အန်အယ်လ်ဒီ အစိုးရက ၆၆ (ဃ) ကို ဘာကြောင့်ဆက်လက် အသုံးပြုနေရသလဲ


2017.01.24

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဟာ အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှုအားနည်းချက်တွေ၊ လုပ်ဆောင်ချက်အမှားတွေကို ဝေဖန်ထောက်ပြမှုမပြုနိုင်အောင် ကာကွယ်ပေးထားပါတယ်။ အဲဒီဥပဒေကို ပြုပြင်ပယ်ဖျက်ပေးဖို့ တောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိပေမယ့် အန်အယ်လ်ဒီ အစိုးရကတော့ ဆက်လက်ကိုင်စွဲသွားဖွယ်ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
~~~~~~~~~~

သောတရှင်များခင်ဗျား

အရပ်သား ဒီမိုကရေစီအစိုးရလို့ဆိုကြတဲ့ အခု NLD အစိုးရလက်ထက်မှာပဲ ဖိနှိပ်မှုအပြင်းထန်ဆုံး ဥပဒေအဖြစ် ၆၆ (ဃ) ကို ရုပ်သိမ်းပယ်ဖျက်ပေးဖို့ တောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ကြားက ဒီဥပဒေကြောင့် အရေးယူခံရမှုတွေ တစစနဲ့ တိုးများလာနေပြီး၊ ဒီဥပဒေရဲ့ ခြောက်လှန့်မှုကြောင့်ပဲ လူထုရဲ့ စိုးရိမ်ထိန့်လန့်မှုတွေလည်း တိုးပွားလို့လာနေပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က ဒီဥပဒေနဲ့ လူ ၄ ဦးလောက်ပဲ အရေးယူခံရတာရှိခဲ့ပေမယ့် အခု NLD အရပ်သား ဒီမိုကရေစီအစိုးရလက်ထက်မှာ အရေးယူခံရသူ အယောက် ၄၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။ အန်အယ်လ်ဒီ အစိုးရသစ်သက်တမ်း တစ်နှစ်ခန့်အတွင်း ဖိနှိပ်မှုတွေ ၁၀ ဆလောက် ပိုပြင်းထန်လာတဲ့သဘော ဖြစ်ပြီး၊ ဒီအတိုင်းဆက်သွားနေရင် ကျန်ရှိနေသေးတဲ့ ၄ နှစ်တာအတွင်း မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့် အခြေအနေဟာ ကြောက်ခမန်းလိလိ စိုးရိမ်ဖွယ်ရာအခြေအနေရှိတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်သူ ဦးရောဘတ်စန်းအောင်ကဆိုရင် ၆၆ (ဃ)ဟာ လူထုကို ဖိနှိပ်တဲ့ လက်စားချေရေးဥပဒေသာဖြစ်ပြီး၊ လုံးဝမရှိသင့် မရှိထိုက်တဲ့ ဥပဒေလို့ ထောက်ပြပါတယ်။

“ဒီဥပဒေကတော့ အရင်အစိုးရက သူ့အစိုးရရဲ့အကာအကွယ်ပေးဖို့အတွက် ပြဌာန်းခဲ့တဲ့ ဖိနှိပ်ရေးဥပဒေတစ်ခုပဲ ဖြစ်တယ်၊ အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေဆိုပြီးလည်းပဲဖြစ်၊ ၂၀၀၄ ခုနှစ်မှာပြဌာန်းတယ်၊ အဲဒါနဲ့တင်အားမရသေးပဲနဲ့ ၂၀၁၃ ခုနှစ်မှာ ထပ်ပြီးတော့ ပြဌာန်းတယ်၊ နှစ်ပင်လိမ်ကြိုးနဲ့ လူထုကိုရိုက်မယ်ဆိုတဲ့ ဥပဒေမျိုးသာဖြစ်တယ်၊ တချို့က ထောင်သာကျသွားတယ် အာမခံမရဘူး စသည်ဖြင့် အများကြီး လူ့အခွင့်အရေးဆုံးရှုံးရပါတယ်”

