ရခိုင်ဒုက္ခသည်စခန်းတွေမှာ ဗိုင်းရပ်စ် ကူးစက်လာမှာ စိုးရိမ်နေရ
2020.08.27
ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာတွေ နှစ်ပတ်အတွင်း ၂၀၀ နီးပါး ရှိသွား ပါပြီ။ လက်ရှိ ဆေးရုံမှာ ကုသမှု ခံယူနေရတဲ့ အတည်ပြုလူနာတချို့ဟာ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ သူတွေ ဖြစ်တာကြောင့် ဒုက္ခသည်တွေအတွက် စိုးရိမ်စရာကောင်းလာပါတယ်။
ဒီကနေ့ သြဂုတ်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ကျန်းမာရေးဌာနက ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ အတည်ပြုလူနာ သုံးဦး၊ ဘူးသီးတောင်မြို့မှာ နှစ်ဦး ထပ်တွေ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
မနေ့ကလည်း ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ကိုးမြို့မှာ တစ်ရက်အတွင်း အတည်ပြုလူနာ ၇၄ ဦး ရှိလာတယ် လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ရခိုင်ပြည်နယ်က စစ်တွေအပြင် တခြား စစ်ဘေး ဒုက္ခသည် အများအပြားရှိတဲ့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား စတဲ့ မြို့နယ် ၁၀ မြို့နယ်အထိ ကူးစက်ပျံနှံ့နေ တဲ့သဘောပါ။
အတည်ပြုလူနာတွေထဲမှာ မြောက်ဦးမြို့က စစ်ဘေးဒုက္ခသည်စခန်းတချို့ကို သွားရောက်ခဲ့ပြီး ဒုက္ခ သည်တွေနဲ့ ထိတွေ့မှုရှိခဲ့တဲ့ Relief International အဖွဲ့က ကျန်းမာရေးဝန်ထမ်း သုံးဦး ပါဝင်နေတာကြောင့် အဲဒီစခန်းတွေက ဒုက္ခသည်တွေဟာ သူတို့ဆီမှာ ကူးစက်နေမှာကို စိုးရိမ်နေကြပါတယ်။
အဲဒီအတည်ပြုလူနာတွေ သွားရောက်ခဲ့တဲ့ မြောက်ဦးမြို့နယ် ပီပင်ရင်း စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်သူ တချို့လည်း နေထိုင်မကောင်းဖြစ်နေကြလို့ သောကဖြစ်နေကြတယ်လို့ စခန်းတာဝန်ခံ ဦးသန်းကျော်မြက RFA ကို ပြောပါတယ်။
“RI က ကျန်းမာရေးစောင့်ရှောက်မှုလာပေးတဲ့ဝန်ထမ်း ပိုးတွေ့ပြီးကတည်းက ကျွန်တော်တို့ဆီကို ဘယ်ဝန်ထမ်း တစ်ယောက်မှ မရောက်လာသေးဘူး။ စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေကတော့ အခု ကျွန်တော်တို့ဆီမှာ ဖျားနာတုတ်ကွေးတွေတော့ဖြစ်ကြတယ်လေ။ ကိုရိုနာဗိုင်းရပ်စ် ဟုတ်လား မဟုတ်လား ကျွန်တော်တို့လည်း မသိဘူး။ အဲဒီလိုပဲနေကြတာ။ စိုးရိမ်မှုရှိတာပေါ့ဟာ။ ကျွန်တော်တို့ကလည်း ဘာမှမသိ၊ သူတို့ကလည်းဘာမှမသိ။ မသိတဲ့သူအချင်းချင်း နေကြတာဆိုတော့ ကျွန်တော်တို့လည်း ဘာဖြစ်နေလဲဆိုတာ ကို မသိဘူး။ WFP ကပေး ထားတဲ့ နှာခေါင်းစည်းတွေ၊ လက်သန့်ဆေးတွေလည်း ကုန်ခါနီးနေပြီ။ ကျွန်တော် တို့ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးစေချင်ပါတယ်”
မြောက်ဦးမြို့နယ်ထဲက တောင်မြင့်၊ နာကန်၊ ကုလားချောင်း၊ ပုစွန်ဖေနဲ့ ပီပင်ရင်းစတဲ့ ကျေးရွာတွေက ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့တယ်ဆိုတဲ့ အဲဒီ RI ဝန်ထမ်းသုံးဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိနေတယ်ဆိုတာ သြဂုတ်လ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေက မြောက်ဦးမြို့မှာ စစ်ဆေးတွေ့ရှိခဲ့တာပါ။
