ခွင့်ပြုချက်မရှိဘဲ ဒုက္ခသည်စခန်း ဆောက်လုပ်မှု တားမြစ်ခံထားရ
2020.05.01
ရခိုင်ပြည်နယ်မှာ ရသေ့တောင်မြို့ကို ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် မြို့ပေါ်က မြေကွက်လပ်တစ်ခုမှာ ယာယီတဲအိမ်တွေ ဆောက်လုပ်နေတာကို ယာယီရပ်နားထားလိုက်ရတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက RFA ကို ဒီနေ့ပြောပါတယ်။
ခွင့်ပြုချက်မရှိဘဲ ဒုက္ခသည်တွေအတွက် တဲအိမ်ဆောက်နေတာကို တားမြစ်ဖို့ ဧပြီလ ၂၉ ရက်စွဲနဲ့ ရခိုင်ပြည်နယ်အစိုးရ ညွှန်ကြားချက် ထွက်လာပြီးတဲ့နောက် အခုလို ရပ်နားထားရတာလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောပါတယ်။
“ဒီညွှန်ကြားချက်စာ ထွက်လာတဲ့အခါမှာမှ ကျွန်မတို့က ဒါကိုသိရတာပါ။ အဲဒါကြောင့် ကျွန်မတို့အနေနဲ့ အခုဆောက်နေတဲ့ဟာတွေကိုတော့ လောလောဆယ်မှာ ရပ်ထားတယ်။ ဒါပေမဲ့ ဒီနေရာမှာ မဆောက်ရရင် တောင်မှပေါ့နော် နောက်နေရာပေါ့ မြို့တွင်းထဲမှာ နေရာလေးတွေ တော်တော်များများ ရှိပါသေးတယ်။ အဲဒီနေရာတွေမှာ ဆောက်ရင်လည်း ကျွန်မတို့ အဆင်ပြေနိုင်မလားလို့ ပြန်ပြီးတော့ ညှိနှိုင်းတိုင်ပင်ဖို့ ရှိပါသေးတယ်။ ကျွန်မတို့ဘက်ကတော့ ဒီမိုးမကျခင်ပေါ့နော် သူတို့တွေ အမိုးအကာအောက် လုံခြုံအောင် အားလုံးမဟုတ်ရင်တောင်မှပေါ့နော် တတ်နိုင်သလောက် ကျွန်မတို့ ကူညီပံ့ပိုးနိုင်အောင် ကျွန်မတို့ ညှိနှိုင်းပြီးတော့ ကြိုးစားဆောင်ရွက်သွာဖို့ဖြစ်ပါတယ်”
ရခိုင်မြောက်ပိုင်းမှာ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ တစ်ဦးချင်းအနေနဲ့ဖြစ်ဖြစ်၊ အစုအဖွဲ့အနေနဲ့ဖြစ်ဖြစ် ဒုက္ခသည်တွေအတွက် စုရပ်တွေနဲ့ စခန်းတွေမတည်ဆောက်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်ပိုင်းကပင် မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတာပါ။
အခု ရသေ့တောင်မြို့နယ်မှာ အစိုးရခွင့်ပြုချက်မရှိဘဲ ဒုက္ခသည်စခန်း ဆောက်လုပ်နေတာကို အချိန်မီတားဆီးဖို့ အတွက် ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ နေ့စွဲနဲ့ ဝန်ကြီးချုပ် ဦးညီပု ကိုယ်စား ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း လက်မှတ်ရေးထိုးပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီကို ပေးပို့တဲ့ စာတစ်စောင် ထွက်ပေါ်လာခဲ့တာပါ။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကတော့ တားမြစ်စာကို တိုက်ရိုက် လက်ခံမရရှိ သေးပေမယ့်လည်း လောလောဆယ်မှာ တဲအိမ်ဆောက်လုပ်တာကို ယာယီရပ်နားထားတာလို့ ဆိုပါတယ်။
