ထိုင်းကွန်ဒိုတိုက်ခန်းဝယ်တာကို စစ်ကောင်စီ အရေးယူနေလို့ မြန်မာနိုင်ငံသားတွေ အခက်အခဲဖြစ်
2024.06.11
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်း ဝယ်ထားတဲ့သူသုံးဦးနဲ့ ရောင်းချခဲ့တဲ့ Minn Thu ကုမ္ပဏီက တာဝန်ရှိသူနှစ်ဦးကို အရေးယူထားကြောင်း စစ်ကောင်စီက ဇွန် ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့နောက်ပိုင်း ထိုင်းနိုင်ငံက တိုက်ခန်းအရောင်းအဝယ်လုပ်ငန်းတွေ ဂယက်ရိုက်သွားခဲ့ပါတယ်။
တိုက်ခန်း ဝယ်တဲ့သူသုံးဦးဟာ ဗဟိုဘဏ်ရဲ့ခွင့်ပြုချက်မရှိဘဲ ပြည်ပမှာ ဘဏ်စာရင်းဖွင့် ငွေချေတာနဲ့ ရောင်းချသူဘက်က သက်ဆိုင်ရာ ခွင့်ပြုချက် မယူတာ၊ တရားမဝင် ဟွန်ဒီငွေ လွှဲလုပ်ငန်းတွေကတစ်ဆင့် ငွေလွှဲခဲ့တာကြောင့်လို့ ဆိုပါတယ်။
အခုလို ဖမ်းဆီးတဲ့သတင်း ထုတ်ပြန်ပြီးတဲ့နောက် မြန်မာနိုင်ငံထဲကလူတွေ ဘန်ကောက်မှာ ကွန်ဒိုတိုက်ခန်း ဝယ်တာကျသွားတယ်လို့ အမည်မဖော်လိုတဲ့ ဘန်ကောက်မြို့က အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက RFA ကို ပြောပါတယ်။
“ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာတော့ အရောင်းအဝယ်က ကျသွားတာပေါ့။ အားလုံး ငြိမ်နေကြတဲ့အခြေအနေပေါ့။ သိသိသာသာတော့ ကျသွားတာပေါ့”
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်း ဝယ်ကြတဲ့နှုန်းနဲ့ပတ်သက်လို့ အိမ်ခြံမြေ ရောင်းဝယ်မှုဆိုင်ရာ သတင်းတွေ ထုတ်ပြန်တဲ့ the Real Estate Information Center (REIC) ရဲ့စာရင်းအရ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံသားတွေ ဝယ်တဲ့နှုန်းက ထိပ်တန်းဆယ်နိုင်ငံမှာ အဆင့် ၆ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ တတိယအဆင့်မှာ ရောက်ခဲ့သလို အခု ၂၀၂၄ ခုနှစ်မှာတော့ ဒုတိယအဆင့် ဖြစ်လာတယ်လို့ ဘန်ကောက်ပို့စ်ရဲ့ ဇွန် ၈ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။
“ထိုင်းမှာ အိမ်ခန်းဝယ်တာကို ဖမ်းတာဆီးတာတွေ ရှိလာတဲ့အတွက် အဲဒီလိုပြောင်းဖို့ စိုးရိမ်ပူပန်တာလည်း ရှိနေကြပါတယ်”
ထိုင်းမှာ တိုက်ခန်းဝယ်တဲ့ မြန်မာဆိုတာ မြန်မာပြည်ထဲက လူတွေတင်မဟုတ်ပဲ တခြားနိုင်ငံတွေမှာနေတဲ့ မြန်မာတွေလည်း ရှိတယ်လို့ ဘန်ကောက်မြို့က အိမ်ခြံမြေ အကျိုးဆောင် နောက်တစ်ဦးက ပြောပါတယ်။
