မင်းပြားရွာလူကြီးများ လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို စုပေါင်းတောင်းဆို

သန့်ဇင်ဦး
2020.01.13

စိတ္တရ ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး အဖြစ်မှန်ကိုစုံစမ်းဖော်ထုတ်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို မင်းပြားမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၆၈ ယောက်က စာရေးသားပို့ပေးတောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့ညတုန်းက စိတ္တရကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းရဲ့ နေအိမ်မှာ ဆရာတော်တစ်ပါးနဲ့ ကျေးရွာသား ၂၀ ဝန်းကျင် မီးလှုံနေခိုက်မှာ တပ်မတော်စစ်ကြောင်း ရောက်ရှိလာပြီးတော့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ဦးဉာဏ်သိန်းဟာ သေနတ်ဒင်နဲ့ ခေါင်းကို ထုရိုက်ခံရပြီးမှ ပစ်သတ်ခံလိုက်ရတာလို့  အခင်းဖြစ်ပွားရာမှာရှိနေတဲ့ မျက်မြင်သက်သေတွေက RFA ကို  ဒီလအစောပိုင်းမှာ ပြောဆိုထားကြပါတယ်။

အသက် ၃၉ နှစ်အရွယ်၊ ကလေးမိခင်တစ်ဦးလည်း ကလေးချီပြီးတော့ အိမ်ပေါ်က အဆင်းမှာ အပစ်ခံရလို့ သေဆုံးသွားပါတယ်။ RFA က ဆက်သွယ်မေးမြန်းထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး လေးဦးကလည်း နေအိမ်ခြံဝင်းထဲမှာဖြစ်တာလို့ ထပ်လောင်းပြောဆိုကြပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးတွေ စစ်မက်ဖြစ်ပွားရာဒေသတွေမှာ တရားဥပဒေမဲ့ ပစ်သတ်ခံရတာတွေကို တားဆီးပေးဖို့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးဟာ စွပ်စွဲခံရ၊ သံသယဖြစ်ခံရတယ်ဆိုရင်လည်း ဥပဒေအရပဲ အရေးယူပေးဖို့၊ သတ်ဖြတ်ခဲ့တဲ့ အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ အခုလိုတောင်းဆိုရတာလို့လည်း RFA က ဆက်သွယ်မေးမြန်းထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦးက ပြောဆိုကြပါတယ်။

စိတ္တရ ကျေးရွာအုပ်ချုပ်ရေးမှူးလိုပဲ ဥပဒေမဲ့ သတ်ဖြတ်ခံရမှာကို စိုးရိမ်တဲ့အတွက် အမည်နဲ့ ရုပ်ပုံတွေကို ဖော်ပြခြင်းမပြုဖို့ အုပ်ချုပ်ရေးမှူး လေးဦးက မေတ္တာရပ်ခံကြပါတယ်။ တရားမျှမှုကို တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံး၊ ဒါမှမဟုတ် ပြည်ထဲရေးကို တိုင်တန်းမယ့်အစား ဒေါ် အောင်ဆန်းစုကြည်ထံကို လိပ်မူပြီး ပို့ရတာက သူ့ကိုယုံကြည်တာကြောင့်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

ဦးဉာဏ်သိန်းလို အလားတူဖြစ်ရပ်ဆိုးတွေ ဖြစ်လာမှာကို မင်းပြားက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အင်မတန်စိုးရိမ်နေကြတယ်လို့လည်းပြောပါတယ်။

မိတ္တူကို တပ်မတော်ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်ထောင်စု လွှတ်တော်ဒုဥက္ကဋ္ဌ ဦးအေးသာအောင်ကိုလည်း ပို့ပေးထားတယ်လို့ ပြောကြပါတယ်။ တကယ်လို့ တားဆီးမပေးနိုင်ဘူးဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူး ရာထူးအဖြစ်ကနေ နုတ်ထွက်မယ့်အကြောင်းကိုလည်း တိုင်စာထဲမှာ ထည့်သွင်းတောင်းဆိုထားတယ်လို့ ပြောကြပါတယ်။

နိုင်ငံတော် သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကို RFA ဆက်သွယ်ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

ရက္ခိုင့်တပ်တော် ပြောခွင့်ရ ခိုင်သုခက ရပ်ကျေးဥက္ကဋ္ဌနဲ့ အရပ်သားတွေ ပစ်သတ်ခံနေရတာ ဆက်တိုက်ဆိုသလိုဖြစ်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလိုသတ်ဖြတ်နေတာတွေကို ရပ်တန့်ဖို့အတွက် တစ်စုံတစ်ရာပြောဆိုသင့်ကြောင်းပြောပါတယ်။

တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ တိုင်ကြားစာ ရ၊ မရ မသိသေးကြောင်း၊ တကယ်လို့ တိုင်ကြားလာရင်လည်း လျစ်လျူရှုခြင်း မရှိကြောင်းပြောပါတယ်။ ဒါ့အပြင် စာရေးတောင်းဆိုကြတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့လည်း ရိုးသားဖို့ လိုတယ်လို့ ဆိုပါတယ်။

တပ်မတော်ကတော့ ဦးဉာဏ်သိန်းနဲ့ ဦးကျော်အေးမောင်တို့ ရှိတဲ့နေရာကနေပစ်ခတ်မှုဖြစ်လို့ တပ်မတော်ဘက်က ပြန်ပစ်ရာမှာသေဆုံးတယ်လို့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဆက်စပ်သူ ခုနှစ်ဦးကို ဖမ်းဆီးတယ်လို့လည်းဆိုပါတယ်။ ဒါပေမဲ့ ဖမ်းဆီးခံရသူ ခုနှစ်ဦးထဲက လွတ်မြောက်လာသူတချို့ ပြန်ပြောတာက ဦးကျော်အေးမောင်ဟာ ဖမ်းဆီးခံရပြီးတော့ လမ်းခုလတ်မှာ ပစ်သတ်ခံလိုက်ရတာလို့ပြောကြပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်နှစ်ကျော်ကြာမြင့်လာပြီးတော့၊ စစ်ဘေးရှောင်ဦးရေး တစ်သိန်းဝန်းကျင်ရှိလာပြီလို့ အရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

မင်းပြားက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ အစိုးရက တရားဝင်ခန့်အပ်ခြင်းခံရတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဝန်ထမ်းတွေဖြစ်ပါတယ်။ ထွေအုပ်ဟာ ၂၀၁၈ ဒီဇင်ဘာလအထိ ပြည်ထဲရေး ဝန်ကြီးရဲ့ လက်အောက်မှာ ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ခန့်အပ်လိုက်တဲ့ ပြည်ထောင်အစိုးရအဖွဲ့ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူရဲ့ လက်အောက်ကို တရားဝင်ရောက်ရှိလာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။