အပစ်အခတ်ရပ်စဲရေးကနေ RCSS ထွက်ခွာတော့မလား
2018.11.02
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့က နောင်ကျင်းပမယ့် JMC လို့ခေါ်တဲ့ ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီအဆင့်ဆင့် အစည်းအဝေးပွဲတွေ တက်ရောက်ဖို့ ပြန်လည် သုံးသပ်ပြီးမှသာ တက်ရောက်နိုင်မယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~
ရှမ်းပြည်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲကော်မတီဟာ NCA လို့ခေါ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူပါ အချက်အလက်တွေကို လိုက်နာခြင်းမရှိတာ၊ တန်းတူညီမျှမှု၊ တရားမျှတမှုတွေ မရှိတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ RCSS/SSA က ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကျင်းပပြီး နိုဝင်ဘာလ ၁ ရက် မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။
သက်ဆိုင်ရာဒေသတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေး အခြေအနေတွေကိုလည်း လုပ်ဆောင်ကြရတယ်လို့ သိရပါတယ်။
ကြေညာချက်ထုတ်ပြန်ရတာနဲ့ ပတ်သက်လို့ RCSS/SSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဦး က အခုလို ပြောပါတယ်။
"ကျနော်တို့က JMC က ပူးတွဲဖွဲ့စည်းထားတာ၊ တစ်ဖက်ကပဲ ဦးဆောင်ပြီးတော့ တစ်ဖက်ကပဲ အာဏာပေးနေတဲ့ ပုံစံမျိုးမို့ပါ၊ တရားမျှတမှုရှိရမယ်ဆိုတာက ကျနော်တို့က အစည်းအဝေးတွေမှာ မျှတမှုရှိအောင်၊ တန်းတူမှုရှိအောင် ဆွေးနွေးကြရမှာဖြစ်ပါတယ်၊ အခုဟာက JMC ကကျတော့ ပြဿနာတွေကို စုစည်းတဲ့နေရာ၊ ဖြေရှင်းတဲ့နေရာ မဟုတ်ဘဲနဲ့ ပြဿနာတွေကို ဖန်တီးတဲ့နေရာဖြစ်နေတယ်၊ တပ်မတော်ဖက်က ကျနော်တို့ တပ်ဖွဲ့ဝင်တွေကို အပြစ်မရှိပဲ ဖမ်းထားတဲ့ဟာတွေရှိတယ်၊ စစ်ကြောင်းတွေ အရပ်ဝတ်နဲ့ဘာမှလည်းအပြစ်မရှိဘူး ဒါပေမဲ့ JMC မှာ တင်ပြတဲ့အခါမှာ ဒါကတရားဥပဒေအတိုင်းပဲ သွားမယ်ဆိုပြီးတော့ တရားရုံးကို လွှဲပေးလိုက်တယ်၊ တရားရုံး မှာလည်း အမှုတွေရင်ဆိုင်နေတာတွေရှိတယ်၊ ဒါပေမဲ့ တရားရုံးမှာလည်း တပ်ဖက်က လာအပ်တာပဲဆိုပြီးတော့ သူတို့က လိုတာထက်ပိုပြီးတော့ အပြစ်မရှိပဲနဲ့ ဆွဲချနေတာတွေရှိတယ်"
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အခုလို အဖုအထစ်လေးတွေဖြစ်လာလို့ ယုံကြည်မှုတွေ ထပ်မံတည်ဆောက်ရဦးမှာဖြစ်သလို ငြိမ်းချမ်းရေးနောက်ထပ် ရှည်ကြာရဦးမယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
NCA လက်မှတ်ထိုးအပြီး ၃ နှစ်ကြာအတွင်းမှာ JMC ကို တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက သက်ဆိုင်ရာနယ်မြေအလိုက် ပူးတွဲလုပ်ဆောင်ကြတာဖြစ်ပါတယ်။
စစ်ရေးနိုင်ငံရေး လေ့လာသူတစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်ကတော့ အခုလို သုံးသပ်ပါတယ်။
"ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်တဲ့ ယန္တရားရဲ့ ချို့ယွင်းချက်ကို ပြောလိုက်တာပေါ့ဗျာ၊ ကျနော် အဲဒါတွေမရှိဘူးလို့ မပြောပါဘူး၊ RCSS ကတော့ တော်တော်ကို တပ်မတော်ဖက်ကပြောရရင် သူမွေးတဲ့မျောက် က သူ့ပြန်ချောက်တာလို့ ပြောရမယ်၊ အခုက RCSS က သူ့ဖက်က မနိုင်အင်္ဂါတွေဖြစ်လာတဲ့အခါကျတော့ ရှမ်းမြောက်မှာရော KIA နယ်စပ်မှာရော နောက်ပိုင်း TNLA ပါလာတော့ ကိုးကန့် တို့ဘာတို့က ရှုပ်လာတော့မှာ၊ အဲဒီတော့ ဒါတွေက ငြိမ်းချမ်းရေးအတွက် အလားအလာမကောင်းဘူးပေါ့ဗျာ၊ အခုကဗျာ ဒေါ်အောင်ဆန်းစုကြည် တို့ကလည်း ၂ နှစ်လောက်အတွင်း ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အဆင်ပြေချင်တော့ အခုမှစပြီးတော့ ဒရောသော ပါးတွေ လုပ်နေကြတာ၊ အရင်တုန်းကဒါတွေက လုပ်ပါလုပ်ပါလို့ ပြောခဲ့တာ မလုပ်ခဲ့တာ သူတို့ဖက်က အားနည်း ချက်တွေ ရှိခဲ့တာပေါ့ဗျာ၊ ဒါပေမဲ့ အခု ဒီပုံအတိုင်းဆိုရင်တော့ အခြေအနေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ရှေ့မတိုးဘဲနဲ့ နောက်ပြန်ဆုတ်နေတယ်လို့ ကျနော်ကတော့ ပြောချင်တယ်ဗျာ"
JMC အတွင်းရေမှူးတွေဖြစ်ကြတဲ့ တပ်မတော်ဖက်က ဗိုလ်မှူးကြီး ဝဏ္ဏအောင်နဲ့ CNF က ဒေါက်တာ ရွှေခါးတို့ကို RFA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
RCSS/SSA အဖွဲ့အနေနဲ့ အခုနိုဝင်ဘာလအတွင်း ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပမှာဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် စာချုပ်ပါအချက်တွေ၊ အကောင်အထည်ဖော် လုပ်ဆောင်မှုတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲကော်မတီအဆင့်ဆင့်ရဲ့ လုပ်ငန်းတွေကို ပြန်လည် သုံးသပ်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲကော်မတီအဆင့်ဆင့်ရဲ့ အစည်းအဝေးတွေနဲ့ ပတ်သက်လို့ RCSS/SSA ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးတွေရဲ့ ဆုံးဖြတ်ချက်နဲ့သာ လုပ်ဆောင်မယ်လို့ လည်း ထုတ်ပြန်ထားပါတယ်ခင်ဗျာ။