“မြန်မာပြည်ကလူပဲ ဝယ်ဖို့မပါ၊ နိုင်ငံတကာက မြန်မာတွေကတော့ ဝယ်နေတာပဲပေါ့နော်။ ဒူဘိုင်းတို့၊ စင်ကာပူကနေပြီးတော့ ဝယ်တာက အဆင်ပြေတယ်လေ။ အရောင်းအဝယ်ကတော့ ရှိဦးမှာပဲ။ မြန်မာဆိုတိုင်း မြန်မာက မြန်မာတွေပဲဝယ်တာ တစ်ခုတည်းမဟုတ်ဘူးလေ”
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံထဲမှာ ရေ၊ မီးပုံမှန်မရတာ၊ စီးပွားရေး လုပ်လို့မရတာ၊ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းကောင်းကောင်းတွေ မရှိတော့တာကြောင့် မြို့ပြလူတန်းစားထဲက တချို့က ထိုင်းနိုင်ငံမှာ ပြောင်းနေတာတွေ ရှိလာခဲ့ပါတယ်။ အဲဒီအပြင် မကြာသေးခင်က ပေါ်ပေါက်လာတဲ့ လူငယ်တွေ စစ်မှုထမ်းရမဲ့ဥပဒေကြောင့် သားသမီးတွေကို ထိုင်းနိုင်ငံမှာထားဖို့ မိဘတွေက စဥ်းစားလုပ်ကိုင်တာတွေလည်း ရှိလာပါတယ်။
ဒါပေမဲ့လည်း ထိုင်းမှာ အိမ်ခန်းဝယ်တာကို ဖမ်းတာဆီးတာတွေ ရှိလာတဲ့အတွက် အဲဒီလိုပြောင်းဖို့ စိုးရိမ်ပူပန်တာလည်း ရှိနေကြပါတယ်။
“စိုးရိမ်ကြောင့်ကြမှု ရှိတာပေါ့နော်။ သေချာခိုင်မာမှုရှိလား။ ဝယ်ရင် ကောင်းမလား မဝယ်ရင် ကောင်းမလား။ ဘယ်လိုမျိုး ဖြစ်သွားမှာလဲဆိုတဲ့ဟာမျိုး။ ပြီးတော့လည်း အမြဲတမ်းပိုင်ဆိုင်မှာလား အဲဒီလိုမျိုးတွေ ရှိကြတာပေါ့နော်။ နည်းနည်းစိုးရိမ်ကြောင့်ကြမှုတွေ ရှိတာပေါ့”
ဒီအပေါ်မှာ စိုးရိမ်မှုတွေ ရှိနေတဲ့အတွက် မြန်မာနိုင်ငံထဲက ဝယ်တဲ့သူ အရင်ကထက် နည်းသွားပေမဲ့ ဝန်ဆောင်မှုကတော့ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ ဘန်ကောက်မြို့မှာ အိမ်ခြံမြေဝယ်ရောင်း ဝန်ဆောင်မှုလုပ်တဲ့ အမည်မဖော်လိုသူ အမျိုးသမီးက ပြောပါတယ်။
“စစ်ကောင်စီ ပြောတဲ့ပုံစံနဲ့ ဝန်ဆောင်မှု ပေးတာနဲ့မဆိုင်ဘူး။ ဝန်ဆောင်မှု ပေးတဲ့သူတွေအတွက်က ရောင်းတဲ့အပိုင်းပဲလေ။ မြန်မာနိုင်ငံကနေတင်မဟုတ်ဘဲ အမေရိကန်တို့၊ စင်ကာပူ၊ သြစတေးလျဘက်တွေကပါ လာဝယ်တာတွေရှိတဲ့အတွက် ဝန်ဆောင်မှုလုပ်ငန်းကတော့ ပုံမှန်တိုင်းပဲ ဖြစ်နေမှာပါ။ မြန်မာနိုင်ငံကနေ လာဝယ်တဲ့သူ နည်းသွားတာပဲရှိမယ်”
တရားမဝင် ရလာတဲ့ငွေတွေနဲ့ ပြည်ပမှာ အိမ်ဝယ်နေတာတွေ တွေ့တဲ့အတွက် ဥပဒေနဲ့အညီ စိစစ်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန် ၇ ရက်က နေပြည်တော်မှာကျင်းပတဲ့ စစ်ကောင်စီအဖွဲ့ အစည်းအဝေးမှာ ထည့်သွင်းပြောဆိုထားပါတယ်။
ဒါပေမဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုတချို့က ထိုင်းနိုင်ငံ ဟွာဟင်းကမ်းခြေမြို့နားမှာ အိမ်တွေ ဝယ်ထားကြတာရှိတဲ့အတွက် အဲဒီနေရာကို ဗိုလ်ချုပ်ရွာလို့တောင် ခေါ်ကြတယ်လို့ အမည်မဖော်လိုတဲ့ လေ့လာသူတစ်ဦးက RFA ကို ပြောပါတယ်။ အဲဒီအပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လူကြီးတချို့လည်း ထိုင်းနိုင်ငံမှာ လျှို့ဝှက်နေကြတာတွေ့တယ်လို့ မျက်မြင်တချို့က ပြောပါတယ်။
“ထိုင်းမှာ မြန်မာတွေ ကွန်ဒိုဝယ်ယူတဲ့အခါ တခြားနိုင်ငံတွေကနေ ငွေလွှဲတာလည်းရှိပါတယ်”
စစ်ကောင်စီရဲ့ ဇွန် ၃ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ Minn Thu ကုမ္ပဏီရဲ့ တာဝန်ရှိသူနှစ်ဦးကို အရေးယူထားပြီး အထွေထွေမန်နေဂျာက ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဖော်ပြပါတယ်။ ဒါကြောင့် Minn Thu ကုမ္ပဏီကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားမရှိပါဘူး။
ကွန်ဒိုတိုက်ခန်းတွေ ဝယ်လို့ အရေးယူခံရတာဟာ ရောင်းဝယ်သူတွေက တည်ဆဲဥပဒေကို နားမလည်တာကြောင့် ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရန်ကုန်မြို့က အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
“အရင်တုန်းကလည်း သူတို့ အဲဒီလို အရောင်းအဝယ်လုပ်တယ် ကြားတယ်။ ဒါပေမဲ့ အခွန်နဲ့ပတ်သက်လို့လည်း အစိုးရဘက်က ဆောင်ပါလို့လည်း သူတို့ကို သတိပေးတာ မကြားဖူးဘူးပေါ့နော်။ ဒါပေမဲ့ ဒီအပေါ်မှာပဲ လူတွေက တရားဝင် လုပ်လို့ရတယ်လို့ မြင်သွားကြဟန် ရှိတယ်။ အဲဒီလိုပဲ ယူဆတယ်။ တကယ့်တကယ်ကလည်း သူတို့ဖမ်းတယ်ဆိုတာကလည်း တည်ဆဲဥပဒေနဲ့ ငြိနေလို့ ဖမ်းတာလေ”
စစ်ကောင်စီရဲ့ အိမ်ခြံမြေရောင်းဝယ်မှု တည်ဆဲအခွန်ဥပဒေနဲ့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေအသုံးပြုမှု ဥပဒေတွေနဲ့ ငြိစွန်းတာကြောင့် အရေးယူခံရတာလို့ ဥပဒေရေးရာကျွမ်းကျင်သူအသိုင်းအဝိုင်းကလည်း ဆိုပါတယ်။ မြန်မာနိုင်ငံ ဗဟိုဘဏ်ကလည်း ဟွန်ဒီလုပ်ငန်းတွေကို အရေးယူမယ်လို့ ပြီးခဲ့တဲ့ မေ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။
ထိုင်းမှာ မြန်မာတွေ ကွန်ဒိုဝယ်ယူတဲ့အခါ တခြားနိုင်ငံတွေကနေ ငွေလွှဲတာလည်းရှိတယ်လို့ ဘန်ကောက်မြို့က အမည်မဖော်လိုတဲ့ အိမ်ခြံမြေဝယ်ရောင်းအမျိုးသမီးက RFA ကို ပြောပြပါတယ်။
