နိုင်ငံ့နယ်မြေ ၆၀ ရာခိုင်နှုန်းကျော် စိုးမိုးထိန်းချုပ်နိုင်ပြီလို့ NUG ပြော

RFA Burmese
2024.04.30
နိုင်ငံ့နယ်မြေ ၆၀ ရာခိုင်နှုန်းကျော် စိုးမိုးထိန်းချုပ်နိုင်ပြီလို့ NUG ပြော NUG ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တစ်နေရာတွင် ဆွမ်းလောင်းပွဲတစ်ခုကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။
ကိုလူချော

အမျိုုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဟာ နယ်စပ်ကုန်သွယ်ရေးမြို့ ငါးမြို့ အပါအဝင် တစ်နိုင်ငံလုံးရဲ့ ရာခိုင်နှုန်း ၆၀ ကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ဒီနေ့ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ပြုလုပ်တဲ့ NUG အစိုးရ သုံးနှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးကိုလည်း တည်ဆောက်နေတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က RFA ကိုပြောပါတယ်။

"ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာဆိုရင် အဓိကတော့ အာဏာလေဟာနယ်မဖြစ်စေဖို့ ပအဖဆိုတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ရှိမယ်။ ပြီးရင် မြို့နယ်အဆင့်ရှိမယ်။ ပြီးရင်တော့ ခရိုင်ရှိမယ်။ အဆင့်ဆင့် ဖွဲ့စည်းပြီးတော့ ဆောင်ရွက်နေတာ ရှိတယ်"

စိုးမိုးထိန်းချုပ်ထားတဲ့အထဲမှာ ရွှေပြည်အေး၊ မော်လူး၊ ခါမ်းပါတ်၊ ဝေဘူလ၊ မဘိမ်း၊ လွယ်ဂျယ်၊ နမ္မတူ၊ နမ့်ခမ်း၊ ဆီဆိုင်၊ မိုးဗြဲ၊ မြောက်ဦး၊ ရသေ့တောင်၊ ကျောက်တော်နဲ့ ပလက်ဝ စတဲ့ နိုင်ငံတစ်ဝန်းက ၅၂ မြို့နယ် ပါဝင်ပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Twitter/ FreeKachin)
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Twitter/ FreeKachin)

NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ဟာ မြို့ပေါ်တွေမှာသာ အဓိက စိုးမိုးထားနိုင်ပြီး ကာကွယ်ရေးတပ်တွေက ရွာတွေဘက် နယ်မြေအများစုကို စိုးမိုးထားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းတော်မြို့နယ်မှာတော့ နယ်မြေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ကို ကာကွယ်ရေးတပ်ကတွေ စိုးမိုးထားပေမယ့် အုပ်ချုပ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေး အကောင်ထည်ဖော်မှုအပိုင်းမှာ အားနည်းနေဆဲပဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ဆီမှာ အမှန်တိုင်းပြောမယ်ဆိုရင် စိုးမိုးတာတော့ စိုးမိုးတာပေါ့။ ဒီအုပ်ချုပ်ရေးပိုင်းတွေ နောက်ပြီး တရားဥပဒေ စိုးမိုးရေးအပိုင်းတွေက တော်တော်လေး အားနည်းတာတော့ ရှိတယ်။ တစ်ခုခုဖြစ်တယ်ဆိုရင်တောင် တိုင်စရာ တောစရာ မရှိတာပေါ့။ တကယ်လို့ ကျွန်တော်တို့ ပလဖဘက်ကို တိုင်မယ်၊ ပကဖဘက်ကို တိုင်မယ်ဆိုရင် ပြောမယ်ဆိုရင် အကျင့်ပျက် ခြစားတဲ့အပိုင်းတွေ ရှိနေတာပေါ့။ NUG အစိုးရရဲ့ လက်အောက်ခံ ပကဖ၊ ပအဖ၊ ပလဖတွေကလေ။ အဲလိုဆိုတော့ ကျွန်တော်တို့ ပြည်သူတွေက မြေပြင်မှာဆိုရင် သူတို့ကို သိပ်အားမကိုးချင်ကြတော့ဘူး။ ပြဿနာကို ကိုယ့်ဘာသာဖြေရှင်းတာတွေ အဲဒီလိုမျိုးပေါ့"

