မြစ်ဆုံစီမံကိန်းကို ကန့်ကွက်

2019.01.14
myitsone-dam-622.jpg မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို တွေ့ရစဉ်
Photo: RFA

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကချင်တိုင်းရင်းသားတွေ ထောက်ခံကြပြီး ပြည်ပလူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကပဲ ကန့်ကွက်နေတာလို့ ဇန်နဝါရီလ ၁၃ရက် မနေ့က ထုတ်ပြန်တဲ့ တရုတ်နိုင်ငံသံရုံး ထုတ်ပြန်ချက်ကို ကချင်တိုင်းရင်းသားတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေက ကန့်ကွက်ကြပြီး မြစ်ဆုံစီမံကိန်းကို မထောက်ခံကြောင်း ပြောကြပါတယ်။

RFA သတင်းထောက် ကိုကျော်လွင်ဦး က စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြစ်ဆုံစီမံကိန်းကို ကန့်ကွက်
(ကျော်လွင်ဦး)

ကချင်ပြည်နယ် ဒေသခံ တိုင်းရင်းသားပြည်သူတွေဟာ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှု မရှိကြောင်းနဲ့ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သူတွေဟာ ပြင်ပက လူတွေနဲ့ အဖွဲ့အစည်းတွေသာဖြစ်တယ်လို့ ကချင်နိုင်ငံရေးပါတီနဲ့ ဘာသာရေးအဖွဲ့အစည်းတွေက တရုတ်သံအမတ်ကြီးကို ပြောပြခဲ့ကြတယ်လို့ တရုတ်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ နဲ့ ၂၉ နှစ်ရက်ကြာသွားခဲ့တဲ့ တရုတ်သံအမတ် မစ္စတာ ဟုန်လျံရဲ့ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ကချင် နိုင်ငံရေးပါတီတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တာတွေကို တရုတ်သံရုံးက ထုတ်ပြန်ခဲ့တာပါ။

ဒီအငြင်းပွားဖွယ်ရာ ကြေညာချက်နဲ့ ပတ်သက်ပြီး KBC ကချင်နှစ်ချင်း ခရစ်ယာန်အသင်း ဥက္ကဋ္ဌ ဒေါက်တာ ဆမ်ဆွန်ကို မေးမြန်းကြည်ရာမှာတော့ သူ့အနေနဲ့ ထောက်ခံတယ်ဆိုတာကို မပြောခဲ့ကြောင်းနဲ့ သူတို့ KBC အနေနဲ့ မြစ်ဆုံစီမံကိန်းကို ၂၀၁၂ခုနှစ်ကတည်း ကန့်ကွက်ခဲ့တာဖြစ်ကြောင်း တရုတ်သံအမတ်ကို ပြောခဲ့တယ်လို့ ပြောပါတယ်။ 

တရုတ်သံရုံးဘက်ကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တောင် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး စိတ်ပြောင်းနေပြီဖြစ်ကြောင်း ပြောခဲ့တယ်လို့ ဒေါက်တာ ဆမ်ဆွန်က ပြောပါတယ်။

"နိုင်ငံတော် အတိုင်ပင်ခံက အရင်တုန်းက ကွန့်ကွက်တယ်။ အခုအစိုးရဖြစ်တော့ စိတ်ပြောင်းသွားတယ်လို့ သူတို့ပြောတယ်။ ကျနော်တို့ကိုလည်း ဒီအချိန်မှာ လိုအပ်မှုတွေအရ စာရေးပေးနိုင်မလားပေါ့ KBCလည်း အမြင်ပြောင်းသွားပြီဆိုတဲ့ အကြောင်းပေါ့။ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို စာရေးပေးပို့ဖို့ ကျနော်တို့ကို တောင်းဆိုတာ"

မြစ်ဆုံမှာရှိတဲ့ ဒေသခံတွေက မြစ်ဆုံစီမံကိန်းကို လုံးဝပိတ်သိမ်းတယ်အထိ ကန့်ကွက်သွားမှာဖြစ်တယ်လို့ အောင်မြင်သာရွာသူ ဒေါ်လုရာက ပြောပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်း၊ ဘယ်အစိုးရဖြစ်ဖြစ် ဒေသခံတွေကတော့ ကန့်ကွက်သွားမယ်လို့ ဒေါ်လုရာက ပြောပါတယ်။

"သူတို့ဘာပဲပြောပြော ဘာဘဲလုပ်လုပ် မလဲနိုင်ဘူးလို့ ပြောချင်တယ် KIA ဘဲဖြစ်ဖြစ် စစ်အစိုးရဘဲဖြစ်ဖြစ် လက်ရှိအစိုးရဘဲဖြစ်ဖြစ် နောက်တက်လာမယ့် အစိုးရပဲဖြစ်ဖြစ် ဘာပဲလဲလဲ လက်မခံနိုင်ဘူး အရင်တုန်းကလည်း ကန့်ကွက်တယ် ခုလည်းကန့်ကွက်တယ်"