သူတို့နဲ့ထိတွေ့မှုရှိခဲ့တဲ့ ပီပင်ရင်းစစ်ဘေးဒုက္ခစခန်းက ဒုက္ခသည် ၁၁ ဦးကိုတော့ လောလောဆယ် ဘုန်းကြီး ကျောင်းမှာ သီးခြားစောင့်ကြည့်ထားပါတယ်။ ကျန်းမာရေးဌာနကတော့ လာရောက်စစ်ဆေးတာ မရှိသေးဘူးလို့ စခန်းတာဝန်ခံ ဦးသန်းကျော်မြက ပြောပါတယ်။
အဲဒီလိုပဲ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိတဲ့ ကျောက်တော်မြို့မှာလည်း အတည်ပြုလူနာ ခြောက်ဦးအထိ ရှိလာတာကြောင့် ဒုက္ခသည်တွေအတွက် စိတ်ပူမိတယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့က ကိုရိုနာဗိုင်းရပ်စ် စဖြစ်ကတည်းက အရမ်းစိုးရိမ်တဲ့အခြေအနေ ရှိခဲ့တယ်။ ကျောက်တော် မှာက စစ်ဘေးရှောင် တစ်သောင်းကျော်လောက်ရှိတယ်။ သူကလည်း ဒုက္ခသည်စခန်းမှာ နေတာဆိုတော့ စုပြုံပြီးတော့ နေရတဲ့အခြေအနေမျိုးတွေပေါ့။ ခြေအနေက တော်တော် စိုးရိမ်ရတဲ့ အနေအထားတစ်ခုပေါ့။ ပိုးဆိုးတာတစ်ခုက အခုဖြစ်တဲ့ ကိုရိုဗိုင်းရပ်စ်ပိုးဟာ ကူးစက်မှု ၁၀ ဆ မြန်တယ်လို့ကြားရတယ်။ အခု ကျောက်တော်မှာလည်း ပိုးတွေ့လူနာတွေရှိလာပြီ။ သတင်းတွေကို မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်သိရရင် အခြေအနေတစ်ခုကို ဝိုင်းဝန်းပြီးတော့ ထိန်းနိုင်မယ့်အနေအထားရှိတယ်”
အခုလို ရခိုင်တပြည်နယ်လုံး ရုတ်တရက် ပျံ့နှံ့ကူးစက်မှုက လူဦးရေသိပ်သည်းတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို မရောက်အောင် ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့လုပ်ဆောင်ချက်တွေက လိုအပ်ချက်တွေရှိနေတယ် လို့လည်း သူက ဆိုပါတယ်။
ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ကျန်းမာရေးဌာန အနေနဲ့တော့ ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အသိပညာပေးမှုတွေ လုပ်ဆောင်နေပြီး သံသယရှိတဲ့သူတွေကိုလည်း စစ်ဆေးနေတယ်လို့ RFA ကိုပြောပါတယ်။
“စစ်ဘေးရှောင်စခန်းတွေမှာလည်း ကျန်းမာရေး အသိပညာပေးတဲ့အပိုင်းတွေ ဒါတွေပဲလုပ်လို့ရတာပေါ့နော်။ အဲဒါကြောင့် သံသယရှိဖွယ် camp တစ်ခုပဲဖြစ်ဖြစ် ဒါကို ရောဂါကူးစက်နိုင်ဖွယ်ရှိတယ်လို့ ယူဆရင် လူနာ ရှာဖွေတဲ့အလုပ်တွေကို ကျန်းမာရေးဝန်ထမ်းတွေကလုပ်နေတယ်။ RI ဝန်ထမ်း ပိုးတွေ့တယ် ဆိုကတည်းက သူသွားခဲ့တဲ့စခန်းတွေ ကျွန်တော်တို့မှာ စာရင်းရပြီးသားပါ။ ဘယ်နေ့မှာ ဘယ်စခန်းသွားလဲဆိုတာကိုပေါ့။ အဲဒါတွေကို ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေက လိုက်ယူပေးနေတယ်။ ဒါပေမဲ့ စစ်ဘေးရှောင်စခန်း ဆိုပေမယ့် စစ်ဘေးရှောင်စခန်းတစ်ခုလုံးနဲ့ ထိတွေ့ခဲ့တာမဟုတ်ဘူးလေ။ နှာခေါင်းတို့ပတ် နမူနာယူတယ် အဲဒါကိုစစ်ထား တယ်ပေါ့နော်”
ဒုက္ခသည်စခန်းထဲသွားခဲ့သူတွေနဲ့ပတ်သက်ပြီး ဘယ်လိုထိန်းချုပ်ထားသလဲဆိုတာနဲ့ ပတ်သက်ပြီး ပြည် နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
‘’သွားခဲ့တဲ့သူတွေရှိတယ်၊ အဲဒီသူတွေနဲ့ ထိတွေ့ခဲ့သူတွေကို ကျွန်တော်တို့ ကန့်သတ်စောင့်ကြည့်ဖို့ လုပ်ထားတာရှိတယ်’’
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဒီဇင်ဘာလက တပ်မတော် နဲ့ ရက္ခိုင့်တပ်တော် AA တို့ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြားမှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သား ၁၉၀၀၀၀ ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ဇူလိုင်လ ၇ ရက်နေ့ က ထုတ်ပြန်ထား ပါတယ်။