ စစ်ကောင်စီအလိုကျသူတချို့နဲ့ပဲ တွေ့ဆုံခွင့်ပေးမယ်ဆိုရင် မြန်မာပြည်သူတွေအတွက် အကျိုးရှိမယ့်ခရီးစဉ် မဖြစ်နိုင်ဖူးလို့ မြန်မာ့အရေး လေ့လာ သူတွေ အကြား ဝေဖန်မှုတွေရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။