ရိုဟင်ဂျာတွေအတွက် UAE ကူညီ/ ODI အကြံပြု


2019.06.10
rohingya-border-622.jpg မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ မွတ်စလင် ဒုက္ခသည်တချို့ကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: AFP

နိုင်ငံတကာပညာရှင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ODI ခေါ် ပင်လယ်ရပ်ခြားနိုင်ငံများဖွံ့ဖြိုးရေးအင်စတီကျုက ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်တဲ့ ရိုဟင်ဂျာအရေးအစီရင်ခံစာနဲ့ UAE နိုင်ငံရဲ့အကူအညီအကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~

ရိုဟင်ဂျာတွေအတွက် UAE ကူညီ/ ODI အကြံပြု

(နေရိန်ကျော်)

■ အာရပ်စော်ဘွားများနိုင်ငံလို့ခေါ်တဲ့ UAE နိုင်ငံရဲ့ ကြက်ခြေနီအဖွဲ့က ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေအတွက် အမေရိကန်ဒေါ်လာ ၁၈ သန်း ရန်ပုံငွေ ကောက်ခံရရှိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့မေလမှာ လူမှုမီဒီယာတွေကနေ အလှူခံသလို ထောင်နဲ့ချီနဲ့လူပုဂ္ဂိုလ်တဦးချင်းရော၊ ပရဟိတ အဖွဲ့အစည်းတွေကရော လှူကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ UAE သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီငွေတွေကို လူဦးရေတသန်းကျော်ဖြစ်နေတဲ့ ဒုက္ခသည်တွေအတွက် သုံးမှာ ဖြစ်ပြီး အထူးသဖြင့် အမျိုးသမီးနဲ့ကလေးတွေကို ဦးစားပေးမယ်လို့ UAE ရဲ့ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ သံအမတ်ကြီး ဆာအိဒ် မိုဟန်းမက် အယ်လ် မအီရီကပြောပါတယ်။

ဒုက္ခသည်စခန်းတွေမှာ ရေသန့်ရဖို့ ရေတွင်းတွေတူးတာ၊ ကျန်းမာရေးအတွက် ဆေးဝါးကူညီတာ၊ အိမ်ရာအတွက် ပလတ်စတစ်မိုးကာစတွေ ပေးတာ၊ စားနပ်ရိက္ခာဝေတာတွေ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ နိုင်ငံတကာပညာရှင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ODI ခေါ် ပင်လယ်ရပ်ခြားနိုင်ငံများဖွံ့ဖြိုး ရေးအင်စတီကျုက ဇွန်လ ၆ ရက်နေ့က အစီရင်ခံစာတစောင်ထုတ်ပြန်ပြီး၊ ရိုဟင်ဂျာတွေအတွက် ဆောင်ရွက်သင့်တဲ့ အချက် ၇ ချက်ကို အဆိုပြုလိုက်ပါတယ်။

အဲဒီအချက်တွေကတော့ (၁) စခန်းတွေထဲကဒုက္ခသည်တွေနေထိုင်ရေးအတွက် သင့်တင့်လျောက်ပတ်တဲ့ ရန်ပုံငွေလုံလောက်အောင် ဆက်ပြီးဆောင်ရွက်ဖို့၊ (၂) ဒုက္ခသည်တွေနဲ့ အကျိုးရှိတဲ့ ဆက်ဆံရေးတွေ ဆောင်ရွက်ဖို့၊ (၃) ကြားကာလတခုအတွက် ရည်မှန်းချက်နဲ့ ပတ်သက်လို့ သဘောထား ဆက်လက်ကောက်ခံနေပြီး ကူညီပံ့ပိုးဖို့၊ (၄) စခန်းစီမံအုပ်ချုပ်မှုနဲ့ စခန်းတွင်းလူတွေကြား ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်ဖို့၊(၅) ဒုက္ခသည်တွေ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ပံ့ပိုးကူညီပေးဖို့၊(၆) ဒုက္ခသည်တွေရဲ့ဆန္ဒကို အခြေပြုဦးစားပေးတဲ့ နိုင်ငံတကာဆွေးနွေးမှုတွေကို အလေးထားဆောင်ရွက်ဖို့၊ (၇) ကော့ဆက်ဘဇားခရိုင်မှာ ကာလတခုအတွက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရန်ပုံငွေရဖို့ တို့ဖြစ်ပါတယ်။

အခန်း ၆ ခန်းပါတဲ့ ODI အဖွဲ့ရဲ့အဲဒီအစီရင်ခံစာမှာ - ရိုဟင်ဂျာတွေအနေနဲ့ နောက် ငါးနှစ်နဲ့ ဆယ်နှစ် အတွင်း မြန်မာပြည်ကို မပြန်ရဘူးဆိုရင် ဘယ်မှာနေချင်လဲဆိုတဲ့ စစ်တမ်းလည်း ဖော်ပြထားပါတယ်။ အဲဒီစစ်တမ်းမှာ ၇၉ ရာခိုင်နှုန်းကတော့ စခန်းတွေမှာ နေချင်ကြပြီး၊ ကိုးရာခိုင်နှုန်းကတော့ ကော့ဆက်ဘဇားခရိုင်က သူတို့ကို လက်ခံမယ့်နေရာမှာ နေချင်ကြတယ်လို့ဆိုပါတယ်။ ခုနှစ်ရာခိုင်နှုန်းကတော့ မိသားစုနဲ့အတူ ဘင်္ဂလားဒေ့ရှ်က ဘယ်နေရာမှာမဆို နေချင်ကြတယ်လို့ ဖော်ပြထားပြီး၊ သုံးရာခိုင်နှုန်းကတော့ တတိယနိုင်ငံတခုကို ပြောင်းရွှေ့ချင်ကြတယ်လို့ ဆိုပါတယ်။ နှစ်ရာခိုင်နှုန်းက တခြားနေရာ တခုခုမှာ နေချင်ကြတယ်လို့ ဆိုပါတယ်။

အစီရင်ခံစာရဲ့နိဂုံးချုပ်မှာတော့ - ရိုဟင်ဂျာတွေဟာ ရေရှည်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရပြီး၊ သားသမီးတွေကို ပညာသင်ပေးချင်တဲ့အကြောင်း၊ မိသားစုနဲ့အတူ အလုပ်လုပ်ပြီး ဘဝထူထောင်ရေးလုပ်ချင်ကြတဲ့အကြောင်းတွေ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။