ရခိုင်နဲ့ ရိုဟင်ဂျာ ဆွေးနွေးဖို့ လေ့လာသူတွေပြော
2024.06.08

ရခိုင်ပြည်နယ်မှာ စစ်ရေးတိုက်ခိုက်မှုတွေ တိုးလာတာနဲ့အမျှ ရခိုင်နဲ့ ရိုဟင်ဂျာ လူ့အသိုက်အဝန်း နှစ်ခုအကြား တင်းမာမှုတွေ တိုးလာနေပြီး ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေ တစ်ကျော့ပြန် ဖြစ်လာနိုင်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက မေလ ၂၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် သတိပေးထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) က လည်း ရက္ခိုင့်တပ်တော် (AA) က ဘူးသီးတောင်မြို့ကို သိမ်းယူတဲ့ တိုက်ပွဲမှာ ရိုဟင်ဂျာအရပ်သားတွေကို မြို့ကနေ အတင်းအကျပ်ထွက်ခွာခိုင်းပြီးနောက်ပိုင်း နေအိမ်နဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ သတင်းတွေကြောင့် စိုးရိမ်ကြောင်း ပြောထားပါတယ်။
နိုင်ငံတကာရောက် ရခိုင်နဲ့ ရိုဟင်ဂျာ လေ့လာသုံးသပ်သူတွေကတော့ AA ဟာ ရိုဟင်ဂျာ အသိုက်အဝန်းနဲ့ စေ့စပ်ညှိနှိုင်းစကားပြောဖို့ လိုအပ်နေပြီလို့ သုံးသပ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးက စစ်အာဏာရှင် တော်လှန်ရေးကို ဦးဆောင်နေတဲ့ AA အနေနဲ့ ရိုဟင်ဂျာတွေနဲ့ ထိတွေ့ဆက်ဆံပြီး စကားပြောဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
“တစ်သန်းကျော်ရှိတဲ့ ရိုဟင်ဂျာတွေဟာ စစ်ကောင်စီရဲ့ လူမျိုးတုံး သတ်ဖြတ်မှုမြောက်တဲ့ ရာဇဝတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်သွားပေမဲ့ ရခိုင်ပြည်နယ်မှာ ကျန်နေသေးတဲ့ ရိုဟင်ဂျာ ခန့်မှန်းခြေ ခြောက်သိန်းကျော်လောက် ကျန်နေသေးတယ်။ ဒါဟာ ရခိုင်ပြည်နယ်မှာ နိုင်ငံရေးအရ ကိုယ်စားပြုနိုင်တဲ့ လူဦးရေ ဖြစ်တယ်။ ဒီလူတွေနဲ့ ထိတွေ့ဆက်ဆံမှု မလုပ်ဘဲနဲ့ ရခိုင်ပြည်နယ် အလုံးစုံ လွတ်မြောက်သွားရင်လည်း ဒါက ဖြေရှင်းရမဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ တော်လှန်ရေးတိုက်ပွဲကို ဦးဆောင်နေတဲ့ ရက္ခိုင့်တပ်တော်အနေနဲ့ ရခိုင်ပြည်နယ်မှာ ဒုတိယအများဆုံးရှိတဲ့ လူဦးရေနဲ့ စကားပြောဖို့ လိုတယ်ဆိုတာ မေးစရာမလိုတဲ့ အရာဖြစ်ပါတယ်။ စကားပြောတဲ့နေရာမှာလည်း တန်းတူညီမျှမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုတွေကို အခြေခံဖို့ လိုပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် လူမှုကွန်ရက်ပေါ်မှာ ရေးသားတာတွေကို လျော့ချပြီး၊ ဖြစ်နိုင်ခြေရှိတဲ့ စံတန်ဖိုး အခြေခံ ညှိနှိုင်းသဘောတူညီမှုတွေ ရအောင် လုပ်ဖို့လိုပါတယ်။ နိုင်ငံရေးအရ သဘောတူညီမှု တစ်စုံတစ်ရာရှိဖို့ အရေးကြီးပါတယ်။”
လက်ရှိမှာ ရခိုင်နဲ့ ရိုဟင်ဂျာ အသိုင်းအဝန်း နှစ်ခုအကြား စိတ်ဝမ်းကွဲ ပဋိပက္ခဖြစ်စေမဲ့ သတင်းအမှားတွေ ဝါဒဖြန့်ချိမှု ပျံ့နှံ့နေပြီး၊ AA ခေါင်းဆောင်ဖြစ်သူက ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အယူအဆတွေကို X လို့ခေါ်တဲ့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးသားနေတာ တွေ့ရတယ်လို့ မေလ ၂၄ရက်က သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအရာရှိတစ်ဦးက ပြောသွားပါတယ်။
