တော်လှန်ရေးတပ်ဖွဲ့တွေမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု မြှင့်တင်ဖို့ လိုအပ်ကြောင်း USIP ပြော

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေမှာ အမျိုးသမီးတွေရဲ့ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ပေးဖို့လိုတယ်လို့ အမေရိကန်အစိုးရရဲ့ငြိမ်းချမ်းရေးအင်စတီကျုက အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
အခုအချိန်မှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ အင်အားချိနဲ့လာနေပြီး တော်လှန်ရေးအင်အားစုတွေ ပိုအားကောင်းလာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်ရေး ပြန်လည်ထူထောင်နိုင်ဖို့ အရေးတကြီး လိုအပ်လာတဲ့အကြောင်း ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေအနေနဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူဆောင်ရွက်မယ့် လုံခြုံရေးတပ်ဖွဲ့တွေမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေးဖို့ လိုအပ်နေတဲ့အကြောင်း အစီရင်ခံစာမှာ သုံးသပ်ဖော်ပြထားပါတယ်။
"အခုအချိန်မှာ ဒီဒေသခံလုံခြုံရေးအဖွဲ့တွေပေါ်လာတာ တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရဲတပ်ဖွဲ့မျိုး ဖြစ်လာအောင် ပြောင်းလဲဖို့ အခွင့်အလမ်းလည်း ဖြစ်ပါတယ်။"
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့တော်လှန်ရေးအဖွဲ့တွေ တည်ထောင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ မပြီးဆုံးသေးတဲ့ တော်လှန်ရေး ကာလအတွင်းမှာ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိရုံတင်မကဘဲ အနာဂတ်မှာဖြစ်လာမယ့် ဒီမိုကရေစီအစိုးရရဲ့ ရှေ့ပြေးနိမိတ်လည်း ဖြစ်လိမ့်လာမှာ ဖြစ်တဲ့အတွက် အတိတ်က ရဲတပ်ဖွဲ့ရဲ့အမှားတွေကို ရှောင်ရှားနိုင်ဖို့ လိုတဲ့အကြောင်းလို့ ဒီအစီရင်ခံစာကို ပူးတွဲရေးသားသူ USIP သုတေသီ Gabriela Sagun က RFA ကို ပြောပါတယ်။
“မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေ အခြေအနေပိုဆိုးလာတာနဲ့အမျှ ဒေသခံလုံခြုံရေးအဖွဲ့တွေတည်ထောင်ပြီး၊ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးအတွက် တာဝန်ယူတဲ့ပုံစံ ဖြစ်လာနေတာတွေ့ရပါတယ်။ ဒါပေမဲ့လည်း အတိတ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ရက်စက်ကြမ်းကြုတ်ပြီး ပြည်သူတွေအပေါ် မတရားပြုမူခဲ့တဲ့အစဉ်အလာရှိနေခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေအကြားမှာ လုံခြုံရေးတပ်ဖွဲ့တွေကို မယုံကြည်မှုတွေ နက်နက်ရှိုင်းရှိုင်းရှိနေပါတယ်။ အခုအချိန်မှာ ဒီဒေသခံလုံခြုံရေးအဖွဲ့တွေပေါ်လာတာ တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရဲတပ်ဖွဲ့မျိုး ဖြစ်လာအောင် ပြောင်းလဲဖို့ အခွင့်အလမ်းလည်း ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာရဲတပ်ဖွဲ့ရဲ့လုပ်ရပ်တွေရဲ့သားကောင်ဖြစ်ရလေ့ရှိတဲ့ အမျိုးသမီးတွေအတွက် အချိန်ကောင်းဖြစ်ပါတယ်။ အခုလို လုံခြုံရေးအဖွဲ့တွေ၊ ဒေသခံရဲတပ်ဖွဲ့တွေ တည်ထောင်တဲ့နေရာမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုကို ဦးစားပေး မြှင့်တင်သွားဖို့ လိုပါတယ်”
ဒီအစီရင်ခံစာထဲမှာ MPF လို့ အတိုကောက် ရည်ညွန်းဖော်ပြထားတဲ့ မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဟာ အရပ်သား ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတွေ ကျူးလွန်လေ့ရှိတာ၊ တိုင်းရင်းသားလူနည်းစုနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တိုက်ခိုက်တာနဲ့ ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် အပြစ်ပေးအရေးယူခြင်းမခံရတာ စတဲ့ အစဉ်အလာတွေ ရှိနေပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အင်အားကောင်းလာတာနဲ့အမျှ အသစ်ပေါ်ထွန်းလာမယ့် မြန်မာနိုင်ငံရဲ့လုံခြုံရေးတပ်ဖွဲ့ဟာ အတိတ်က စရိုက်ဆိုးတွေကို ဆက်လက်ကျင့်သုံးတာမျိုး မဖြစ်စေဖို့၊ အသစ် ပေါ်ပေါက်လာနေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေးဖို့ လိုတယ်လို့ USIP အစီရင်ခံစာက သုံးသပ်ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ယဉ်ကျေးမှုအစဉ်အလာအရကော မူဝါဒပိုင်းအရပါ ရဲတပ်ဖွဲ့မှာ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့ အကန့်အသတ်အမျိုးမျိုးရှိနေပြီး အာဏာမသိမ်းခင်က ရဲတပ်ဖွဲ့ဝင် ၇၂ဝဝဝ ရှိတဲ့အနက် အမျိုးသမီးတပ်ဖွဲ့ဝင် လေးရာခိုင်နှုန်းအောက်ပဲရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာရဲတပ်ဖွဲ့ဝင်တွေဟာ အမျိုးသမီးတွေနဲ့ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်ဆင်နေထိုင်သူ transgander အမျိုးသမီးတွေကို ဖမ်းဆီးထိန်းသိမ်းရာမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ကျူးလွန်လေ့ရှိတဲ့ အလေ့အထရှိတဲ့အကြောင်း၊ အာဏာသိမ်းပြီးတဲ့နောက်မှာလည်း ဒီအစဉ်အလာအတိုင်း ဆက်ဖြစ်နေတယ်လို့ CDM လှုပ်ရှားမှုထဲမှာ ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ မေးမြန်းချက်တွေကို အခြေခံပြီး ဖော်ပြထားပါတယ်။
အခုအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒီမိုကရေစီလိုလားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အားလုံးရဲ့ ၁၅ ရာခိုင်နှုန်းက အမျိုးသမီးတပ်ဖွဲ့ဝင်တွေ ဖြစ်ပေမယ့် ဒီအဖွဲ့တွေရဲ့ခေါင်းဆောင်မှုအပိုင်းမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက အားနည်းနေသေးတယ်လို့ USIP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

