ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်သူကို ရခိုင်ပြည်သူတွေ မျှော်လင့်
2020.11.08
ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတာ အခုဆိုရင် နှစ်နှစ်နီးပါးအထိ ကြာမြင့်နေပြီ ဖြစ်ပါတယ်။
အဲဒီလို တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ ရခိုင်ပြည်သူတွေဟာ ရွေးကောက်ပွဲပြီးရင် ပေါ်ပေါက်လာမယ့် အစိုးရသစ်ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
စစ်တွေမြို့နယ်က ဒေသခံ မဲဆန္ဒရှင်တွေ၊ မဲပေးခွင့်ဆုံးရှုံးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေက နောက်တက်လာမယ့် အစိုးရသစ်ကို ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်တဲ့ အစိုးရဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျက်တော်ပြင်ကျေးရွာက မဲဆန္ဒရှင်တစ်ဦးဖြစ်တဲ့ ဦးမောင်ဝင်းနိုင်ကလည်း အလားတူ မျှော်လင့်ချက်ရှိကြောင်း RFA ကိုပြောပါတယ်။
“ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးကို လိုချင်တဲ့သူတွေပါပဲ။ ကျွန်တော်တို့ ရခိုင်ပြည်သူတစ်ရပ်လုံးကလည်း ငြိမ်းချမ်းရေးကို လိုလားကြပါတယ်။ အခုတက်လာမယ့် အစိုးရသစ်ကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို အဓိက ဦးစားပေးပြီးတော့ လုပ်စေချင်ပါတယ်။ အဲဒီလိုလည်း အများကြီးမျှော်လင့်ပါတယ်။ အဲဒီလို အစိုးရတက်ပါစေလို့လည်း ဆုတောင်းပါတယ်။ ဖြစ်လာပါစေလို့လည်း ဆုတောင်းပါတယ်။”
အဲဒီလိုပဲ ကျက်တော်ပြင်ကျေးရွာက ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးဦးထွန်းစိန်ကလည်း ရခိုင်ပြည်နယ်မှာ စစ်ဘေးကြောင့် အရပ်သားတွေဟာ ဒုက္ခမျိုးစုံ ခံစားနေကြရပြီး ငြိမ်းချမ်းတိုးတက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ အစိုးရမျိုး လိုချင်တယ်လို့ ပြောပါတယ်။
“ဘယ်လိုအစိုးရမျှော်လင့်လဲဆိုရင် ကိုယ့်ဒေသ၊ ကိုယ့်နေရာမှာ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက် နိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့အစိုးရကို လိုချင်ပါတယ်။ အခုရခိုင်မှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော် ဖြစ်သွားပြီ၊ သေဆုံးသူလည်း သုံးရာကျော်သွာပြီ၊ ဒဏ်ရာရတဲ့သူတွေကလည်း ခြောက်ရာကျော်သွားပြီဆိုတော့ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။ ဒီတော့ ငြိမ်းချမ်းအောင် လုပ်ဆောင်ပေးနိုင်တဲ့အစိုးရကို လိုချင်တာ ပေါ့။ ကျွန်တော် နိုင်ငံခြားတွေကိုလည်း အလုပ် သွားမလုပ်ရအောင် ရခိုင်မှာ စက်မှုဇုန်တွေဆောက်ပေးနိုင်တဲ့ အစိုးရကိုလည်း လိုချင်ပါတယ်။ အခုအစိုးရက ပြည်သူတွေအတွက် အလုပ်အကိုင်တွေတစ်ခုမှ ဖွင့်မပေးနိုင်ဘူး။ အလုပ်တွေ ဖွင့်မပေးနိုင်ကတော့ ရခိုင်ကပြည်သူတွေဟာ နိုင်ငံခြားကိုသွားပြီးတော့ ဒုက္ခအမျိုးမျိုး ခံနေကြ ရတယ်။ နိုင်ငံခြားမှာ ကောင်းတဲ့အလုပ်နဲ့ကျမှ အဆင်ပြေကြတယ်။ မကောင်းတဲ့အလုပ်နဲ့ကျရင် ပိုက်ဆံ တစ်ပြားမှမရဘဲ ပြန်လာကြရတယ်။”
