ရဲအရာရှိကြီးတွေ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင်တွေ ဖြစ်လာ

RFA Burmese
2024.02.16
ရဲအရာရှိကြီးတွေ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင်တွေ ဖြစ်လာ လုံခြုံရေးယူထားသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တချို့။
Photo: RFA

စစ်ကောင်စီဟာ နေပြည်တော် ကောင်စီဝင်နဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုက လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတာဝန် ပူးတွဲယူထားတဲ့ ရဲအရာရှိကြီးတွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က အရပ်သားတွေနဲ့ အစားထိုးလိုက်ပါတယ်။

သူတို့ဟာ အရင်ကတည်းက တိုင်းနဲ့ပြည်နယ် ရဲတပ်ဖွဲ့မှူးတွေဖြစ်ပြီး သူတို့ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ တိုင်းနဲ့ ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင်တွေအဖြစ် တာဝန်ပေးလိုက်ပါတယ်။

ရဲမှူးကြီး ကိုကိုလွင်ကို နေပြည်တော် ကောင်စီဝင်အဖြစ်ကနေ အနားပေးလိုက်ပြီး နောက်ထပ်ရဲမှူးကြီး ၁၁ ဦးနဲ့ ရဲမှူးချုပ် သုံးဦးကတော့ တိုင်းနဲ့ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတွေအဖြစ်ကနေ အနားပေးလိုက်တာပါ။ သူတို့အားလုံး နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက ရဲတပ်ဖွဲ့မှူးတွေ ဖြစ်ပါတယ်။

“အခုလို အပြောင်းအလဲလုပ်တာဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖိဖိစီးစီး အကောင်အထည်ဖော်ဖို့ဖြစ်တယ်”

အရပ်သားတာဝန်တွေပါ ပူးတွဲယူထားရင် မူလတာဝန်တွေ လစ်ဟင်းမှာကို စိုးရိမ်တာကြောင့် မူလ ရဲတပ်ဖွဲ့တာဝန်ကိုပဲ ပြန်ပေးလိုက်တာလို့ ကရင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပြောပါတယ်။

“ရဲတပ်ဖွဲ့တာဝန်ကိုပဲ ပြန်ပြီးတော့ ပေးတာပါ။ မူလတာဝန်တစ်ဖက်၊ နောက်ပြီးတော့ ဝန်ကြီးတာဝန်တစ်ဖက်ဆိုတော့လေ အဲ့ဒါကြောင့်မို့ မနိုင်မနင်းဖြစ်မှာစိုးလို့ ဝန်ကြီးတာဝန်ကိုရပ်စဲပြီးတော့မှ အစားထိုးလိုက်တယ်။ ရဲမှူးကြီးကတော့ မူလ သူက ဌာနတာဝန်ကိုပဲ ထမ်းဆောင်မှာဖြစ်ပါတယ်”

စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စတွေကို ၂၀၂၄ ခုနှစ်၊ ဧပြီ လကုန်ပိုင်းမှာစတင်ဖို့ရှိနေပြီး တစ်သုတ်ကို လူငါးထောင်နှုန်းနဲ့ တစ်နှစ်အတွင်း လူ ငါးသောင်းကျော်၊ ခြောက်သောင်းနီးပါး ခေါ်ယူသွားမယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြောထားပါတယ်။

ရဲမှူးကြီးတွေကို အခုလို အပြောင်းအလဲလုပ်တာဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖိဖိစီးစီး အကောင်အထည်ဖော်ဖို့ဖြစ်တယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်နေတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

“အခုက စစ်မှုထမ်းဥပဒေလည်း ထွက်လာတော့ အဲဒီဥပဒေကို ဖိဖိစီးစီး အကောင်အထည်ဖော်ဖို့အတွက် ရဲမှူးကြီးတွေကို သူတို့ရဲ့ မူလတာဝန် ပြန်လည်ထမ်းဆောင်နိုင်အောင် စီစဉ်တာဖြစ်သလို ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေကို ပိုပြီးဖိနှိပ်ဖို့လို့ ယူဆပါတယ်”