USIP က ပြုလုပ်တဲ့ သုတေသနတွေမှာ အသစ်ပေါ်ထွန်းလာတဲ့ လူထုအခြေပြုရဲတပ်ဖွဲ့တွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ထက် ပိုပြီး အပြုသဘောဆောင်တဲ့ အမြင်တွေကို တွေ့ခဲ့ရတယ်လို့ USIP သုတေသီ Gabriela Sagun က ပြောပါတယ်။
“အခုလို တော်လှန်ရေးလှုပ်ရှားမှုတွေ ဖြစ်နေတဲ့အချိန်မှာ အသစ်ပေါ်လာတဲ့ ရဲတပ်ဖွဲ့တွေကို မြန်မာရဲတပ်ဖွဲ့နဲ့ ယှဉ်ရင် ပိုပြီး အကောင်းမြင်ကြတာ တွေ့ရပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ပါဝင်မှုကို ဒီထက်မက တိုးချဲ့လို့ ရပါသေးတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲကတွေ တည်ထောင်ထားတဲ့ ရဲတပ်ဖွဲ့တွေမှာ အမျိုးသားတွေက လူများစု ဖြစ်နေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်ပိုင်းတွေမှာ အမျိုးသမီးတွေကို တွေ့ရနည်းနေပါသေးတယ်။ ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူလူထုထဲက အမျိုးသမီးတွေရဲ့ အသံကို နားထောင်ဖို့ လိုပါတယ်။ ဒါမှလည်း ဒေသခံပြည်သူတွေရဲ့လိုလားချက်တွေနဲ့ ကိုက်ညီတဲ့ ရဲတပ်ဖွဲ့မျိုးပေါ်ထွက်လာမှာ ဖြစ်ပါတယ်”

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ဟာ အမျိုးသားတွေ ကြီးစိုးထားပြီး အကြမ်းဖက်မှုကို အားပေးလိုတဲ့သဘာဝရှိတဲ့အတွက် အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေဟာ ဒီအစဉ်အလာကနေ ပြောင်းလဲဖို့ လိုအပ်တယ်လို့ သုံးသပ်ထားပါတယ်။
အခုဆိုရင် ဒီမိုကရေစီအင်အားစုတွေဟာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို မြှင့်တင်မယ့် Women Peace and Security (WPS) မူဝါဒကို ချမှတ်ထားပြီး ဒီအတိုင်း အပြည့်အဝအကောင်အထည်ဖော်နိုင်မယ်ဆိုရင် နိုင်ငံတကာနဲ့မြန်မာပြည်သူတွေရဲ့အမြင်မှာ စစ်ကောင်စီနဲ့ကွာခြားချက်ကို သိသာထင်ရှားစေမှာ ဖြစ်တဲ့အတွက် NUG ရဲ့တရားဝင်ဖြစ်မှုကို ပိုမိုအားကောင်းစေလိမ့်မယ်လို့ အစီရင်ခံစာမှာ သုံးသပ်ဖော်ပြထားပါတယ်။