ရခိုင်ပြည်နယ်က စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေတဲ့ ဝါရှင်တန်ဒီစီမြို့ အမေရိကန်တက္ကသိုလ်က နိုင်ငံတကာရေးရာ ကျောင်းသား ကိုအောင်ဆန်းဝင်းကလည်း ရခိုင်နဲ့ ရိုဟင်ဂျာ အသိုက်အဝန်းကြားမှာ ပြန်လည် သင့်မြတ်ဖို့ တွေ့ဆုံစကားပြောမှုတွေ စလုပ်ဖို့လိုတယ်လို့ ပြောပါတယ်။
“အသိုင်းအဝန်းနှစ်ခုလုံးက လက်ခံဖို့ လိုတာက နှစ်ဖက်လုံး Coexist ဆိုတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရမယ် ဆိုတဲ့အချက်ပဲ။ အခုဖြစ်နေတာက နှစ်ဖက်ပြန်လည်သင့်မြတ်တဲ့ Reconciliation ကို ဦးတည်ဖို့ ခြေလှမ်းကို မတွေ့သေးတာပဲ။ နှစ်ဖက်ပြန်လည်သင့်မြတ်ရေးဆီကို သွားမယ်ဆိုရင် အဓိက လိုအပ်တာက Dialogue ပဲ။ အခု နှစ်ဖက်အသိုင်းအဝန်းက စကားမပြောနိုင် မဆိုနိုင်ဖြစ်နေတဲ့ အနေအထားရှိတယ်။ ကျွန်တော်တို့ ကြားတာကတော့ ULA က မြေပြင်က အသိုက်အဝန်းတွေနဲ့ ပြောတယ်။ ရိုဟင်ဂျာအသိုင်းအဝိုင်းမှာ ခေါင်းဆောင်ဆိုရင် ဘယ်ခေါင်းဆောင်ကို ပြောရမှာလဲ။ ခေါင်းဆောင်တွေ အုပ်စုတွေ များနေတယ်ဆိုတဲ့ အနေအထားရှိတယ်။ ဘယ်ခေါင်းဆောင်နဲ့ စကားပြောလိုက်ရင် ပြီးပြတ်သွားမယ် ဆိုတာမျိုးမရှိဘူး။ အဲဒီလို အခက်အခဲတွေ ရှိနေတယ်လို့တော့ ပြောတယ်။”
မြန်မာ-ရိုဟင်ဂျာအသင်း (ယူကေ)ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ကလည်း အခုအချိန်မှာ ရခိုင်ပြည်နယ် မြို့နယ်အများစုကို ထိန်းချုပ်ထားနိုင်တဲ့ ရက္ခိုင့်တပ်တော်ဟာ ပြည်နယ်ထဲက လူမျိုးစုအားလုံးကို တန်းတူဆက်ဆံပြီး အတူအလုပ်လုပ်ဖို့ ညှိနှိုင်းသင့်တယ်လို့ ပြောပါတယ်။
“AA က ရခိုင်ပြည်နယ်မှာ ဆယ်မြို့နယ်တောင် သိမ်းပိုက်ထားပြီဆိုတော့၊ AA အနေနဲ့ အားလုံးကို ညီတူညီမျှအခွင့်အရေးပေးပြီးတော့၊ ရိုဟင်ဂျာ၊ သက်၊ မြို၊ ခမီ စတဲ့ လူနည်းစုအားလုံးနဲ့ ပူးပေါင်းညှိနှိုင်းပြီး အလုပ်လုပ်ဖို့ လိုအပ်တယ်။ AA အနေနဲ့ သတ်ဖြတ်မှုတွေ၊ မီးရှို့မှုတွေကို ရပ်တန့်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကို တောင်းဆိုချင်ပါတယ်။ နောက်ပြီး ဘူးသီးတောင်မြို့နဲ့ အနီးတစ်ဝိုက်က စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေကို သူတို့ မူလဒေသကို ပြန်သွားခွင့်ပေးဖို့လည်း တောင်းဆိုချင်ပါတယ်။”
ဘူးသီးတောင်မြို့ဖြစ်စဉ်နဲ့ပတ်သက်လို့ ဗြိတိန်အခြေစိုက် မြန်မာ- ရိုဟင်ဂျာအသင်း (BRO-UK) အပါအဝင် နိုင်ငံတကာက ရိုဟင်ဂျာအဖွဲ့အစည်း ၂၈ ခုက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ အဓမ္မနေရပ်စွန့်ခွာခိုင်းမှုတွေကို အဆုံးသတ်ဖို့ AA ကို ဖိအားပေးကြဖို့ တောင်းဆိုထားပါတယ်။
AA ရဲ့ ပြောခွင့်ရ ဦးခိုင်သုခကတော့ AA တပ်ဖွဲ့တွေ ဘူးသီးတောင်မြို့ကို မီးရှို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ မမှန်ကန်ကြောင်း အေပီ သတင်းဌာနကို တုံ့ပြန်ပြောဆိုထားပါတယ်။