“အားလုံးအမှုပေါင်း ၄၅ မှုလောက်ရှိပါတယ်၊ ဒီအစိုးရလက်ထက်မှာတော်တော်များလာတာပေါ့နော်၊ အရင်အစိုးရလက်ထက်မှာ ချစ်သမီး (ခေါ်) ချောစန္ဒီထွန်းက ပထမဆုံးအမှုပဲ၊ နောက် ဇော်မျိုးညွန့်၊ မောင်ဆောင်းခ၊ အဲဒါ ဟိုဘက်အစိုးရသက်တမ်း။ အဲဒါ (၄) ခုလောက်။ ဒီဘက်ပိုင်းမှာက ဖေတော့ မောင်တော့လည်း ၆၆(ဃ)၊ SMS ပို့လည်း ၆၆(ဃ)၊ လိုက်ခ် (Like)၊ ကွန်းမန့် (Comment)၊ ရှဲ (Share) အားလုံး ၆၆ (ဃ)ဆိုတော့ အမှုတွေက ပွားများလာတာပေါ့။ အဲဒါကြောင့်မို့လို့ Freedom of Expression (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်) ကို ထိခိုက်စေပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒါကို Revenge Law လို့တောင်မှ ပြောမယ်ဆိုရင် ပြောလို့ရတဲ့အဆင့်ဖြစ်သွားပြီ၊ လက်စားချေတဲ့ ဥပဒေပေါ့၊ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က လက်မခံတာ၊ လုံးဝမရှိသင့်၊ မရှိထိုက်ဘူး၊ Cyber Law အစစ်လည်း မဟုတ်ဘူး”

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ေဟာင်းတစ်ဦးဖြစ်သူ ဦးဖုန်းမြင့်အောင်ကလည်း ဒီဥပဒေဟာ အရင်အစိုးရလက်ထက်က ပြဌာန်းခဲ့တာမှန်ပေမယ့် ဒီမိုကရေစီ အရပ်သား NLD အစိုးရက လက်နက်သဖွယ် ဆက်လက်ကိုင်စွဲ အသုံးပြုနေတဲ့အပေါ် အခုလို ဝေဖန်ပါတယ်။

“အရင်တုံးကတော့ဗျာ၊ ပြောမယ်ဆိုလို့ရှိရင်တော့ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာ ဒီဥပဒေလုပ်တာကိုး၊ သူတို့ကတော့ သူတို့ကာဗာဖြစ်အောင်လုပ်တာ၊ အဲဒီတုံးကတော့ အန်အယ်လ်ဒီက မကြိုက်ဘူး၊ ဒါပေမယ့် အခု အန်အယ်လ်ဒီအစိုးရဖြစ်တော့လည်း ပြည်ခိုင်ဖြိုးအစိုးရကြိုက်သလိုမျိုးသူက ပြန်ကြိုက်တာပေါ့ဗျာ၊ သူကလည်း ဟုတ်လား…သူ့ကို မထိနဲ့၊ ထိရင်တော့ သူ့မှာ ဒါအတူတူ သူ့အတွက် တုတ်လိုဖြစ်သွားတာပေါ့”