ရသေ့တောင်မြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် ၈၀၀ ကျော်ရှိပြီး ဘုန်းကြီးကျောင်းခြံဝင်းတွေနဲ့ နီးစပ်ရာတွေမှာ ဖြစ်သလို နေထိုင်နေကြရတဲ့အတွက် လာမယ့်မိုးရာသီမှာ အမိုးအကာအောက်ရောက်ရှိဖို့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက်အဖွဲ့တွေပေါင်းပြီး အလှူရှင်တွေရဲ့ အကူအညီတွေနဲ့ ကြိးပမ်းနေကြတာပါ။
ဒုက္ခသည်အရေး အကူအညီပေးနေတဲ့ စစ်တွေမြို့အခြေစိုက် ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးခိုင်ကောင်းစံက အစိုးရအနေနဲ့ အခုလို တားမြစ်တာမျိုး မလုပ်ခင်ကပင် ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ တွေ့ဆုံစကားပြောတာတွေ လုပ်သင့်တယ်လို့ ထောက်ပြပါတယ်။
“အဓိကကတော့ အစိုးရအနေနဲ့ ဒီလိုထုတ်ပြန်မယ့်အစားပေါ့လေ စမလုပ်ခင်ကတည်းက အစိုးရက သွားပြီးတော့ ရှောင်တိမ်းလာတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက်ကတော့ ဘယ်နေရာမှာ ထားသင့်တယ် ဆိုတဲ့ဟာမျိုးကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် မြို့ပေါ်မှာရှိနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဒါမှမဟုတ်လည်း ဒီအရေးကို ကူညီဆောင်ရွက်နေတဲ့လူတွေနဲ့ တွေ့ဆုံစကားပြောပြီးတော့မှ ဒီနေရာကတော့ ဘယ်လိုဆောက်လုပ်သင့်တယ်၊ ဆောက်ခွင့်ရဖို့ ပြည်နယ်အဆင့်ထိကို တင်ရမယ်ဆိုရင်လည်း ဒါမျိုးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ ကြိုပြီးတော့ လုပ်သင့်တာပေါ့နော်”
ရခိုင်စစ်ဘေးဒုက္ခသည်တွေရဲ့ နေထိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုထားတဲ့ ကျပ်ငွေ ငါးဘီလီလျံ ခန့်ထဲက ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်မြို့နယ်တွေမှာ အစိုးရက ဒုက္ခသည်စခန်း ခုနှစ်ခုကို ပြီးခဲ့တဲ့နှစ် ဇွန်လလောက်ကပင် ဆောက်လုပ်နေပါတယ်။
ဒါပေမဲ့ ရသေ့တောင်မြို့နယ်မှာ အစိုးရဆောက်လုပ်နေတဲ့ စခန်းတွေက ဒီကနေ့ အချိန်တစ်နှစ်နီးပါး ကြာလာတဲ့ အထိ ဆောက်လုပ်တာမပြီးသေးဘူးလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့မှာတော့ ကျေးရွာ ရှစ်ရွာက လူပေါင်း ၅၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကပင် အစိုးရက ဆောက်ပေးထားတဲ့ ရေဖြူကန် ဒုက္ခသည်စခန်းမှာ လာရောက်နေထိုင်နေကြပါတယ်။
