လွှတ်တော်ဝင်းအတွင်း ရဲဌာနချုပ်ဆောက်မယ့်အစီအစဉ် ကန့်ကွက်ခံရ
2019.06.12
ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်း ရဲဌာနချုပ် အဆောက်အဦးဆောက်လုပ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ဇွန်လ ၁၂ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
လွှတ်တော်ဝန်းအတွင်း ရဲဌာနချုပ်ဆောက်မယ့်အစီအစဉ် ကန့်ကွက်ခံရ
(တင်အောင်ခိုင်)
■ အခုဆောက်လုပ်မယ်ဆိုတဲ့ ရဲဌာနချုပ်အဆောက်အအုံဟာ ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်း ဆောက်လုပ်မှာဖြစ်ပြီး ခုနှစ်ထပ်ဖြစ်ပါတယ်။ ကားထားဖို့ မြေအောက်ထပ်တွေနဲ့ သေနတ်ပစ်လေ့ကျင့်ကွင်းတွေပါမှာဖြစ်ပြီး အပေါ်ထပ်ခေါင်မိုးပေါ်မှာ ရဟတ်ယာဉ် အတက်အဆင်းလုပ်လို့ရမယ့်ကွင်းပါ ပြုလုပ်ထားမှာဖြစ်ပါတယ်။ အရေးပေါ်အစည်းအဝေးမှာ အခုနှစ်ဘတ်ဂျက်အတွက် ကျပ်ငွေ သန်းပေါင်း ၅ဝဝဝ တောင်းခံတာဖြစ်ပါတယ်။ ဒီအဆောက်အဦးဆောက်လုပ်မယ့် ဒဂုံမြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျပြောတာက …..
“ အခုတောင်းတာ အခုနှစ်ဘတ်ဂျက်အတွက် တောင်းတာ။ အဲ့ဒီအဆောက်အဦးဟာ ကျနော်ထင်တယ်။ ကျပ်သန်းပေါင်း နှစ်သောင်းလောက်ကုန်မှာ။ ကျနော်တို့ကို လာရှင်းပြတယ်။ ကျနော်ကတော့ ကျနော့်မဲဆန္ဒနယ်မြေလည်းဖြစ်နေလို့ လွှတ်တော်ရဲ့ ပြယုဂ်ဟာ ဒီမိုကရေစီရဲ့ ပြယုဂ်ဖြစ်တယ်။ ပြည်သူနဲ့ အမြဲယှဉ်တွဲနေရမှာ။ လုံခြုံရေးတောင်မှ ယာယီလုံခြုံရေးယာယီ အခြေပြုတဲ့ လုံခြုံရေးမျိုးပဲ ထားသင့်တယ်လို့ တင်ပြခဲ့ပါတယ်”
နောက်အချက်တချက်ကတော့ ဒီအဆောက်အဦးဟာ လွှတ်တော်ကိုမိုးသွားမယ့် အနေအထားဖြစ်ပြီး ရွှေတိဂုံစေတီတော်ကြီး အနီးအနားမှာ အခုလိုအဆောက်အအုံမျိုး မဆောက်သင့်ဘူးလို့ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်၂ဝ ကျော်ကလည်း ဆွေးနွေးခဲ့ကြပါတယ်။
“ ကျနော်က လွှတ်တော်ဝင်းကြီးမှာ မဆောက်စေချင်တာ။ ကျနော်တို့က ရွှေတိဂုံဇုန်ပေါ့ဗျာ။ ဘုရားဇုန်ဝန်းထဲမှာ ပါနေတယ်ဗျ။ အတွင်းစည်းကိုပါနေတယ်။ အမှန်တော့ အထပ်မြင့်ဆိုရင် အလွန်ဆုံး လေးထပ်၊ ခြောက်ထပ်ပေါ့။ အခုဟာက ခုနှစ်ထပ်ဆိုတော့ လက်ရှိလွှတ်တော်ကြီးထက်တောင် မိုးသွားမယ့် အနေအထားဗျ”
ဒဂုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျပြောသွားတာပါ။ အလားတူ တိုင်းလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးနေဘုန်းလတ်ကလည်း လွှတ်တော်ဝင်းအတွင်းမှာ လွှတ်တော်နဲ့ပတ်သက်တဲ့ အဆောက်အဦးမျိုးသာ ဆောက်လုပ်သင့်ပြီး ရဲဌာနချုပ် မဆောက်သင့်ပါဘူးလို့ လွှတ်တော်မှာ ပြောဆိုသွားပါတယ်။