စစ်တပ်ကအာဏာသိမ်းပြီးနောက် ခြောက်လအကြာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှာပဲ ရဲမှူးကြီးတွေနဲ့ ရဲမှူးချုပ်တွေကို တိုင်းနဲ့ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတွေအဖြစ် ခန့်အပ်ခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ လူငယ်တွေဟာ စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသတွေဆီ ထွက်ခွာနေချိန်ဖြစ်ပါတယ်။

နိုင်ငံအနှံ့မှာ စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေနဲ့ ထိန်းချုပ်နယ်မြေတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက တိုက်ခိုက်သိမ်းယူမှု များလာချိန်၊ ရှေ့တန်းစစ်မြေပြင်မှာ ရဲတပ်ဖွဲ့နဲ့ စစ်သား အများအပြားသေဆုံး၊ ဖမ်းဆီး၊ ထွက်ပြေးမှု ပိုများလာချိန်မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလာတာပါ။

ရဲတပ်ဖွဲ့ဝင်များကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏတွင် ၂၀၂၁ ခုနှစ်၊ မတ် ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရဲတပ်ဖွဲ့ဝင်များကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏတွင် ၂၀၂၁ ခုနှစ်၊ မတ် ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အဲဒီနောက် တိုင်းနဲ့ပြည်နယ် ရဲတပ်ဖွဲ့မှူးတွေကို ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရေးမှာ အသုံးချလာတာဖြစ်ပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ရဲတပ်ဖွဲ့မှူးတွေဟာ ဒီဥပဒေ အကောင်အထည်ဖော်ရေးမှာ ပိုပြီးအသုံးဝင်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“စစ်မှုထမ်းဥပဒေကို လူငယ်အများစု ရှောင်လွှဲလို့မရတော့ဘူးဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ လွှမ်းမိုးတဲ့နယ်မြေတွေထဲ ကူးပြောင်းဝင်ရောက်ကြတော့မယ့် အနေအထားရှိတယ်။ အဲဒီအနေအထားကို တားဆီးကာကွယ်ဖို့ဆိုရင် ရဲအရာရှိတွေရဲ့ အခန်းကဏ္ဍက ပိုလိုအပ်လာတယ်။ အဲဒါကြောင့် စစ်မှုထမ်းဥပဒေကို ရှောင်ရှားမယ့် အလားအလာနဲ့ပတ်သက်လို့ ပိုပြီးတော့ တိတိကျကျ လုပ်ဆောင်နိုင်အောင် ရဲတပ်ဖွဲ့အရာရှိတွေကို ပြောင်းလဲအသုံးချဖို့ ကြိုးစားတာနဲ့တူပါတယ်။ ဒါ့ကြောင့်လည်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထဲ ရာထူးတာဝန်တွေထဲကို (ရဲမှူးကြီးတွေကို) ထည့်သွင်းပေးတာလို့ ကျွန်တော်ယူဆပါတယ်”

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရေးမှာ လက်တွေ့ပါဝင်သူတွေကို အရေးယူသွားမယ်လို့ NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။

“စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ ပြည်သူတွေ အထူးသဖြင့် လူငယ်တွေကို အတင်းအဓမ္မ ခြောက်လှန့်ပြီးတော့ ဖော်ဆောင်တဲ့ယန္တရားတွေမှာ အဲဒီရဲမှူးကြီးတွေ ဘယ်သူတွေပဲဖြစ်ဖြစ် အဲဒီမှာပါဝင်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေအားလုံးဟာ ပြင်းပြင်းထန်ထန် အရေးယူခံရမှာဖြစ်တယ်”

နိုင်ငံတစ်ဝန်း စစ်ရှုံးနေတဲ့ စစ်တပ်ဟာ ကိုယ်ကျိုးစီးပွားနဲ့ အာဏာဆက်လက်တည်မြဲရေးအတွက် ရှေ့တန်းစစ်မြေပြင်မှာ ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလာတာလို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ဖေဖော်ဝါရီ ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီဥပဒေကို အကောင်အထည်ဖော်ရေး အထောက်အကူပြုတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအဆင့်ဆင့်ကို စစ်ရာဇဝတ်မှု ကျူးလွန်သူတွေအဖြစ် သတ်မှတ်အရေးယူသွားမယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။