အခုလို မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေ မျှော်လင့်နေကြသလိုပဲ အိုးအိမ်တွေကိုစွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကလည်း လာမယ့်အစိုးရမျိုး ရချင်ကြပါတယ်။
စစ်တွေမြို့ပေါ်မှာရှိတဲ့ ဥဿလင်းကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ပလက်ဝမြို့နယ် စိမ်းညှင်း၀ ကျေးရွာက မူလတန်းပြကျောင်းဆရာ ကိုရွှေကျော်ဝင်းကတော့ အခုလက်ရှိ စစ်ဘေးဒုက္ခသည်တွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပြီး လာမယ့်အစိုးရသစ်ဟာ သူတို့ကို ကယ်တင်နိုင်တဲ့ အစိုးရမျိုး ပေါ်ပေါက်လာစေချင်တယ်လို့ ပြောပါတယ်။
“အခု ကျွန်တော်တို့ ထွက်ပြေးနေရတဲ့အချိန်မှာတော့ အခက်အခဲတွေကတော့ အများကြီးပဲ။ နေရတာလည်း အဆင်မပြေဘူး။ စားရတာလည်း လုံး၀ အဆင်မပြေဘူး။ ပြီးလို့ရှိရင် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေမှာ ပါလာတဲ့ ကလေးသူငယ်တွေရဲ့ ပညာရေး အခြေအနေတွေဆိုရင်လည်း လုံး၀ အဆင်မပြေဘူး။ ကျွန်တော် တို့က နေရပ်ကို စွန့်ခွာပြီးတော့ လာရတဲ့အတွက်ကြောင့် ကျွန်တော်တို့အတွက် အနာဂတ် လုံးဝမရှိဘူး။ အနာဂတ်တွေ ပျောက်နေတဲ့ အဲဒီအတွက်ကြောင့် အခုလာမယ့် အစိုးရသစ်ဟာ ကျွန်တော်တို့ကို ကယ်တင်နိုင်တဲ့ အစိုးရတစ်ရပ် ဖြစ်စေချင်တယ်။”
သူ့လိုပဲ အဲဒီ စစ်ဘေးဒုက္ခသည် စခန်းမှာ ခိုလှုံနေတဲ့ ပလက်ဝမြို့နယ် စိမ်းညှင်းဝကျေးရွာက ဦးသံလုံးအောင် ကလည်း ဘယ်အစိုးရပဲ တက်တက် သူတို့ရဲ့အခက်အခဲတွေကို ကူညီဆောင်ရွက်ပေးစေချင်ကြပါတယ်။
“ဘယ်သူပဲအစိုးရတက်တက် ကောင်းပါတယ်။ အဓိကဒုက္ခသည်တွေ လွတ်လွတ်လပ်လပ် နေရဖို့ အဆောက်အဦးတွေ ကောင်းကောင်းမွန်မွန် လုပ်ပေးဖို့ စားရေးသောက်ရေးက အစပေါ့၊ အကုန်လုံး အဆင်ပြေအောင် လုပ်ပေးဖို့ ကျွန်တော်တို့ လိုချင်ပါတယ်။ ကျွန်တော်တို့ရွာမှာလည်း မီးရှို့သူရှို့ ဘယ်သူကိုရှို့မှန်းလည်း ကျွန်တော်တို့ မသိဘူး။ ဒါကြောင့် ကျွန်တော်တို့လည်း ထွက်ပြေးလာကြတာပေါ့။ အပူအပင်တွေတော့ များပါတယ်။ ဘာကြောင့်လည်းဆိုရင် စားဝတ်နေရေးတစ်ဘက်၊ နေရေးထိုင်ရေး တစ်ဘက် အစစအရာ အားလုံး အခက်အခဲတွေနဲ့ ကြုံနေရတယ်။”
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ အခုအချိန်အထိ ရက္ခိုင့်တပ်တော် (AA)နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲပါ။
အဲဒီတိုက်ပွဲတွေကြောင့်လည်း အရပ်သားတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ၊ အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်လာကို ထွက်ပြေးတိမ်းရှောင်နေရတာ အများအပြား ရှိနေပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်အတွင်းက မဲဆန္ဒရှင်တွေ စစ်ဘေးဒုက္ခသည်တွေဟာ လာမယ့် အစိုးရသစ်ကို ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်တဲ့ အစိုးရမျိုး ဖြစ်စေချင်နေကြတာပါ။
လာမယ့်အစိုးရသစ်ဟာ သူတို့မျှော်လင့်ထားသလို ဖြစ်လာမလား၊ မဖြစ်လာဘူးလားဆိုတာကိုတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)