“အစိုးရကို ထိလို့မရဘူး၊  အစိုးရက ဘာပဲပြောပြော သူ့ကို မျက်စိမှိတ်ပြီးထောက်ခံတဲ့သူရှိတယ်ဗျာ၊ အဲဒီတော့ အဲဒီဘက်ကလည်း သူ့အတွက်အားရှိတာကိုး၊ အဲဒီတော့ အားရှိတော့ တော်ရုံတန်ရုံလိုဟာ မျက်စိပွင့်တဲ့လူ ကတော့ ဒီဟာနဲ့ ဒီမီဒီယာနဲ့ နှိပ်ကွပ်လို့ မရဘူးဆိုတဲ့ဟာပေါ်လာတယ်၊ အခုဟာက ပုံနှိပ်မီဒီယာလည်း ကျသွားပြီဗျာ၊ ပုံနှိပ်မီဒီယာလည်း အရင်လောက်၊ အရင်ဦးသိန်းစိန်လက်ထက်လောက် မီဒီယာ မဖြစ်တော့ဘူး၊ ဒီဂျစ်တယ်မီဒီယာမှာပဲ အဓိကအားကောင်းတဲ့အချိန်မှာ ဒီဂျစ်တယ်မီဒီယာမှာကျတော့ ဒီလက်နက်က အစိုးရအတွက်က သူ့အတွက် အခွင့်အရေးတစ်ခုဖြစ်နေတာပေါ့ဗျာ၊ အဲဒီတော့ ကိုယ့်ဟာကို ဒုက္ခရောက်အောင်တော့ အစိုးရက ဘယ်လုပ်မလဲဗျ”

အသရေဖျက်မှု ပုဒ်မ ၅၀၀ ထက် အဆပေါင်းများစွာ ဖိနှိပ်မှုပြင်းထန်တဲ့ ဒီ ၆၆ (ဃ) ဆက်သွယ်ရေး ဥပဒေကြောင့် အခုဆိုရင် ပုံနှိပ်မီဒီယာတွေအပြင် အင်တာနက် အွန်လိုင်းမီဒီယာတွေမှာပါ လွတ်လပ်စွာ ရေးသားပြောဆို ဝေဖန်ထောက်ပြခွင့်တွေ ဆုံးရှုံးထိခိုက်လာပြီလို့ သတင်းစာဆရာတစ်ဦးဖြစ်သူ ဦးမြင့်ကျော်က ပြောပါတယ်။

“ကျွန်တော်တို့က ပြီးခဲ့တဲ့နှစ်တွေမှာ ပုဒ်မ (၅၀၀) ကိုတောင် ပြစ်မှုဆိုင်ရာဥပဒေထဲကနေ တရားမမှုထဲကို ပြောင်းဖို့အတွက် ကြိုးစားနေတဲ့အချိန်မှာ အခုဒီ ၆၆(ဃ) က ဒီထက်ပိုပြီးတော့ ၅ ဆလောက်ဆိုးတဲ့ဟာမျိုး ဖြစ်လာတော့ ဒီဟာက သတင်းသမားတွေအတွက်ရော၊ သတင်းရေးသားမှုတွေမှာရော အသရေဖျက်မှုဖြစ်စေနိုင်တယ်လို့ အဲဒီလိုမျိုး စိတ်ထဲမသိုးမသန့်ဖြစ်ရင် အဲဒီဟာမျိုးကို အွန်လိုင်းပလက်ဖောင်းပေါ်တင်ဖို့တို့၊ အဲဒီလိုဟာမျိုးကို ရေးဖို့တို့၊ အွန်လိုင်းပလက်ဖောင်းသုံးနေတဲ့ မီဒီယာတွေအဖို့ အဲဒါမျိုးကိုရေးဖို့ကို တော်တော်လေးကို ဝန်လေးလာကြတယ်၊ တော်တော်လေးကို သတိထားလာကြတာပေါ့နော်၊ အဲလိုသတိထားလာတာက ဝေဖန်ထောက်ပြမှု၊ လွတ်လပ်စွာရေးသားမှုကို သွားပြီးထိခိုက်တာ တွေ့ရပါတယ်”

ဒီဥပဒေကို ပြင်ဆင်ပေးဖို့ (ဒါမှမဟုတ်) ရုတ်သိမ်းပေးဖို့ဆိုပြီး အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက အန်အယ်လ်ဒီအစိုးရသစ်တက်လာပြီး မရှေးမနှောင်းမှာကတည်းက တောင်းဆိုခဲ့ကြတာ အခုဆိုရင် နှစ်နဲ့ချီ ရှိလာပါပြီ။ တချို့လည်း ဒီမိုကရေစီအစိုးရတစ်ရပ်ရဲ့ သွင်ပြင်လက္ခဏာနဲ့ လိုက်လျောညီထွေကိုက်ညီစွာ ပြင်ဆင်တန်ကောင်းရဲ့လို့ မျှော်လင့်နေကြဆဲပါ။ လူ့အခွင့်အရေး ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုရင်…

