ရခိုင်မှာ ဆေးဝါးသယ်ယူခွင့် ပိတ်ခံထားရလို့ ဆေးဝါးပြတ်လပ်မှုကြုံနေရ

2022.10.07
ရခိုင်မှာ ဆေးဝါးသယ်ယူခွင့် ပိတ်ခံထားရလို့ ဆေးဝါးပြတ်လပ်မှုကြုံနေရ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဘက်က ဆေးဝါးသယ်ယူခွင့်နဲ့ ပြည်မက ဆေးဝါးတင်ပို့မှုတွေ ပိတ်ပင်တားမြစ်ထားလို့ မြို့နယ်ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဆေးဆိုင်တွေမှာ ဆေးဝါးပြတ်လပ် နေတယ်လို့ ဆရာဝန်တွေနဲ့ ဆေးဆိုင်ပိုင်ရှင်တွေက RFA ကို ပြောပါတယ်။

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ စတဲ့မြို့နယ်တွေနဲ့ မြောက်ပိုင်းက မြို့နယ် အားလုံးကို ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဘက်က ဆေးဝါး သယ်ယူခွင့်ရော တင်သွင်းခွင့်ရော ပိတ်ထားတာပါ။

"သူတို့စစ်ဆင်ရေး မပြီးသရွေ့ဆိုရင်တော့ လူနာတွေ ဆေးမကုရဘဲ သေရမယ့်အခြေအနေပေါ့ ”

သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေကို တရားဝင် ညွှန်ကြားထားတာမရှိဘဲ စစ်ဆေးရေးဂိတ် တွေကနေ သယ်ယူခွင့် မပေးတော့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန် တစ်ဦးက RFA ကို ပြောပါတယ်။

“ဆေးရုံတွေမှာ အခက်အခဲမျိုးစုံ ကြုံနေရတယ်။ အဓိကတော့ ဆေးဝါးကို သယ်ယူလို့ မရဘူးဆိုပြီး ညွှန်ကြားတာလည်းမရှိဘဲနဲ့ မြေပြင်က စစ်ဆေးရေးဂိတ်တွေက ဆေးဝါးကို လုံးဝလက်မခံဘူး။ ဆေးရုံတစ်ခုတည်း မဟုတ်ဘူး။ ပုဂ္ဂလိကဆေးတွေ ဘာဆေးမဆို တားဆီးခံနေရတယ်။ ပြည်နယ်အစိုးရကလည်း တာဝန်ယူပြီး ဖြေရှင်းပေးဖို့ အခြေအနေ မကြားရဘူး။ ဒီပိတ်ဆို့မှုဟာ ဘယ်နှလလောက် ကြာသွားမလဲဆိုတာ ဘယ်သူမှလည်း မှန်းလို့မရဘူး။ သူတို့စစ်ဆင်ရေး မပြီးသရွေ့ဆိုရင်တော့ လူနာတွေ ဆေးမကုရဘဲ သေရမယ့်အခြေအနေပေါ့”

သတင်းဌာနတွေကို သတင်းပေးတာ၊ ပြောတာကို စစ်ကောင်စီတပ်ဘက်က သိသွားရင် လုံခြုံရေးအခြေအနေ စိုးရိမ်ရတာကြောင့် ဖြေဆိုသူ ဆရာဝန်တွေက အသံနဲ့ အမည်ကို မဖော်ပြလိုကြပါဘူး။

လက်ရှိ ဆေးရုံတွေမှာပါ ဆေးဝါးတချို့ပြတ်လပ်နေပြီး ကုသရေးပိုင်းမှာ တော်တော်လေး အခက်အခဲ ဖြစ်နေတယ်လို့လည်း နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန် တစ်ဦးက RFA ကို ပြောပါတယ်။

“အရင်ကဆိုရင် ပိုက်ဆံရှိရင် ဈေးကြီးပေးပြီး သုံးလို့ရသေးတယ်။ အခုဆိုရင် ပိုက်ဆံရှိ ရင်တောင် ဝယ်သုံးလို့မရတဲ့ ဆေးဝါးတွေ အများကြီး ပြတ်လပ်သွားတာပေါ့။ တချို့ ပြတ်လပ်သွားတဲ့ ဆေးတွေကိုလည်း မှာယူလို့မရဘူး။ လူနာကိုကုရတာ တော်တော်လေး ကို အခက်အခဲဖြစ်ပါတယ်။ ဒီအတိုင်းသာဆိုရင် ဆေးဝါးတွေက လုံးဝ ပြတ်သွားမယ့် အခြေအနေရှိတယ်။ ဆေးရုံကလူနာတွေ ကျန်းမာရေးရော၊ ဆေးခန်းတွေမှာရော ကုသ ရေးတွေ တော်တော်လေးကို အခက်အခဲဖြစ်ကြတယ်”

စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသတွင်း ဆေးဝါးသယ်ယူခွင့်ကို ပိတ်ပင်ထားတဲ့အပြင် ရခိုင် ပြည်နယ်အတွက် ရန်ကုန်ကနေ ဆေးဝါးအပါအဝင် ဆက်စပ်ပစ္စည်းတွေ တင်သွင်းခွင့် ကိုပါ ပိတ်ပင်ထားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆေးကုမ္ပဏီပိုင်ရှင်တစ်ဦးက RFA ကို ပြောပါတယ်။