“ငွေပေးချေမှုက ပုံစံမျိုးစုံရှိတယ်။ ကုမ္ပဏီရှိတဲ့သူတွေနဲ့ နိုင်ငံခြားငွေသွင်းပြီး ဒီဘက်ကို ငွေပေးချေကြတာတွေ ရှိတယ်။ မြန်မာနိုင်ငံကနေ ငွေပမာဏအများကြီးကို တခြားနိုင်ငံကို ငွေလွှဲတာလည်း လက်ရှိမှာ ပိတ်ပင်ထားတယ်။ တရားဝင်ကြီး မဟုတ်ပေမဲ့ တကယ်သွားလွှဲရင် မရဘူး။ အဲဒီလိုမရတဲ့အခါ စင်ကာပူမှာ အသိရှိရင် အသိကို ဒီဘက်ကို ငွေလွှဲခိုင်းတာပေါ့။ တခြားနိုင်ငံတွေကနေ ဒီလို ငွေလွှဲခိုင်းပြီး ဝယ်ကြတာမျိုးတွေပါ”
ချင်းမိုင်မြို့မှာလည်း မြန်မာနိုင်ငံသားတွေအနေနဲ့ ကွန်ဒိုတိုက်ခန်းတွေ အဝယ်များနေပြီး ပေါက်စျေး ဘတ်တစ်သန်းဝန်းကျင် အခန်းတွေ အဝယ်လိုက်တယ်လို့ ချင်းမိုင်မြို့က အမည်မဖော်လိုတဲ့ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက RFA ကို ပြောပါတယ်။
“တချို့ကလည်း အကြာကြီးနေသွားမယ်ဆိုတော့ အကုန်အကျ သက်သာအောင် တိုက်ရိုက်ဝယ်လိုက်တာ။ ကိုယ်က အလည်လာမယ်။ ဒီလ ပြန်မယ်၊ ရှေ့လ ပြန်လာလည်မယ်ဆိုရင် ကိုယ်ဝယ်ထားတာမှာ လာတည်းမယ်ဆိုတာတွေက ကိစ္စမရှိဘူးလေ။ စာချုပ်တွေ ဘာတွေ အကုန်ထုတ်ပေးတယ်။ ယုံကြည်လို့ရတယ်။ စာချုပ်စာတမ်းတွေက ကိုယ့်နာမည်တွေနဲ့ချည်းပဲ”
စစ်ကောင်စီ မြို့တော်/မြို့နယ် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးရဲ့ ကြေညာချက်အရ ၂၀၂၃ ခုနှစ်၊ ၁၂ လပိုင်း ၁ ရက်နေ့ကစလို့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းပိုင်ဆိုင်မှု လွှဲပြောင်းရာမှာ အရင်ဆုံး အခွန်ဆောင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေ တစ်ဦးကတော့ အာဏာပိုင်တွေအနေနဲ့ အခုလို အရေးယူမဲ့အစား ဥပဒေနဲ့ညီအောင် ဆောင်ရွက်ပေးရင် အကျိုးရှိမယ်လို့ ပြောပါတယ်။
“အခုလိုမျိုး ဖမ်းမယ်ဆီးမယ်။ တရားစွဲမယ်။ ထောင်ချမယ်ဆိုတဲ့နည်းလမ်းထက် ဒီအရောင်းအဝယ်ကို ဥပဒေနဲ့ညီညွတ်အောင် တရားဝင်အခွန်တွေ ဆောင်ခိုင်း၊ မှတ်ပုံတင်လုပ်ခိုင်း အဲဒါဆိုရင် နိုင်ငံအတွက်လည်း ဝင်ငွေခွန်ရတယ်။ သက်ဆိုင်တဲ့ ကာယကံရှင်တွေမှာလည်း ထောင်ကျတန်းကျမဟုတ်ဘဲနဲ့ သူတို့ဝယ်ယူထားတာတွေလည်း ဆုံးရှုံးမှုမရှိဘူး။ နှစ်ဦးနှစ်ဖက် အကျိုးပြုနိုင်တဲ့နည်းလမ်းကို ရွေးချယ်အသုံးပြုစေချင်တာပေါ့ဗျာ”