“လူထုက လူ့အခွင့်အရေးဆုံးရှုံးရတယ်၊ ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် (၁၉) ကို ထိခိုက်စေတဲ့ ပြဌာန်းချက်ဖြစ်တော့ ဒီအခု ပြန်လည်စတင်မယ့်လွှတ်တော်မှာတော့ ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဒါမှလည်းပဲ ပိုပြီးတော့ ကောင်းမှာပေါ့။ အခုဟာက ကြည့်လေ၊ လာပြန်ပြီတခါ သူရဦးရွှေမန်းကိစ္စ..ဟော၊ သူရိယနေဝန်းနဲ့ပတ်သက်ပြီးတော့ ပြဿနာလုပ်လာပြန်ပြီ၊ အဲဒီတော့ ဖိနှိပ်ရေးဥပဒေဆိုတာတော့ ထင်ထင်ရှားရှားရှိနေပြီ၊ အခုသူရဦးရွှေမန်းတဘက်ကလည်း ပြင်ဖို့အတွက် လွှတ်တော်ကိုတင်မယ်လို့ ပြောနေတဲ့အချိန်မှာပဲ သူ့ကိုထိခိုက်တဲ့ကိစ္စအတွက် သူ့တပည့်တစ်ယောက်က မင်္ဂလာဒုံမှာ သူရိယနေဝန်းကပုဂ္ဂိုလ်တွေကိုအမှုဖွင့်တယ်ဆိုတော့ လူထုက နားလည်ရတော်တော်ခက်နေပြီ ဒီဥစ္စာက…ပြင်မှပြင်ပါ့မလားလို့ဆိုပြီးတော့ သံသယတွေတော့ အများကြီးထွက်လာတယ်၊ အဲဒါရဲ့ ဆိုးကျိုးဟာ အမြောက်အများခံနေရပါတယ်”

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ရဲ့ သုံးသပ်ချက်အရတော့ အန်အယ်လ်ဒီအစိုးရအနေနဲ့ ဒီဥပဒေကို ပြင်ဆင်ဖို့ လမ်းမမြင်ဘူးလို့ ဆိုပါတယ်။

“မပြင်ဘူး၊ မပြင်ဘူးဆိုတာ ဘာလို့လဲဆိုတော့၊ သူ့ဘက်ကလည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုတော့ သူကလည်း သူ့ဘက်က အခြေအနေတွေမကောင်းတာ သိတယ်ဗျာ၊ သူလှုပ်ရှားလို့ လုပ်လို့မရတဲ့အခါမျိုးမှာ လူတွေက သူ့ကို ဒီဘက်မှာ ပြန်ပြီးမဲလာနိုင်တယ်၊ လူတွေပိုပြီးမျက်စိပွင့်လာနိုင်တဲ့ဟာမျိုးကိုကျတော့လည်း သူလက်မခံဘူး၊ မျက်စိမှိတ်ပြီး သူ့ကိုယုံကြည်တဲ့သူတွေနဲ့ပဲဆက်ေလျှာက်ဖို့ဆိုလို့ရှိရင်တော့ ဒီပစ္စည်းက ..ဒီလက်နက်က လိုနေဦးမှာပဲ”

ဒါကတော့ မြန်မာပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့် ဝေဖန်ထောက်ပြခွင့်တွေကို ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) နဲ့ ပတ်သက်လို့ လေ့လာသုံးသပ်သူတွေရဲ့ အမြင်တွေကို တင်ပြခဲ့တာပါ။ ဒီဥပဒေဆက်လက်ကျင့်သုံးမှုကြောင့် မြန်မာနိုင်ငံရဲ့ လွတ်လပ်ခွင့် အခြေအနေဟာ ပိုဆိုးဝါးလာနေတယ်ဆိုပြီး Freedom House လို နိုင်ငံတကာ လွတ်လပ်ခွင့်တိုင်းတာရေး အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာ သတ်မှတ်ဖော်ပြခံရနိုင်ချေရှိတယ်လို့လည်း လေ့လာသူတွေက ဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။