အင်းတော်မြို့နယ်ထဲက မော်လူးမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ကတည်းက သိမ်းယူထိန်းချုပ်ထားပေမယ့် ဒီနေ့အထိ အုပ်ချုပ်ရေးယန္တရားကို ရာနှုန်းပြည့် လည်ပတ်နိုင်တာ မတွေ့ရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

"အမှန်တိုင်းပြောမယ်ဆိုရင် စိုးမိုးတာတော့ စိုးမိုးတာပေါ့။ ဒီအုပ်ချုပ်ရေးပိုင်းတွေ နောက်ပြီး တရားဥပဒေ စိုးမိုးရေးအပိုင်းတွေက တော်တော်လေး အားနည်းတာတော့ ရှိတယ်"

NUG ဘက်က ပြောဆိုချက်နဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။ ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို RFA က မေးမြန်းရာမှာ သူ့အနေနဲ့ ဒီကိန်းဂဏန်းတွေအပေါ်မှာ ယုံကြည်မှုမရှိဘူးလို့ ပြောပါတယ်။

"လက်တွေ့မှာ မြေပြင်မှာ ဘယ်လောက်အလုပ်ဖြစ်လဲပေါ့။ ဆိုလိုတာက တစ်ခါတစ်ရံမှာ ကိန်းဂဏန်းတွေ ဆုံးဖြတ်တွေ၊ သုံးသပ်ချက်တွေ မျိုးစုံပေးလို့ရတယ်။ ဒါပေမဲ့ တကယ်တမ်း လက်ရှိအခြေအနေနဲ့ ကိုက်သလား။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ အဖြေထုတ်လို့ရပါတယ်။ ဒါကတော့ ပြောရရင် သူတို့ ဒီကိစ္စ စဖြစ်လာကတည်းက ဒီအချိန်ထိ ပြောလာခဲ့တယ်။ အကြိမ်ပေါင်းကလည်း မနည်းတော့ဘူး။ တကယ်တမ်း အဲဒီလောက်ထိ ဖြစ်လား၊ မဖြစ်ဘူးလားဆိုတာ မြေပြင်မှာ တကယ်ရင်ဆိုင်နေရတဲ့သူတွေ အဲဒီမှာနေတဲ့ ပြည်သူတွေ အကုန်လုံး သိပါလိမ့်မယ်"

လက်ရှိ စစ်ကောင်စီအနေနဲ့လည်း နိုင်ငံရဲ့ အဓိကကျတဲ့ မြို့နယ်တွေမှာ ဆက်လက်ထိန်းချုပ်ထားနိုင်ပြီး စစ်ဆင်ရေးတွေလည်း ပုံမှန် လုပ်ဆောင်နေတာ ရှိတယ်လို့ သူက ထောက်ပြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ သုံးနှစ်ကျော်ကာလအတွင်း နယ်မြေတွေကို ပိုမိုထိန်းချုပ်ထားနိုင်လာတာ သဘာဝကျတယ်လို့ ပြောပါတယ်။

"NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းတွေက ဗမာပြည်ရဲ့ ၆၀ ရာခိုင်နှုန်း နယ်မြေစိုးမိုးထားတယ်ဆိုတာ တကယ့်အခြေနေမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း အခု စစ်ကောင်စီအနေနဲ့ မြေပြင်ထိုးစစ်တွေ လုပ်နိုင်တဲ့ အခြေအနေ အတော်လေး လျော့ကျသွားပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ သူတို့ အဓိကလုပ်ခဲ့တဲ့ မြေပြင် စစ်ဆင်ရေးတွေ အတော်လေး လျော့ကျသွားပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မဟာဗျူဟာမြောက်တဲ့ ထိုးစစ်တွေကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် တိုင်းရင်းသားမဟာမိတ်တော်လှန်ရေး အင်အားစုတွေနဲ့ ဗဟိုကွပ်ကဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွေ ဖွဲ့စည်းပြီး အကောင်အထည်ဖော်နေတယ်လို့လည်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။