ဒီမြစ်ဆုံနဲ့ပတ်သက်ပြီး ဒေသခံတွေ၊ ကချင်အရပ်ဘက်အဖွဲ့တွေ၊ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကပါ ကန့်ကွက်ခဲ့တာကြောင့် ၂၀၁၀ ခုနှစ် သမ္မတ ဦးသိန်းစိန် တက်လာပြီး မြစ်ဆုံစီမံကိန်းကို သူ့အစိုးရလက်ထက်မှာ ရပ်နားထားမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
ဒီလိုကြေညာခဲ့ပေမယ့် ကချင်ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေက နှစ်စဉ်နှစ်တိုင်း မြစ်ဆုံစီမံကိန်းကို အပြီးတိုင်းရပ်ဆိုင်းပေးဖို့ တောင်းဆိုတာတွေ၊ ဆန္ဒထုတ်ဖော်တာတွေ ရှိနေခဲ့ပါတယ်။

လက်ရှိ မြစ်ဆုံဒေသကနေ ရွှေ့ပြောင်းခံရတဲ့ကျေးရွာတွေက အမျိုးသမီးတွေဟာ လူကုန်ကူးခံရတာ၊ စားသောက်ရေး အခက်အခဲတွေ ကြုံနေရတာကြောင့် မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း ထွယ်ဂျန်ဒါ နဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ဒေါ်လုဆိုင်းက ပြောပါတယ်။

"မြစ်ဆုံဆည်ကြောင့် အမျိုးသမီးတွေ ပိုခံရတယ် လူကုန်ကူးခံရတာတွေ၊ စားသောက်ဖို့ အခက်အခဲတွေရှိတာကို ကျမတို့ ဖိုရမ်တွေမှာ ပြောကြတယ် ကျမတို့ နှစ်စဉ်နှစ်တိုင်း ကန့်ကွက်ခဲ့တယ်"

မြစ်ဆုံနဲ့ပတ်သက်ပြီး ကချင်တိုင်းရင်းသားတွေ သဘောဟာ စလုပ်ဖို့ပြင်ဆင်ကတည်းက စာရေးသားကန့်ကွက်တာ၊ ဆန္ဒပြတာ စတဲ့နည်းမျိုးစုံနဲ့ ကန့်ကွက်ကြတာလို့ ကချင်အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံရေး အကြပ်အတည်းကို အခွင့်ကောင်းယူပြီး ဖိအားပေးလုပ်နေတာလို့ ကချင်လူမှု့ဘဝ ဖွံ့ဖြိုးရေးကွန်ရက် အထွေထွေအတွင်းရေးမှူး ကိုစာဂျီးက ပြောပါတယ်။

"ပြည်သူလူထုကို လုပ်မယ် မလုပ်ဘူး ပြတ်ပြတ်သားသား ချမပြတဲ့အခါကျတော့ အဲဒီကြားမှာ မြန်မာအခြေအနေဟာ အခက်အခဲဖြစ်တဲ့အခါကျတော့ တရုတ်က မြန်မာအခက်ကို တရုတ်အချက်ကို အသုံးပြုပြီး ဒေသခံလူထုကို ချော့ကာ ခြိမ်းခြောက်ကာ ဖိအားပေးတဲ့ သဘောအနေနဲ့ လာလုပ်တဲ့သဘောဖြစ်တယ်။ ကချင်ပြည်သူက ဘယ်သူမှလက်မခံဘူးဆိုတာကို ခေတ်အဆက်ဆက်က မြစ်ဆုံစီမံကိန်း စကတည်းက ကန့်ကွက်တယ်"

မြစ်ဆုံစီမံကိန်းကို အစိုးရအဆက်ဆက်အပြီး ဖြေရှင်းတာမျိုးမလုပ်ဘဲ လက်ရှိအစိုးရအထိ စီမံကိန်းကို အကောင်ထည်ဖော်ဖို့ တရုတ်နိုင်ငံက ကြိုးစားနေပါတယ်။

မြစ်ဆုံနဲ့ပတ်သက်ပြီး လက်ရှိအစိုးရက ခေါင်းရှောင်နေတယ်လို့ ဒေါက်တာ ဆမ်ဆွန်က သူ့အမြင်ကို ပြောပါတယ်။

"စစ်အစိုးရကတည်းက လုပ်ထားတဲ့ အရှုပ်ထုပ်ကြီးကို တရားခံလိုက်ရှာတဲ့ ပုံစံမျိုးဖြစ်နေတယ် ကျနော်တို့အမြင်ပြောရရင် အစိုးရက ခေါင်းရှောင်တာပဲ။ လူထုနဲ့ တရုတ်အစိုးရကို တိုက်ပေးတဲ့ သဘောဖြစ်နေတယ်"

ကချင်နိုင်ငံရေးပါတီတွေကလည်း မြစ်ဆုံစီမံကိန်းကို ထောက်ခံတယ်လို့ တရုတ်သံရုံးက ထုတ်ပြန်တာကို ငြင်းဆိုကြပြီး မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း ထုတ်ပြန်ကြပါတယ်။ 

NLD ပါတီကလည်း မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူလူထု သဘောအတိုင်းသာဖြစ်ကြောင်း မနေ့က RFA ကို ဖြေကြားခဲ့ပါတယ်ခင်ဗျာ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။