ပလက်ဝ စစ်ဘေးဒုက္ခသည်တွေ ဆုံးရှုံးနစ်နာမှု များပြား

ဝေမာထွန်း
2020.06.05

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့က စစ်ရှောင်စခန်း ၈ ခုမှာ စစ်ဘေးဒုက္ခသည် ၃၀၀၀ နီးပါး ခိုလှုံနေကြပါတယ်။ စစ်ဘေးဒုက္ခသည်တွေထဲမှာ တိုက်ပွဲကြောင့် မိသားစုနဲ့ တကွဲတပြားဖြစ်နေသူတွေ၊ ကိုယ်လက်အင်္ဂါ ထိခိုက်ခဲ့သူတွေနဲ့ ရရှိဖို့ခက်ခဲတဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားကအစ နေအိမ်အထိ မီးလောင်ဆုံးရှုံးခဲ့သူတွေရှိနေပါတယ်။

ဆမီးမြို့၊ လိပ်ကုန်းရပ်ကွက်က အလယ်တန်းကျောင်း တစ်ကျောင်းမှာ နေထိုင်နေကြတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် ၁၀၀ ကျော်ရှိပါတယ်။

အဲဒီထဲမှာ သက္ကာချောင်းကျေးရွာက ဦးအောင်ခင်းတို့ မိသားစုလည်း ပါဝင်ပါတယ်။

မိသားစုဝင် ၈ ယောက်ရှိပေမယ့်  စစ်ဘေးကြောင့် သူတို့မိသားစုတွေ တစုတစည်းတည်း နေခွင့်မရကြပါဘူး။

သူတို့ ရွာကနေ ဆမီးမြို့ပေါ်ကို ထွက်မလာခင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကတည်းက ဦးအောင်ခင်းဟာ အသက် ၂၀ ခန့်ရှိပြီဖြစ်တဲ့ သမီးနဲ့ ၁၈ အရွယ်သားကို တပ်သား စုဆောင်းရေးထဲ ပါသွားမှာစိုးလို့ ပလက်ဝမြို့ ပေါ်ကို အရင်သွားပို့ခဲ့ပါတယ်။

ရွာမှာ တိုက်ပွဲတွေ ပြင်းထန်လာတော့  ကျန်တဲ့ မိသားစုဝင်တွေပါ ပလက်ဝမြို့ကို လိုက်သွားဖို့ရာ ပြင်ဆင်ခဲ့ပေမယ့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားလို့ ကျန်မိသားစုဝင်တွေကတော့ ဆမီးမြို့မှာ သောင်တင်နေခဲ့ရ ပါတယ်။

ရွာကနေ သူတို့ထွက်လာတော့ ပိုင်ဆိုင်မှုတွေ အားလုံးထားခဲ့ရပါတယ်။

တစ်ပူပေါ် နှစ်ပူဆင့် ဆိုသလိုပါပဲ။ ဆမီးမြို့က စစ်ရှောင်စခန်းမှာ နေရင်းနဲ့ ဦးအောင်ခင်းရဲ့ ၉ လအရွယ် အငယ်ဆုံးသားလေးက လေဖြတ်သွားပါတယ်။

ဆမီးမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စစ်ဘေးကြောင့် မိသားစုဝင်တွေနဲ့ တကွဲတပြား ဖြစ်နေကြသူတွေ၊ မိသားစုဝင် ဆုံးရှုံးခဲ့ရသူတွေနဲ့ ကိုယ်လက်အင်္ဂါ ထိခိုက်ခဲ့သူတွေ မျိုးစုံရှိနေပါတယ်။

အသက် ၇၇ အရွယ် ဦးအောင်လှကတော့ မိတ်စာ (၃) ကျေးရွာက သူ့နေအိမ်ပေါ်ဗုံးကျလို့ ခြေထောက်တစ်ဖက် ဗုံးထိပြီး လှုပ်ရှားလို့ မရဘဲ ဆမီးမြို့ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆမီးမြို့ပေါ်က လူဦးရေ အများဆုံးရှိတဲ့ စည်ပင်ဝင်းထဲက ဒုက္ခသည်စခန်းမှာ ဦးအောင်လှ နေထိုင်နေပါတယ်။

မကြာခင် မိုးကျတော့မှာ ဖြစ်တဲ့အတွက် စခန်းတွေ အတွင်းခိုလှုံနေသူတွေက ကိုယ်နေထိုင်ရာ အဆောက်အဦ တွေကို မိုးလုံအောင် ဝါးတွေနဲ့ ပြင်ဆင် တည်ဆောက်နေတာကိုလည်း တွေ့ခဲ့ပါတယ်။

အစိုးရက ဆမီးမြို့ပေါ်က စစ်ဘေးဒုက္ခသည် တွေကို တစ်နေ့ လူတစ်ဦးကို ဆန်နှစ်ဗူးနှုန်း ထောက်ပံ့ပေးထား ပါတယ်။

တခြားလိုအပ်တဲ့ ဆီ၊ ဆားနဲ့ ပဲတချို့လည်း ပေးပါတယ်။

အလုပ်အကိုင်မရှိတာကြောင့် စစ်ဘေးဒုက္ခသည် မိသားစုတွေဟာ အသား၊ ငါးနဲ့ တခြား လိုအပ်ချက်တွေ အတွက်တော့ သုံးစရာ ငွေမရှိပါဘူး။

ကပ်ရောဂါအတွက် လိုအပ်တဲ့ နှာခေါင်းစည်းတွေ၊ လက်အိတ်တွေ၊ ဆပ်ပြာ၊ လက်သန့် ဆေးရည်တွေကိုလည်း အစိုးရက ဝေငှပေးပါတယ်။

ဒါပေမဲ့လို့ မြေနေရာအခက်အခဲကြောင့် သူတို့ဟာ ခပ်ခွါခွါ နေဖို့မဖြစ်နိုင်ဘဲ တစုတစည်းတည်း နေထိုင် နေကြရပါတယ်။

စစ်ဘေးဒုက္ခသည်တွေထဲမှာ နေအိမ်တွေ မီးလောင်ခံရသူတွေရှိသလို တိုက်ပွဲတွေကြား အသက်လုပြီး ပြေးလာရသူတွေများတဲ့အတွက် ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုတွေ သာမကဘဲ နိုင်ငံသားအသိအမှတ်ပြု မှတ်ပုံတင် ကတ်ပြားတောင် ဆုံးရှုံးသွားသူတွေ အများ အပြားရှိနေပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပလက်ဝမြို့နယ်အတွင်းက တိုက်ပွဲဒဏ်သင့် ကျေးရွာတွေမှာ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ဖို့ နေအိမ်နဲ့ ပိုင်ဆိုင်မှု ဆုံးရှုံးသွားသူတွေရဲ့ စာရင်းတွေ ပြည်နယ်အစိုးရ အဖွဲ့ကို ကောက်ခိုင်းထားပါတယ်။

ပြည်ထောင်စုအစိုးရက ဘယ်လို ညွန်ကြားချက်တွေပဲရှိရှိ လက်ရှိမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာမို့ ဒေသခံတွေ နေရပ်ပြန်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့က ခက်ခဲနေဦးမှာပါ။

တိုက်ပွဲတွေဖြစ်နေသရွှေ့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေဦးမှာမို့ ဦးအောင်ခင်းတို့ မိသားစုတွေ ပြန်ဆုံဖို့အရေးကလည်း ဝေးနေဦးမှာပဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။