“ဆေးဝါးကို ရန်ကုန်ကနေ ပိတ်ထားတာ။ ရခိုင်ဘက်ကို ဆေးဝါးတွေ မယူရတော့ဘူး။ ဒေသတွင်းမှာလည်း ဘူးသီးတောင်၊ မောင်တောဘက်ကို ပို့လို့မရဘူး။ ပြီးရင် မြေပုံဘက် ကို ပို့လို့မရဘူး။ ရသေ့တောင်ကိုလည်း ပို့လို့ မရဘူး။ လက်ရှိပို့လို့ရတာက ပုဏ္ဏားကျွန်း တစ်ခုပဲ ပို့လို့ရတယ်။ ကျန်တဲ့ မြို့နယ်တော်တော်များများက ပို့လို့မရဘူး။ တရားဝင် ထုတ်ပြန်တာတော့ မရှိဘူး။ မြေပြင်မှာ သူတို့က မသယ်ရဘူးပေါ့။ ဆေးဝါးပါရင် အဖမ်း ခံရမယ့် အခြေအနေပေါ့။ အခု ဆေးဝါးတွေက ထပ်မှာလို့ မရဘူးဆိုတော့ ရှိတာကိုပဲ မျှပြီးရောင်းနေရတယ် ”

အရင်က စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လက်မှတ်နဲ့ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ မှာယူတင်သွင်းလို့ ရခဲ့ပေမယ့် အခုသူ့ဆီကလည်း လက်မှတ်မရတော့ဘူးလို့ ဆိုပါတယ်။

လက်ရှိ ဆေးကုမ္ပဏီတွေနဲ့ ဆေးဆိုင်တွေမှာ လက်ကျန်ပစ္စည်း နည်းလာနေပြီး ဒီအတိုင်း ဆက် ပိတ်ထားမယ် ဆိုရင် ရခိုင်က ပြည်သူတွေ အခက်အခဲဖြစ်နိုင်တယ်လို့ ဆေးကုမ္ပဏီ တွေနဲ့ ဆေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

တစ်ဖက်မှာလည်း ဆေးဝါးသယ်လာတဲ့ ဆရာဝန်တွေ ဖမ်းဆီးခံရတာတွေ ရှိနေပြီး စက်တင်ဘာလ ၂၅ ရက်နေ့က ဆေးရုံအတွက် ဆေးဝါးသယ်လာတဲ့ မြေပုံမြို့နယ် ငပသုန် တိုက်နယ်ဆေးရုံက ဒေါက်တာဝင်းနိုင်စိုး အဖမ်းခံခဲ့ရပါတယ်။

သူဟာ စစ်တွေမြို့ကနေ မော်တော်နဲ့အပြန် ဆေးဝါးတွေသယ်လာချိန် ပေါက်တောမြို့နယ် တောင်ဖူးရွာအနားက စစ်ကောင်စီရေတပ်ကတွေ့လို့ အဖမ်းခံခဲ့ရတာဖြစ်ပြီး စစ်ဆေးပြီး ရက်ပိုင်းအကြာမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

sittwe.jpeg
၂၀၂၀ ပြည့်နှစ်အတွင်းက တွေ့ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံ။ (Photo: RFA)

တောင်ကုတ်မြို့မှာ ပြင်ပဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာကျော်သူရထွန်းလည်း စက်တင်ဘာ ၆ ရက်နေ့မှာ အဖမ်းခံခဲ့ရပြီး AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မတရား အသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)၊ (၂) တွေနဲ့ တရားစွဲခံထားရပါတယ်။

ရခိုင်ပြည်နယ်ကို ဆေးဝါးပိတ်ထားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

စစ်ကောင်စီတပ်ဟာ AA ကို ဖြတ်လေးဖြတ်စနစ်နဲ့ လုပ်ချင်လို့ အခုလို ဆေးဝါးသယ်ယူခွင့် ပိတ်ထားတာ ဖြစ်နိုင်ပေမယ့် ပြည်သူတွေပဲ ဒုက္ခရောက်နေရတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ပြည်နယ်တွင်း လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက RFA ကို ပြောပါတယ်။

“ရခိုင်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ကာလမှာ ဖြတ် လေးဖြတ်နဲ့ ရက္ခိုင့် တပ်တော်(AA) ကို ဖြတ်ထားတဲ့သဘောရောက်နေတယ်။ အဲဒီလို ဖြတ်ထားလို့ရှိရင် သူတို့ကျဆုံးမယ်ဆိုပြီး လုပ်တာဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီလို လုပ်လို့ ရှိရင်တော့ အဆင်ပြေမှာမဟုတ်ဘူး။ ရခိုင်ပြည်မှာရှိတဲ့ ပြည်သူတွေပဲ ဒုက္ခသည်ရောက် မယ်လို့ ကျနော်ထင်ပါတယ်”

ဒါကြောင့် စစ်ကောင်စီတပ်အနေနဲ့ ဆေးဝါးသယ်ယူခွင့် ပိတ်ထားတာကို အမြန်ဆုံး ပြန်ဖွင့် ပေးဖို့ လိုတယ်လို့လည်း သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်စဖြစ်နေတာပါ။အဲဒီ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဟာ ရသေ့တောင် မောင်တောကားလမ်း အပါအဝင် ကားလမ်း တချို့ကိုပိတ်ထားသလို လမ်းတွေမှာလည်း စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး တင်းကျပ်စွာနဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။