ဒါပေမဲ့ စားနပ်ရိက္ခာအတွက် အစိုးရက အပြည့်အဝ တာဝန်ယူတာမရှိလို့ အခက်အခဲ ဖြစ်နေရတယ်လို့ စခန်းတာဝန်ခံက ဆိုပါတယ်။
ရေဖြူကန်ဒုက္ခသည်စခန်း တာဝန်ခံ ဦးထွန်းကျော်ဇံ က အစိုးရစခန်းမှာ လာနေရင် စားနပ်ရိက္ခာဖူလုံရေးအတွက် အစိုးရက တာဝန်ယူမယ်လို့ မျှော်လင့်ခဲ့ပေမယ့် လက်တွေ့မှာတော့ အရပ်ဘက်အဖွဲ့တွေကိုသာ အားကိုးနေရတယ် လို့ ပြောပါတယ်။
“အစိုးရရဲ့အကူအညီက ပြောမယ်ဆိုရင်တော့ အဆင်မပြေဘူးပေါ့။ တကယ်တမ်းကျ ကျွန်တော်တို့ မျှော်လင့်ချက်က ဘာလဲဆိုတော့ ဒါက ပြည်နယ်အစိုးရ ဆောက်ပေးထားတဲ့ ကယ်ဆယ်ရေးစခန်းဖြစ်တယ်။ ဆိုတော့ ဘာပဲဖြစ်ဖြစ် လုံလုံလောက်လောက် ပံ့ပိုးမှုကို ရနိုင်တယ်ပေါ့နော်။ ပထမတော့ ကျွန်တော် အဲလိုစဉ်းစားခဲ့တယ်။ ဒါပေမဲ့ တကယ့်တကယ် လက်တွေ့ နဖူးတွေ့ ဒူးတွေ့ ကြုံလာရတဲ့အချိန်မှာ အားမရဘူး။ မလုံလောက်ဘူးပေါ့နော်။ အဲတော့ ကျွန်တော်တို့က သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ အလှူခံရတယ်။ အဲဒါတွေနဲ့ပဲ စခန်းမှာ လောလောဆယ်ဖြေရှင်းနေရတယ်”
အစိုးရက လွန်ခဲ့တဲ့ ရက်ပေါင်း ၂၀ လောက်က ဆန် ၆၂ အိတ်နဲ့ လူတစ်ဦးကို တစ်နေ့ ငွေငါးရာကျပ်စီ ပေးခဲ့ပြီး အခြားပေးတာမရှိဘူးလို့ ဆိုပါတယ်။
အစိုးရဆောက်ထားတဲ့ ဒီစခန်းမှာ လူပေါင်း ၁၀၀၀ ကျော်လောက် နေထိုင်လို့ရပေမယ့် အခုတော့ အစိုးရက စားနပ်ရိက္ခာတွေ အလုံအလောက်မပေးတာကြောင့် အခြားလာနေချင်တဲ့ ဒုက္ခသည်တွေကိုတောင် လက်မခံဘဲ ငြင်းဆိုထားရတယ်လို့ စခန်းတာဝန်ခံ ဦးထွန်းကျော်ဇံက ပြောပါတယ်။
အလှူရှင်တွေရဲ့အကူအညီနဲ့ ဒုက္ခသည် တဲအိမ်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောက်လုပ်နေတာကို တားမြစ်တဲ့ ကိစ္စနဲ့ အစိုးရက ဆောက်ထားတဲ့စခန်းမှာ လာနေတဲ့သူတွေကိုလည်း အစိုးရက အပြည့်အဝ တာဝန်ယူမပေးတဲ့ ကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရက္ခိုင့်တပ်တော် AA အဖွဲ့အနေနဲ့ ဒုက္ခသည်စခန်းတွေမှာ ညအိပ်ပြီး ခြုံခို တိုက်ခိုက်တာတွေ ရှိခဲ့ဖူးတဲ့အတွက် စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးအပ်တာတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေအနေနဲ့ အခက်အခဲတွေရှိနေပြီး အထူးသတိထားနေရတဲ့အကြောင်း ထည့်သွင်းပြောကြား ထားပါတယ်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ရဲ့စာရင်းတွေအရ ရခိုင်မြောက်ပိုင်းမှာ မနေ့က ဧပြီလ ၃၀ ရက်နေ့အထိ စစ်ဘေးဒုက္ခသည်ဦးရေဟာ တစ်သိန်းခြောက်သောင်းကျော် ရှိနေပါတယ်။